မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

အုပ်ချုပ်ရေးအဖွဲ့ဆီက စာ

ချစ်​ရတဲ့ ညီအစ်ကို၊ ညီအစ်မ–

ကျမ်းစာမှာ အများအားဖြင့် လူတွေ​အကြောင်း ရေးထားတယ်ဆိုတာ သင်​သိ​မှာပါ။ အများစုဟာ သစ္စာရှိ​ အမျိုးသား/သမီး​တွေ ဖြစ်ပြီး ကျွန်တော်တို့​လို “ခံစားချက်​ရှိတဲ့​သူ” တွေ၊ အခက်အခဲ​တွေ ကြုံခဲ့ရ​သူတွေပါ။​ (ယာကုပ် ၅:၁၇) တချို့က ဆင်းရဲဒုက္ခတွေ၊ ပူ​ပင်​သောကတွေ​နဲ့ ဝန်ပိ​ခဲ့​ကြတယ်။ တချို့ကျတော့ မိသားစုဝင်၊​​ ယုံကြည်​သူ​ချင်းတွေ​ကြောင့် စိတ်​ဆင်းရဲ​ခဲ့​ကြတယ်။ တချို့​ဆိုရင် ကိုယ်​လုပ်ခဲ့တဲ့​အမှား​ကြောင့် အပြစ်​ရှိတယ်လို့ ခံစား​ပြီး ဝမ်းနည်း​ခဲ့​ကြတယ်။

အဲဒီလို​အခြေအနေတွေကြောင့် တချို့ ယေဟောဝါနဲ့ ဝေးကွာ​သွားကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို အပြီးအပိုင် ကျောခိုင်း​သွားတာ​လား။ မဟုတ်ပါဘူး။ အများစုက “လမ်းပျောက်​တဲ့​သိုး​လို ဖြစ်နေလို့ ကျွန်တော်မျိုးကို လိုက်ရှာ​လှည့်ပါ။ ပညတ်ချက်တွေကို မမေ့​ပါဘူး” လို့ ဆုတောင်းတဲ့ ဆာလံ​ဆရာလို ဖြစ်နေကြတယ်။ (ဆာလံ ၁၁၉:၁၇၆) သင်​ကော အဲဒီလို ခံစား​နေရသလား။

အဖွဲ့အစည်း​နဲ့ ဝေး​သွား​သူတွေကို ယေဟောဝါ အမြဲသတိရ​နေပါတယ်။ ဒါကြောင့် ယုံကြည်သူချင်းတွေ​က​တစ်ဆင့် သူတို့ကို ကူညီ​ပေးတယ်။ ဥပမာ၊ ဆင်းရဲဒုက္ခ​ပေါင်း​စုံ ကြုံခဲ့​ရတဲ့ ယောဘ​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးခဲ့သလဲ​ဆိုတာ သုံးသပ်​ကြည့်ပါ။ ယောဘ​က ပစ္စည်းဥစ္စာ​တွေ ဆုံးရှုံး၊ သားသမီးတွေ သေဆုံး​ပြီး ဆိုးရွား​တဲ့ အနာစိမ်း​တွေ ပေါက်​ခဲ့တယ်။ မိတ်ဆွေ​တွေ​က​လည်း သူ့ကို စကားနဲ့ ထိုးနှက်​ကြတယ်။ ယောဘ​က အချိန်​အတိုင်းအတာ​တစ်ခု​အထိ စဉ်းစားတွေးခေါ်ပုံ လွဲမှား​ခဲ့​ပေမဲ့ ယေဟောဝါ​ဘုရားကို ကျောခိုင်း​မသွား​ပါဘူး။ (ယောဘ ၁:၂၂။ ၂:၁၀) သူ့​စဉ်းစားတွေးခေါ်ပုံ မှန်​လာ​အောင် ကိုယ်တော် ဘယ်လို ကူညီ​ပေးခဲ့သလဲ။

