မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၄

ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့သင့်တယ်

ဘုရားသခင်ကို ချစ်တဲ့သူတွေနဲ့ မိတ်ဖွဲ့သင့်တယ်

မိတ်ဆွေ​ဆိုတာ တို့တစ်တွေ ပေါင်း​ချင်သင်း​ချင် စကားပြော​ချင်တဲ့ လူတွေ ဖြစ်တယ်။ ဒါပေမဲ့ မိတ်​ကောင်း​ဆွေ​ကောင်း ဖြစ်ဖို့​တော့ အရေးကြီးတယ်။ တို့တစ်တွေရဲ့ အကောင်းဆုံး မိတ်ဆွေဟာ ဘယ်သူ ဖြစ်မယ် ထင်သလဲ။— ဟုတ်တာပေါ့၊ ယေဟောဝါ​ဘုရား​ပဲ​ပေါ့။

တို့တစ်တွေဟာ ဘုရားသခင်ရဲ့ မိတ်ဆွေ တကယ်​ဖြစ်နိုင်သလား။— ဟိုး​ရှေးရှေးတုန်းက အသက်ရှင်ခဲ့​တဲ့ အာဗြဟံ​လို့​ခေါ်တဲ့ လူတစ်ယောက်ဟာ “ယေဟောဝါရဲ့ မိတ်ဆွေ” ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၂:၂၃) ဘာကြောင့် ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်​ရသလဲ သိသလား။— အာဗြဟံဟာ ဘုရားသခင်ကို နာခံလို့​ဆိုပြီး ကျမ်းစာက အဖြေ​ပေးထားတယ်။ အင်မတန် ခက်တဲ့​အလုပ်ကို လုပ်​ခိုင်း​တာ​တောင် နာခံခဲ့တယ်။ ဒါကြောင့် ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်ဖို့ဆိုရင် အာဗြဟံ လုပ်ခဲ့သလို၊ ကြီးမြတ်တဲ့​ဆရာ အမြဲတမ်း လုပ်သလို ဘုရားသခင် အလိုတော်အတိုင်း လုပ်​ရမှာ​ဖြစ်တယ်။—ကမ္ဘာဦး ၂၂:၁-၁၄။ ယောဟန် ၈:၂၈၊ ၂၉။ ဟီဘရူး ၁၁:၈၊ ၁၇-၁၉

အာဗြဟံဟာ ဘာကြောင့် “ယေဟောဝါရဲ့ မိတ်ဆွေ” ဖြစ်​ရသလဲ

ကျွန်တော့်​ပညတ်ကို လိုက်နာမယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​မိတ်ဆွေ​တွေ​ပဲ” လို့ တမန်တော်​တို့ကို ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၄) လူတွေကို ယေရှု ပြော​ဟောသ​မျှ​ဟာ ယေဟောဝါ​ဆီက လာတာ​တွေ ဖြစ်တဲ့အတွက် ယေရှုရဲ့ မိတ်ဆွေ​ဆိုရင် ဘုရား​လုပ်​ခိုင်း​တာ မှန်သမျှကို လုပ်တဲ့​လူတွေ​လို့ ယေရှု ပြော​နေတာ။ ဟုတ်​ပါတယ်၊ ယေရှုရဲ့ မိတ်ဆွေ​အားလုံးဟာ ဘုရားသခင်ကို ချစ်တဲ့​သူတွေ​ချည်း​ပဲ။

ကြီးမြတ်တဲ့​ဆရာရဲ့ အရင်းနှီးဆုံး မိတ်ဆွေ​တချို့ဟာ တမန်တော်တွေ ဖြစ်ကြတယ်၊ သူတို့ရဲ့​ပုံကို ဒီ​စာအုပ် စာမျက်နှာ ၇၅ မှာ တွေ့နိုင်တယ်။ သူတို့တစ်တွေဟာ ယေရှုနဲ့အတူ ခရီးသွား​ကြတယ်၊ ဟောပြောခြင်း​လုပ်ငန်းမှာ ကူညီပေး​ကြတယ်။ ယေရှုဟာ ဒီ​လူတွေနဲ့ အချိန်​အများကြီး ပေးပြီး ပေါင်းဖော်​ခဲ့​တယ်။ အတူတူ စားသောက်​ကြတယ်။ ဘုရားသခင်​အကြောင်း အတူတူ ပြော​ကြတယ်။ ပြီးတော့ တခြား​အလုပ်တွေကို​လည်း အတူတူ လုပ်ကြတယ်။ ဒါပေမဲ့ ယေရှုမှာ တခြား​မိတ်ဆွေတွေလည်း အများကြီး ရှိသေးတယ်။ ယေရှုဟာ သူတို့​အိမ်မှာ သွား​တည်း​ပြီး သူတို့နဲ့ ပျော်ပျော်ပါးပါး နေခဲ့တယ်။

