မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂၆

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ရှိနေသလဲ

မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ ဘာကြောင့် ရှိနေသလဲ

အဖြစ်ဆိုးတွေ ကြုံတဲ့အခါ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဆိုပြီး မေးလေ့ရှိတယ်။ ဒီမေးခွန်းရဲ့အဖြေ ကျမ်းစာမှာပါတဲ့အတွက် စိတ်ချမ်းသာစရာပဲ။

၁။ ကမ္ဘာပေါ် မှာ မကောင်းမှုတွေ ဖြစ်ပေါ်လာအောင် စာတန် ဘာလုပ်ခဲ့သလဲ။

စာတန်မာရ်နတ်က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ တခြားသူတွေကို အုပ်စိုးချင်တဲ့အတွက် ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝကို ပုန်ကန်မှုမှာ ပါဝင်လာအောင် သိမ်းသွင်းတယ်။ ဧဝကို လိမ်လည်လှည့်စားတယ်။ (ကမ္ဘာဦး ၃:​၁-၅) ယေဟောဝါဟာ ကောင်းတာတစ်ခုခု မပေးဘဲ ထိမ်ချန်ထားတယ်လို့ အယုံသွင်းတယ်။ ဘုရားကို မနာခံရင် လူတွေ ပိုပျော်မယ်လို့ သွယ်ဝိုက်ပြောလိုက်တာပဲ။ သေမှာမဟုတ်ဘူးလို့ ဧဝကိုပြောတာက စာတန်ရဲ့ ပထမဆုံးအလိမ်အညာစကား ဖြစ်တယ်။ ဒါကြောင့် စာတန်ကို “မုသားပြောသူ၊ မုသားရဲ့အဖ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။​—ယောဟန် ၈:၄၄

၂။ အာဒံနဲ့ ဧဝ ဘာလုပ်ဖို့ ရွေးချယ်ခဲ့သလဲ။

ယေဟောဝါက အာဒံနဲ့ ဧဝအပေါ် အလွန်ရက်ရောတယ်။ အပင်တစ်ပင်ကလွဲလို့ ဥယျာဉ်ထဲက အပင်အားလုံးရဲ့ အသီးကို စားခွင့်ပေးထားတယ်။ (ကမ္ဘာဦး ၂:​၁၅-၁၇) ဒါပေမဲ့ သူတို့က တားမြစ်ထားတဲ့အပင်ရဲ့ အသီးကိုမှ စားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဧဝက ‘အဲဒီအပင်ရဲ့အသီးကို ခူးစားလိုက်တယ်။’ အာဒံလည်း “စားတယ်။” (ကမ္ဘာဦး ၃:၆) နှစ်ယောက်စလုံး ဘုရားကို မနာခံကြဘူး။ အာဒံနဲ့ ဧဝဟာ စုံလင်သူတွေဖြစ်လို့ မှန်ရာလုပ်ဖို့ မခက်ခဲဘူး။ ဒါပေမဲ့ ဘုရားကို တမင်တကာ မနာခံဘဲ အပြစ်လုပ်ကြတယ်၊ ဘုရားရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်ကြတယ်။ ဒါကြောင့် အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြတယ်။​—ကမ္ဘာဦး ၃:​၁၆-၁၉

၃။ အာဒံနဲ့ ဧဝရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့ကို ဘယ်လို ထိခိုက်သလဲ။

အာဒံနဲ့ ဧဝ အပြစ်ကျူးလွန်တဲ့အခါ မစုံလင်သူတွေ ဖြစ်လာတယ်။ ဒီမစုံလင်မှုကို သားစဉ်မြေးဆက်တွေဆီ လက်ဆင့်ကမ်းပေးလိုက်တယ်။ “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံး . . . သေဆုံးကြရတယ်” လို့ အာဒံနဲ့ပတ်သက်ပြီး ကျမ်းစာ ဆိုတယ်။​—ရောမ ၅:၁၂

