မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်မထပ်ခင် လိင်ဆက်ဆံလိုက်ရင် ငါတို့ပိုရင်းနှီးလာမလား

လက်မထပ်ခင် လိင်ဆက်ဆံလိုက်ရင် ငါတို့ပိုရင်းနှီးလာမလား

အခန်း ၂၄

လက်မထပ်ခင် လိင်ဆက်ဆံလိုက်ရင် ငါတို့ပိုရင်းနှီးလာမလား

ဟယ်သာနဲ့မိုက် တွဲတာ နှစ်လပဲရှိသေးတယ်။ ဒါပေမဲ့ မိုက်ရဲ့အကြောင်း အားလုံးသိတယ်လို့ ဟယ်သာခံစားရတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မက်ဆေ့ခ်ျတွေပို့၊ ဖုန်းအကြာကြီးပြော၊ စိတ်တူကိုယ်တူ အကြိုက်တူပဲ။ ဒါပေမဲ့ မိုက်က လရောင်အောက် ကားထဲမှာ ထိုင်စကားပြောရုံနဲ့ မကျေနပ်နိုင်တော့ဘူး။

လွန်ခဲ့တဲ့နှစ်လအတွင်းမှာ လက်ကလေးကိုင်၊ နမ်းရုံလောက်ပဲရှိခဲ့တာ။ ဟယ်သာက အဲဒီအဆင့်ထက်မပိုချင်ဘူး။ တစ်ဖက်မှာ မိုက်ကိုလည်း အဆုံးရှုံးမခံနိုင်ဘူး။ မိုက်က သူ့ကို ရွှေမင်းသမီးလေးလို ယုယကြင်နာတာ။ ‘ပြီးတော့ မိုက်နဲ့ငါက ချစ်သူတွေပဲလေ’ လို့ဆင်ခြေပေးနေမိတယ်။

ဒီလိုဆိုတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ တွေးကြည့်လိုက်ပါ။ လိင်ဆက်ဆံလိုက်ရင် မိုက်နဲ့ဟယ်သာရဲ့အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားတော့မှာ၊ အကောင်းဘက်ကိုတော့ မဟုတ်ဘူး။ အကြောင်းရင်းကို လေ့လာကြည့်ရအောင်။

သင်က ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်မယ်ဆိုရင် ဒုက္ခရောက်မှာပေါ့။ အဲဒီလိုပဲ၊ “မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်” ပါဆိုတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို မလိုက်နာရင် ဒုက္ခရောက်လိမ့်မယ်။ (၁ သက်သာလောနိတ် ၄:၃) ဒီစံနှုန်းကို မလိုက်နာရင် ဘာအကျိုးဆက်တွေခံစားရမလဲ။ “မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏” လို့ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၆:၁၈) အဲဒါဘယ်လိုဖြစ်နိုင်သလဲ။ လက်မထပ်ခင် လိင်ဆက်ဆံသူတွေ ခံစားရတဲ့ ဆိုးကျိုးသုံးခုကို စဉ်းစားကြည့်ပြီး ရေးချပါ။

၁ ․․․․․

၂ ․․․․․

၃ ․․․․․

ရေးထားတာတွေကို ပြန်ဖတ်ကြည့်ပါ။ လိင်ဆက်ဆံခြင်းကနေကူးစက်တဲ့ရောဂါ၊ မလိုချင်တဲ့ကိုယ်ဝန်၊ ဘုရားမျက်နှာသာဆုံးရှုံးတာ စတဲ့အချက်တွေ ပါသလား။ မတရားမေထုန်ပြုခြင်းနဲ့ပတ်သက်တဲ့ ဘုရားရဲ့ကိုယ်ကျင့်တရားစံနှုန်းကို ချိုးဖောက်မယ်ဆိုရင် အဲဒီလိုဝမ်းနည်းဖွယ်ဆိုးကျိုးတွေ ခံစားရမှာပဲ။

ငါတော့ အဲဒီလိုဖြစ်မှာမဟုတ်ဘူး’ ဆိုပြီး တွေးမိရင်တွေးမိမယ်။ တကယ်တော့ အားလုံးလည်း ဒီလိုပဲလုပ်နေကြတာ မဟုတ်လား။ ကျောင်းမှာဆိုရင် ရွယ်တူချင်းတွေက သူတို့လိင်မှုပြုခဲ့ပုံအကြောင်း စီကာပတ်ကုံး ပြောကြတယ်။ သူတို့ကိုကြည့်ရတာ ဘာမှလည်းမဖြစ်ဘူး။ ဆောင်းပါးအစမှ ဖော်ပြခဲ့တဲ့ ဟယ်သာလိုပဲ ရည်းစားနဲ့လိင်ဆက်ဆံလိုက်ရင် ပိုရင်းနှီးလာမယ်လို့ တွေးမိနိုင်တယ်။ အပျိုစင်ဆိုပြီး လှောင်ခံရမှာကိုလည်း စိုးရိမ်နေနိုင်တယ်။ အဲဒီတော့ လိုက်လျောလိုက်ရင် ကောင်းမလား။