ဧလိဟု​လို့​ခေါ်တဲ့ ယုံကြည်သူချင်း​ကို သုံးပြီး ယောဘ​ကို ယေဟောဝါ ကူညီ​ပေးခဲ့တယ်။ ယောဘရဲ့​ ခံစားချက်​တွေကို ဧလိဟု နားထောင်ပြီး​မှ စကား​စ​ပြောတယ်။ သူ ဘာ​ပြောမလဲ။ ယောဘ​ကို ပြစ်တင်​ဝေဖန်​မှာ​လား။ အပြစ်​ရှိတယ်၊ ရှက်​စ​ရာ​ကောင်းတယ်လို့ ခံစား​ရအောင် ပြောမှာ​လား။ ယောဘ​ထက် သူ သာတယ်လို့ ထင်​ခဲ့သလား။ လုံးဝ မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ဧလိဟု​က “ကျွန်တော်​နဲ့ ခင်ဗျားဟာ စစ်မှန်တဲ့​ဘုရား​ရှေ့မှာ အတူတူ​ပါပဲ။ ကျွန်တော့်ကိုလည်း ရွှံ့​မြေ​နဲ့​ပဲ ပုံသွင်း​ထားတာပါ။ ဒါကြောင့် ကျွန်တော့်ကို ကြောက်စရာ မလိုပါဘူး။ ကျွန်တော့်​စကားတွေက ခင်ဗျား စိတ်ထိခိုက်​လောက်​တဲ့​အထိ မဖြစ်စေ​ရ​ပါဘူး” လို့ ပြောတယ်။ (ယောဘ ၃၃:၆၊ ၇) ဧလိဟု​က ယောဘ​ကို စိတ်​ဆင်းရဲ​အောင် လုပ်မယ့်​အစား မေတ္တာနဲ့ တည့်မတ်​ပေးပြီး အားပေး​ခဲ့တယ်။

ကျွန်တော်တို့လည်း ဧလိဟု​လို သဘောထားမျိုး​နဲ့ ဒီ​ဘရိုရှာ​ကို ပြင်ဆင်​ထားတယ်​ဆိုတာ မှတ်သား​စေ​လို​ပါတယ်။ အဖွဲ့အစည်း​ကနေ တဖြည်းဖြည်း ဝေး​သွားတဲ့​သူတွေရဲ့ အခြေအနေ​တွေ၊ ခံစားချက်တွေကို ကျွန်တော်​တို့ ဦးဆုံး​နားထောင်ပြီး သေသေချာချာ ဆင်ခြင်သုံးသပ်ပါ​တယ်။ (ပညာအလိမ္မာ ၁၈:၁၃) ပြီးတော့ သူတို့​လို ဖြစ်ခဲ့တဲ့ ရှေးခေတ်​ သစ္စာရှိ​ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို​ကူညီ​ပေးခဲ့သလဲ​ဆိုတဲ့ ကျမ်းစာ​မှတ်တမ်းတွေကို ဆုတောင်းပြီး ဆန်းစစ်​လေ့လာတယ်။ နောက်ဆုံး ဒီ​နေ့​ခေတ် အဖြစ်အပျက်​တွေ​နဲ့ ကျမ်းစာ​မှတ်တမ်းတွေကို ပေါင်းစပ်ပြီး ဒီ​ဘရိုရှာ​ကို ထုတ်ဝေ​ထားတာပါ။ ဒီ​ဘရိုရှာ​ကို ဆန်းစစ်​လေ့လာ​ကြည့်ပါလို့ အထူး မေတ္တာ​ရပ်ခံ​လို​ပါတယ်။ သင့်ကို ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ချစ်တယ်​ဆိုတာ ယုံကြည်​စိတ်ချပါ။

ယေဟောဝါ​သက်သေ​တွေရဲ့​ အုပ်ချုပ်ရေး​အဖွဲ့