အကြောင်းရင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဆင်းရဲဒုက္ခရောက်ကြတယ်။ ကိုယ့်ဆုံးဖြတ်ချက် မှားလို့ ဒုက္ခရောက်တာ ရှိသလို တခြားသူအမှားကြောင့် ဒုက္ခရောက်တာလည်း ရှိတယ်။ မရှိသင့်တဲ့အချိန်၊ မရှိသင့်တဲ့နေရာမှာ ရောက်နေလို့ ဒုက္ခရောက်သွားတာလည်း ရှိတယ်။​—ဒေသနာ ၉:၁၁ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ကမ္ဘာပေါ်က မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေအတွက် ဘုရားမှာ ဘာကြောင့် တာဝန်မရှိသလဲ၊ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ဘုရား ဘယ်လို ခံစားရသလဲ သုံးသပ်ကြည့်ပါ။

၄။ ဆင်းရဲဒုက္ခတွေရဲ့ တရားခံ

ကမ္ဘာကြီးကို ဘုရား ထိန်းချုပ်ထားတယ်လို့ လူအများ ထင်နေကြတယ်။ ဒါမှန်သလား။ ဗီဒီယို ဖွင့်ပါ

ယာကုပ် ၁:၁၃ နဲ့ ၁ ယောဟန် ၅:၁၉ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဆင်းရဲဒုက္ခနဲ့ မကောင်းမှုအတွက် ဘုရားမှာ တာဝန်ရှိသလား။

၅။ စာတန့်အုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကို သုံးသပ်ပါ

ကမ္ဘာဦး ၃:၁-၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • စာတန် ဘယ်လို လိမ်ညာသလဲ။​—အခန်းငယ် ၄၊ ၅ ကို ကြည့်ပါ။

  • ယေဟောဝါဟာ လူတွေကို ကောင်းတာတစ်ခုခု မပေးဘဲ ထိမ်ချန်ထားတယ်လို့ ထင်အောင် စာတန် ဘယ်လို သွယ်ဝိုက်ပြောသလဲ။

  • လူတွေ ပျော်ရွှင်ဖို့ ယေဟောဝါရဲ့ အုပ်ချုပ်မှု မလိုဘူးလို့ စာတန် ဘယ်လို သွယ်ဝိုက်ပြောသလဲ။

ဒေသနာ ၈:၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ဒီလောကကို ယေဟောဝါ မအုပ်ချုပ်တဲ့အတွက် ဘာတွေ ဖြစ်ပျက်နေသလဲ။

  1. က။ အာဒံနဲ့ ဧဝ စုံလင်သူတွေအဖြစ် ပရဒိသုမှာ နေခွင့်ရပေမဲ့ စာတန့်စကား နားထောင်ပြီး ယေဟောဝါကို ပုန်ကန်ခဲ့ကြ

  2. ခ။ ပုန်ကန်မှုကြောင့် အပြစ်၊ ဆင်းရဲဒုက္ခ၊ သေခြင်းတို့ ကြုံရကြ

  3. ဂ။ အပြစ်၊ ဆင်းရဲဒုက္ခ၊ သေခြင်းတို့ကို ယေဟောဝါ ဖယ်ရှားမယ်။ လူတွေ ပြန်စုံလင်လာပြီး ပရဒိသုမှာ နေထိုင်ကြမယ်

၆။ ကျွန်တော်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ယေဟောဝါ အရေးစိုက်

ကျွန်တော်တို့ ဆင်းရဲဒုက္ခရောက်တဲ့အခါ ဘုရား အရေးစိုက်သလား။ ဘုရင် ဒါဝိဒ်နဲ့ တမန်တော် ပေတရုတို့ ရေးခဲ့တာကို သုံးသပ်ကြည့်ပါ။ ဆာလံ ၃၁:၇ နဲ့ ၁ ပေတရု ၅:၇ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ကျွန်တော်တို့ရဲ့ ဒုက္ခကို ယေဟောဝါ မြင်တယ်၊ အရေးစိုက်တယ်ဆိုတာ သိရလို့ ဘယ်လို ခံစားရသလဲ။