ဂျေရုဆလင်​မြို့ကြီး​ရဲ့ အပြင်ဘက်မှာ​ရှိတဲ့ ဗေသနိ​ရွာလေးမှာ မိသားစု​တစ်စု ရှိတယ်။ ယေရှုဟာ သူတို့နဲ့​အတူတူ နေထိုင်​ရတာ သိပ်​ပျော်တယ်။ သူတို့​နာမည်ကို မှတ်မိသလား။— မာရိ၊ မာသနဲ့ သူတို့ရဲ့​မောင် လာဇရု​တို့​ပေါ့။ ယေရှု​က လာဇရု​ကို မိတ်ဆွေ​လို့ ခေါ်တယ်။ (ယောဟန် ၁၁:၁၊ ၅၊ ၁၁) ယေရှု​က ဒီ​မိသားစုကို ချစ်​ပြီး သူတို့နဲ့​ပေါင်း​ရတာ ပျော်တယ်​ဆိုတာ သူတို့က ယေဟောဝါကို ချစ်​ပြီး ဝတ်ပြုတဲ့​အတွက်​ကြောင့်​ပေါ့။

ယေရှုဟာ ဂျေရုဆလင်​မြို့ကို သွားတဲ့အခါ​တိုင်း ဒီ​မိသားစု​ဆီမှာ ဘာဖြစ်လို့ တည်းခို​လေ့​ရှိသလဲ။ သူတို့ရဲ့​နာမည်ကို သိသလား

ယေရှု​က ဘုရားသခင်ကို ဝတ်​မပြုတဲ့ လူတွေကို မကြင်နာ​ဘူးလို့ မဆိုလို​ပါဘူး။ သူတို့ကိုလည်း ကြင်နာ​ခဲ့​ပါတယ်။ သူတို့​အိမ်ကို သွားပြီး သူတို့နဲ့​အတူတူ​တောင် စားသောက်တယ်။ ဒီလို​လုပ်လို့ တချို့လူတွေက ယေရှုဟာ “အခွန်ခံ​တွေ၊ အပြစ်သားတွေ​နဲ့ မိတ်ဖွဲ့​သူ” ဖြစ်တယ်လို့တောင် ပြော​ကြတယ်။ (မဿဲ ၁၁:၁၉) အမှန်​ဆိုရင် ယေရှုဟာ ဒီ​လူတွေရဲ့ ဘဝပုံစံကို​ကြိုက်​လို့ သူတို့​အိမ်ကို​သွားတာ မဟုတ်ပါဘူး။ သူတို့ကို ယေဟောဝါ​အကြောင်း ပြောပြချင်​လို့ သွားလည်​တာ ဖြစ်တယ်။ မကောင်းတဲ့ ဘဝ​အသက်တာကို ပြုပြင်​ပြောင်းလဲ​ပြီး ဘုရားသခင်ကို ဝတ်ပြု​လာ​အောင် ကြိုးစား​ကူညီ​ပေးခဲ့တယ်။

ဇက်ခဲ​က ဘာဖြစ်လို့ ဒီသစ်ပင်​ပေါ် တက်တာ​လဲ

တစ်နေ့​သောအခါ ယေရိခေါမြို့​မှာ ဒီအတိုင်း​ပဲ ဖြစ်ခဲ့တယ်။ ယေရှုဟာ ဂျေရုဆလင်​မြို့ကို​အသွား ယေရိခေါ​မြို့ကို ဖြတ်သွား​တယ်။ အဲဒီမြို့မှာ လူအုပ်​တစ်အုပ်​ကို တွေ့ရတယ်။ အဲဒီ​ထဲမှာ ဇက်ခဲ​ ဆိုတဲ့​လူတစ်ယောက်​လည်း ပါတယ်။ သူက ယေရှုကို သိပ်​မြင်​ချင်တယ်။ ဒါပေမဲ့ ဇက်ခဲ​ဟာ အရပ်​ပု​တော့ ရှေ့​က လူအုပ်​ကြောင့် ယေရှုကို မမြင်​နိုင်ဘူး။ ဒါနဲ့ သူက ယေရှု လာမယ့်​လမ်းအတိုင်း ရှေ့ကနေ​ ပြေး​သွားပြီး ယေရှု ဖြတ်သွားတဲ့​အခါ ကောင်းကောင်း မြင်​နိုင်အောင်​ဆိုပြီး သစ်ပင်​တစ်ပင်​ပေါ် တက်​သွားတယ်။

