မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

ကျွန်တော်တို့ကို ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲ

ကျွန်တော်တို့ကို ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲ

နောဧ

အာဗြဟံနဲ့ စာရာ

မောရှေ

ယေရှုခရစ်

ယေဟောဝါသက်သေဆိုတာ ဘာသာတရားသစ်တစ်ခုရဲ့ နာမည်လို့ လူအများ ယူဆကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂,၇၀၀ ကျော်က စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကျေးကျွန်တွေကို “ငါ့သက်သေတွေပဲ” လို့ခေါ်ခဲ့တယ်။ (ဟေရှာယ ၄၃:၁၀-၁၂) ၁၉၃၁ ခုနှစ်အထိ ကျွန်တော်တို့ကို ကျမ်းစာကျောင်းသားတွေလို့ လူတွေ သိခဲ့ကြတယ်။ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူခဲ့ကြတာလဲ။

ဒီနာမည်က ကျွန်တော်တို့ရဲ့ဘုရားသခင်ကို ဖော်ပြတယ်။ သမ္မာကျမ်းစာ ရှေးလက်ရေးစာမူတွေထဲမှာ ယေဟောဝါ ဆိုတဲ့ ဘုရားသခင့်နာမည် အကြိမ်ပေါင်း ၇,၀၀၀ ကျော် ပါတယ်။ ဘာသာပြန်ကျမ်းများစွာက ဘုရားသခင့်နာမည်နေရာမှာ သခင်၊ ဘုရားသခင်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အစားထိုးခဲ့ကြတယ်။ မူရင်းကျမ်းမှာ ဘုရားသခင်က မောရှေကို ယေဟောဝါဆိုတဲ့ ကိုယ်ပိုင်နာမည်ကို ဖော်ပြပြီး “ဒီနာမည်ဟာ ထာဝစဉ် ငါ့နာမည်ပဲ” လို့ပြောခဲ့တယ်။ (ထွက်မြောက်ရာ ၃:၁၅) ဒီလိုနည်းနဲ့ မှားယွင်းတဲ့ တခြားဘုရားအားလုံးနဲ့ မရောအောင် ခွဲခြားဖော်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ခံယူရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူကြပါတယ်။

ဒီနာမည်က ကျွန်တော်တို့ရဲ့ တာဝန်ကို ဖော်ပြတယ်။ ဖြောင့်မတ်တဲ့အမျိုးသား အာဗေလကနေစပြီး ရှေးအချိန်ကတည်းက လူများစွာဟာ ယေဟောဝါကို ယုံကြည်ကြောင်း သက်သေခံခဲ့ကြတယ်။ ရာစုနှစ်တွေတစ်လျှောက် နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ဒါဝိဒ်နဲ့ တခြားသူတွေက “တိမ်ထုကြီးလိုများတဲ့ အဲဒီသက်သေတွေ” ထဲမှာ ပါဝင်ခဲ့ကြတယ်။ (ဟီဘရူး ၁၁:၄–၁၂:၁) အပြစ်မရှိသူတစ်ယောက်အတွက် တရားရုံးမှာ သက်သေလိုက်ပေးသလိုမျိုး ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို တခြားသူတွေ သိအောင်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားကြတယ်။

ယေရှုကိုအတုယူတဲ့အနေနဲ့ ဒီနာမည်ကို သုံးတာဖြစ်တယ်။ ကျမ်းစာထဲမှာ ယေရှုကို “သစ္စာရှိပြီး စစ်မှန်တဲ့သက်သေ” လို့ခေါ်ထားတယ်။ (ဗျာဒိတ် ၃:၁၄) ယေရှုကိုယ်တိုင်လည်း ‘ဘုရားရဲ့နာမည်ကို သိအောင် ပြောပြပါပြီ’ လို့ပြောခဲ့ပြီး ဘုရားသခင်နဲ့ပတ်သက်တဲ့ “အမှန်တရားကို သက်သေခံ” ခဲ့တယ်။ (ယောဟန် ၁၇:၂၆။ ၁၈:၃၇) ဒါကြောင့် ခရစ်တော်ရဲ့နောက်လိုက်စစ်တွေက ယေဟောဝါရဲ့နာမည်ကို ခံယူပြီး တခြားသူတွေ သိအောင်လုပ်ရမယ်။ ဒါကို ယေဟောဝါသက်သေတွေ ကြိုးစားလုပ်ဆောင်နေကြတယ်။

  • ကျမ်းစာကျောင်းသားတွေက ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဘာကြောင့် ခံယူခဲ့ကြတာလဲ။

  • ကမ္ဘာပေါ်မှာ ယေဟောဝါရဲ့သက်သေတွေ ရှိခဲ့တာ ဘယ်လောက်ကြာပြီလဲ။

  • ယေဟောဝါရဲ့ အကြီးမြတ်ဆုံးသက်သေက ဘယ်သူလဲ။