၇။ ဆင်းရဲဒုက္ခမှန်သမျှကို ဘုရား ဖယ်ရှားတော့မယ်

ဟေရှာယ ၆၅:၁၇ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • မကောင်းမှုမှန်သမျှကို ယေဟောဝါ ဖယ်ရှားပေးမယ်ဆိုတာ သိရလို့ ဘာကြောင့် စိတ်သက်သာရာရသလဲ။

စိတ်ဝင်စားစရာအချက်

စာတန်က ပထမဆုံး အလိမ်အညာစကား ပြောပြီး ယေဟောဝါကို ဂုဏ်ဖျက်တယ်။ ယေဟောဝါဟာ တရားမျှတတဲ့၊ မေတ္တာရှိတဲ့ အုပ်စိုးရှင် မဟုတ်ဘူးလို့ လူတွေကို ထင်သွားစေတယ်။ မကြာခင် ယေဟောဝါက ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားချိန်မှာ မိမိရဲ့နာမည်ကို သံသယကင်းရှင်းစေမယ်။ မိမိရဲ့အုပ်ချုပ်မှုဟာ အကောင်းဆုံး ဖြစ်ကြောင်း သက်သေထူမယ်။ ယေဟောဝါရဲ့ နာမည် သံသယကင်းရှင်းရေးဟာ စကြဝဠာမှာ အရေးကြီးဆုံး ကိစ္စပါပဲ။​—မဿဲ ၆:​၉၊ ၁၀

လူတချို့ အဆို။ “လူတွေ ဆင်းရဲဒုက္ခရောက်တာ ဘုရားအလိုတော်ပါပဲ။ လူမှန်ရင် ဒုက္ခကြုံရမှာပဲ။”

  • သင်ကော ဘယ်လို ထင်သလဲ။

အနှစ်ချုပ်

စာတန်မာရ်နတ်နဲ့ ပထမလူသားမောင်နှံဟာ ကမ္ဘာပေါ်က မကောင်းမှုတွေအတွက် အဓိက တာဝန်ရှိတယ်။ ကျွန်တော်တို့ ဒုက္ခရောက်တာကို ယေဟောဝါ အလွန် အရေးစိုက်တယ်။ ဒုက္ခတွေကို မကြာခင် ဖယ်ရှားပေးတော့မယ်။

ပြန်လည်သုံးသပ်ခြင်း

  • ဧဝကို စာတန်မာရ်နတ် ဘယ်လို လိမ်ညာသလဲ။

  • အာဒံနဲ့ ဧဝရဲ့ ပုန်ကန်မှုကြောင့် ကျွန်တော်တို့ ဘာတွေ ကြုံနေရသလဲ။

  • ကျွန်တော်တို့ ဒုက္ခရောက်တာကို ယေဟောဝါ အရေးစိုက်မှန်း ဘယ်လို သိရသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အပြစ်အကြောင်း ကျမ်းစာရှင်းပြချက်ကို လေ့လာပါ။

“အပြစ်ဆိုတာ ဘာလဲ” (ဝက်ဘ်ဆိုက် ဆောင်းပါး)

စာတန်မာရ်နတ်က ဧဒင်ဥယျာဉ်မှာ ပြဿနာတစ်ရပ် ပေါ်စေပုံအကြောင်း ဖတ်ကြည့်ပါ။

‘ဆင်းရဲဒုက္ခတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားသလဲ’ (ကင်းမျှော်စင် ဇန်နဝါရီ ၁၊ ၂၀၁၄)

ဆင်းရဲဒုက္ခ ဘာကြောင့် ရှိနေသလဲဆိုတာ လူတစ်ဦးသိလာပုံအကြောင်း ရှုစားကြည့်ပါ။

တစ်ယောက်တည်း မဟုတ်တော့ (၅:၀၉)