ယေရှု အဲဒီ​အပင်​နား​ကို ရောက်တော့ မော့ကြည့်ပြီး  ‘မြန်မြန်​ဆင်း​ခဲ့။  ဒီနေ့ ခင်ဗျား​အိမ်မှာ ကျွန်တော် တည်း​မယ်’ ဆိုပြီး ပြော​လိုက်တယ်။ ဒါပေမဲ့ ဇက်ခဲ​ဟာ မကောင်းတာတွေ အများကြီး​လုပ်ခဲ့တဲ့ သူဌေး​တစ်ယောက် ဖြစ်တယ်။ ဒီလို​ဆိုးတဲ့ လူတစ်ယောက်ရဲ့ အိမ်ကို ယေရှု ဘာကြောင့် သွား​ချင်​တာလဲ။—

ယေရှုဟာ ဇက်ခဲ​ရဲ့ ဘဝ​လမ်းစဉ်​ကို ကြိုက်​လို့​သွားတာ မဟုတ်ပါဘူး။ ဘုရားသခင်​အကြောင်း ပြောပြချင်​လို့​ သွားတာ။​ ဇက်ခဲ​ဟာ သူ့ကို​မြင်​ဖို့ ဘယ်လောက်​ကြိုးစား​ခဲ့​မှန်း ယေရှု တွေ့​လိုက်လို့ သူ့​စကားကို နားထောင်မယ်​ဆိုတာ သိလိုက်တယ်။ ဒီ​အချိန်ဟာ ဘုရားသခင်က လူတွေကို ဘယ်လို အသက်ရှင်​စေ​ချင်တဲ့​အကြောင်း ပြောပြဖို့ အချိန်​အခါ​ကောင်း​ပဲ​လေ။

ယေရှု​က ဇက်ခဲဆီကို ဘာဖြစ်လို့ သွားလည်​တာလဲ၊ ဇက်ခဲ​က ဘာလုပ်​မယ်​လို့ ကတိပေးသလဲ

ဒါနဲ့ ဘယ်လို အကျိုး​ရလဒ် ရခဲ့သ​လဲ။— ဇက်ခဲ​ဟာ ယေရှုရဲ့ သင်ကြား​ပေးမှုကို နှစ်သက်​လက်ခံတယ်။ သူများ​အပေါ် လိမ်လည်​မိ​ခဲ့​တဲ့​အတွက် အရမ်း​စိတ်မကောင်း​ဖြစ်ပြီး သူများ​ဆီက မတရား တောင်းယူ​ထားတဲ့​ငွေတွေကို ပြန်ပေး​ပါ့​မယ်​လို့ ကတိ​ပေးတယ်။ အဲဒီနောက် သူဟာ ယေရှုရဲ့ နောက်လိုက်​တစ်ယောက် ဖြစ်လာတယ်။ အဲဒီတော့​ကျ​မှ ယေရှုနဲ့ ဇက်ခဲ​တို့ဟာ မိတ်ဆွေ​တွေ ဖြစ်လာကြတယ်။—လုကာ ၁၉:၁-၁၀

ကြီးမြတ်တဲ့​ဆရာရဲ့ စံနမူနာကို လိုက်ပြီး တို့တစ်တွေလည်း မိတ်ဆွေ မဟုတ်တဲ့​သူတွေဆီ သွားလည်​ကြ​မလား။— သွား​ကြမယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘဝပုံစံကို နှစ်သက်သဘောကျ​လို့ သူတို့​အိမ်ကို သွားလည်​တာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့နဲ့ ပေါင်း​ပြီး မကောင်းတာတွေ လုပ်မှာ မဟုတ်ပါဘူး။ ဘုရားသခင်​အကြောင်း ပြောပြ​နိုင်ဖို့သာ သူတို့ဆီ သွားလည်​ရမှာ။

ဒါပေမဲ့လည်း တို့တစ်တွေ အထူးသဖြင့် အချိန်​ပေးပြီး ပေါင်းသင်း​ချင်တဲ့ သူတွေကတော့ ရင်းနှီးတဲ့​မိတ်ဆွေ​တွေ​ပဲ။ တို့တစ်တွေ ပေါင်းသင့်​ပေါင်း​ထိုက်တဲ့ မိတ်ဆွေ​တွေ​ဆိုတာ ဘုရားသခင် နှစ်သက်တဲ့​သူတွေ ဖြစ်ရမယ်။ တချို့​ဆိုရင် ယေဟောဝါကို​တောင် မသိကြဘူး။ သူတို့က ဘုရားသခင်​အကြောင်း သိချင်ရင်​တော့ သူတို့ကို ကူညီ​ပေး​နိုင်တယ်။ သူတို့ဟာ တို့တစ်တွေ​လို​ပဲ ယေဟောဝါကို ချစ်​လာပြီ​ဆိုရင် တို့ရဲ့ ရင်းနှီးတဲ့​မိတ်ဆွေ​တွေ ဖြစ်လာနိုင်တယ်။

