မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၈၇

ယေရှုရဲ့ နောက်ဆုံးညစာစားပွဲ

ယေရှုရဲ့ နောက်ဆုံးညစာစားပွဲ

ဂျူးတွေ​က နိသန်​လ ၁၄ ရက်မှာ နှစ်​တိုင်း ပသခါပွဲ ကျင်းပ​ကြ​တ​ယ်။ ဒါက အီဂျစ်ပြည်မှာ သူတို့ ကျွန်ခံခဲ့ရ​တဲ့​ဘဝက​နေ လွတ်မြောက်ပြီး ကတိထားရာပြည်​ဆီ ယေဟောဝါ ပို့ဆောင်​ပေးတာကို သတိရ​စေဖို့ ဖြစ်တယ်။ အေဒီ ၃၃ မှာ ယေရှုဟာ တမန်တော်​တွေနဲ့​အတူ ဂျေရုဆလင်မြို့​က အပေါ်ထပ် အခန်း​တစ်ခုမှာ ပသခါပွဲ​ကို ကျင်းပ​ခဲ့တယ်။ စား​ပြီး​တဲ့အခါ ယေရှုက ‘ခင်ဗျား​တို့​ထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်​လိမ့်မယ်’ လို့ပြောတယ်။ တမန်တော်​တွေ လန့်​သွားပြီး ‘ဘယ်သူ​လဲ’ လို့ ယေရှုကို​မေး​တော့ ‘ဒီ​မုန့်​ကို ကျွန်တော်​ပေးတဲ့​သူ’ လို့​ဖြေ​ပြီး ယုဒရှကာရုတ်​ကို လှမ်းပေး​လိုက်တယ်။ ယုဒ​ဟာ ချက်ချင်း​ပဲ အခန်း​ထဲကနေ ထွက်သွားတယ်။

ဒီ​နောက် ယေရှု​ဆုတောင်းပြီး မုန့်​ကို​ဖဲ့​တ​ယ်၊ ကျန်​တဲ့​တမန်တော်​တွေကို ကမ်းပေးပြီး ‘ယူစားကြပါ။ ဒါဟာ ကျွန်တော်​ပေးမယ့် ကျွန်တော့်ကို​ယ်​ခန္ဓာ​ကို ကိုယ်စားပြု​တ​ယ်’ လို့ပြောတယ်။ ပြီးတော့ ဝိုင်​အတွက် ဆုတောင်းပြီး တမန်တော်​တွေကို ကမ်းပေး​တ​ယ်။ ‘သောက်​ကြပါ။ ဒါဟာ အပြစ်​ခွင့်လွှတ်ခံရ​ဖို့ လူတွေ​အတွက် သွန်းလောင်း​မယ့် ကျွန်တော့်​ရဲ့​သွေး​ကို ကိုယ်စားပြု​တ​ယ်။ ခင်ဗျား​တို့ဟာ ကျွန်တော်​နဲ့အတူ ကောင်းကင်မှာ ဘုရင်တွေဖြစ်ရ​လိမ့်မယ်။ ကျွန်တော့်ကို သတိရ​ဖို့ ဒီ​ပွဲ​ကို နှစ်​တိုင်း​ကျင်းပ​ပါ’ လို့ပြောတယ်။ နှစ်​တိုင်း အဲဒီနေ့ရောက်ရင် ယေရှုရဲ့ နောက်လိုက်​တွေဟာ စုဝေး​ပြီး ဒီ​ပွဲကျင်းပ​နေကြ​တုန်းပဲ။ အဲဒီ​ပွဲ​ကို အခုအချိန်မှာ သခင့်​ညစာ​စားပွဲ ဒါမှမဟုတ် အောက်မေ့ရာပွဲ​လို့ ခေါ်တယ်။

စား​လည်း​ပြီး​ရော တမန်တော်​တွေ​က ဘယ်သူ အကြီးမြတ်ဆုံး​လဲ​ဆိုပြီး ငြင်းခုံ​ကြ​တ​ယ်။ ယေရှု​ကြား​တော့ ‘အကြီးမြတ်ဆုံး​သူဟာ အငယ်ဆုံး​လို၊ အရေးမပါ​ဆုံး​သူ​လို ဖြစ်​ရမယ်။

‘ခင်ဗျား​တို့ဟာ ကျွန်တော့်​မိတ်ဆွေတွေ​ပါ။ အဖ ပြော​စေချင်​တာ​အားလုံး ခင်ဗျား​တို့​ကို ပြောပြ​ပြီးပြီ။ မကြာခင် အဖ​ရှိတဲ့​ကောင်းကင်​ကို ကျွန်တော်​သွား​ရ​တော့မယ်။ ခင်ဗျား​တို့​က ကျန်ရစ်​ခဲ့​မယ်။ ခင်ဗျား​တို့ အချင်းချင်း​ပြ​တဲ့ မေတ္တာ​ကြောင့် ခင်ဗျား​တို့ဟာ ကျွန်တော့်​တပည့်တွေ​ဖြစ်မှန်း လူတွေ သိ​ကြ​ရ​လိမ့်မယ်။ ကျွန်တော်​ချစ်​သလို အချင်းချင်းချစ်​ကြပါ’ လို့ ယေရှု ပြောတယ်။

နောက်ဆုံး၊ တပည့်​အားလုံးကို ယေဟောဝါ ကာကွယ်​ပေးဖို့၊ သူတို့ စည်းစည်းလုံးလုံး​နဲ့ အတူ လုပ်ဆောင်​နိုင်​ဖို့ ယေရှု ဆုတောင်း​တ​ယ်။ ယေဟောဝါ​နာမတော် သန့်ရှင်းမြင့်မြတ်​ပါစေ​လို့လည်း ဆုတောင်းပြီး​တော့ ယေရှုနဲ့ တမန်တော်​တွေဟာ ယေဟောဝါကို ချီးမွမ်းသီချင်း​ဆိုပြီး ထွက်သွား​ကြ​တ​ယ်။ ယေရှု အဖမ်းခံရ​မယ့်​အချိန် နီး​လာပြီ။

“သိုးစုငယ်၊ မကြောက်​ပါနဲ့။ အဖဘုရားက ခင်ဗျား​တို့​ကို နိုင်ငံ​တော်​ပေးဖို့ ဆုံးဖြတ်ပြီးပြီ။”—လုကာ ၁၂:၃၂