လူတစ်ယောက်ဟာ မိတ်ဆွေကောင်း ဟုတ်မဟုတ် သိနိုင်တဲ့​နည်း​တစ်နည်း ရှိသေးတယ်။ အဲဒါ​ကတော့ သူတို့​လုပ်တာတွေကို ဂရုစိုက်​ကြည့်ဖို့​ပါပဲ။ သူများ​ပေါ်မှာ မညှာမတာ ပြုမူ​ဆက်ဆံ​ပြီးတော့ ဒီ​အတွက် သဘောကျ​ပြီး ဟားတိုက်​တတ်သလား။ ဒီလိုမျိုး မ​လုပ်သင့်​ဘူး မဟုတ်လား။— ဒီ​လူဟာ အမြဲတမ်း ပြဿနာ ရှာ​တတ်သလား။ သူ့​အတွက်​ကြောင့် အမှု​ပတ်​ခံရ​တာ​မျိုး မလိုချင်ဘူး မဟုတ်လား။— ဒါမှမဟုတ် အဲဒီ​လူဟာ မကောင်းတာတွေကို တမင်တကာ​လုပ်ပြီး မ​မိအောင် ရှောင်နိုင်​တဲ့​အတွက် ကိုယ့်ကိုယ်ကိုယ် ဟုတ်​လှ​ပြီဆို​ပြီး လက်မ​ထောင်​တတ်သလား။ သူ့ကို လူတွေက မ​မိရင်တောင်​မှ သူ​ဘာလုပ်​တယ်​ဆိုတာ ဘုရားသခင် မြင်တယ်၊ ဟုတ်တယ် မဟုတ်လား။— အဲဒီလိုမျိုး လုပ်တဲ့​သူတွေဟာ တို့တစ်တွေ​အတွက် မိတ်​ကောင်း​ဆွေ​မွန်​တွေ ဖြစ်နိုင်ပါ့မလား။—

ကဲ ကျမ်းစာ ယူ​လိုက်ပါ​ဦး။ အပေါင်းအသင်းတွေက တို့တစ်တွေရဲ့ အသက်တာအပေါ် ဘယ်လို​သက်ရောက်တယ်​ဆိုတာ ကြည့်ကြရအောင်။ ကျမ်းချက်​ကတော့ ၁ ကောရိန္သု အခန်းကြီး ၁၅၊ အခန်းငယ် ၃၃ ပါ။ တွေ့ပြီလား။— “လှည့်စား​မခံကြ​ပါ​နဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့​အကျင့်ကို ပျက်စီး​စေ​တတ်တယ်” လို့​ပြော​ထားတယ်။ မကောင်းတဲ့​သူတွေနဲ့​ပေါင်း​ရင် တို့တစ်​တွေလည်း မကောင်းတဲ့​သူတွေ ဖြစ်သွား​နိုင်တာကို ဆိုလိုတာ။ ပြီးတော့ ကောင်းတဲ့​သူတွေနဲ့ ပေါင်း​ရင် ကောင်းတဲ့​အကျင့်​တွေ မွေးမြူ​နိုင်ဖို့ အထောက်အကူ ရနိုင်မယ်။

တို့တစ်တွေရဲ့ အသက်တာမှာ အရေး​အကြီးဆုံး ပုဂ္ဂိုလ်ဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ ဘုရားသခင်နဲ့ မိတ်ပျက်​မှာ​ကို တို့တစ်တွေ မလိုချင်ဘူး၊ ဟုတ်တယ်​မဟုတ်လား။— ဒီတော့ ဘုရားသခင်ကို ချစ်တဲ့ လူတွေနဲ့​ပဲ မိတ်ဆွေ ဖွဲ့​ဖို့ သတိထားပြီး ရွေးချယ်​ရမယ်နော်။

ကောင်းတဲ့​အပေါင်းအသင်း​ရဲ့ အရေးကြီးမှုကို ဆာလံ ၁၁၉:၁၁၅။ ပညာအလိမ္မာ ၁၃:၂၀။ ၂ တိမောသေ ၂:၂၂။ ၁ ယောဟန် ၂:၁၅ တို့မှာ ဖော်ပြ​ထားတယ်။