ခဏစဉ်းစားကြည့်ပါအုံး။ အားလုံးက အဲဒီလိုလုပ်တာမှ မဟုတ်တာ။ စစ်တမ်းတွေအရ လူငယ်အများစုကတော့ လိင်ဆက်ဆံကြတာ မှန်ပါတယ်။ အမေရိကန်နိုင်ငံမှာ အထက်တန်းကျောင်းပြီးသွားတဲ့ ကျောင်းသား ၃ ယောက်မှာ ၂ ယောက်က လိင်ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ ၃ ယောက်မှာ ၁ ယောက်က လိင်မဆက်ဆံဘူးဆိုတော့ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေ အများကြီးရှိနေသေးတာပဲ။ ဒါ့အပြင် လိင်ဆက်ဆံတဲ့လူငယ်တွေထဲမှာ အများစုက အချိန်လွန်နောင်တ တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတယ်လို့ လေ့လာချက်တွေက ဖော်ပြတယ်။

အချိန်လွန်နောင်တ ၁ စိတ်ဆင်းရဲမှု။ လူငယ်အများစုဟာ လက်မထပ်ခင် လိင်ဆက်ဆံပြီးနောက် နောင်တရတယ်လို့ ပြောကြတယ်။

အချိန်လွန်နောင်တ ၂ အယုံအကြည်ကင်းမဲ့မှု။ ရည်းစားနဲ့လိင်ဆက်ဆံပြီးနောက် ‘တခြားဘယ်သူနဲ့များ သူ အဲဒီလိုဖြစ်ခဲ့သေးလဲ’ ဆိုပြီး သံသယ၀င်လာတယ်။

အချိန်လွန်နောင်တ ၃ စိတ်ပျက်မှု။ တကယ်တော့ မိန်းကလေးတွေဟာ ကိုယ့်ကိုအခွင့်အရေးယူမယ့်သူကိုမဟုတ်ဘဲ ကာကွယ်ပေးမယ့်သူကို ကြိုက်ကြတာ။ ကောင်လေးတွေကလည်း သူတို့ရဲ့လိင်ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ မိန်းကလေးတွေဟာ ဆွဲဆောင်မှုမရှိတော့ဘူးလို့ ခံစားလာကြတယ်။

ဒါ့အပြင် ကောင်လေးအများစုက သူတို့နဲ့လိင်ဆက်ဆံဖူးတဲ့ ကောင်မလေးကို ဘယ်တော့မှလက်မထပ်ဘူး၊ အပျိုစင်ကိုမှ ယူမှာလို့ ပြောကြတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ အဲဒီလိုသိလိုက်ရလို့ အံ့သြသွားလား၊ ဒေါသထွက်သွားလား။ ဒါဆိုရင် ဒီအချက်ကိုသတိရပါ– လက်မထပ်ခင် လိင်ဆက်ဆံတာနဲ့ပတ်သက်ရင် ရုပ်ရှင်တွေ၊ တီဗီတွေမှာပြတာနဲ့ လက်တွေ့ဘဝနဲ့ တစ်ခြားစီပဲ။ ဖျော်ဖြေရေးတွေမှာဆိုရင် လက်မထပ်ခင်အတူနေတာက ပျော်စရာကောင်းပြီး ဘာဆိုးကျိုးမှလည်းမရှိသလို အချစ်စစ်တောင်ဖြစ်တယ်လို့ တင်ဆက်ကြတယ်။ အဲဒါတွေကို သွားမယုံလိုက်နဲ့။ လက်မထပ်ခင်အတူနေဖို့ ချော့မော့ပြောသူတွေဟာ တကယ်တော့ သူတို့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကြတာ။ (၁ ကောရိန္သု ၁၃:၄၊ ၅) တကယ်တမ်း အချစ်စစ်နဲ့ချစ်တဲ့သူက သင့်စိတ်ပိုင်းနဲ့ကိုယ်ခန္ဓာကို ထိခိုက်နစ်နာအောင်လုပ်ပါ့မလား။ (သုတ္တံ ၅:၃၊ ၄) သင့်ကို တန်ဖိုးထားမြတ်နိုးတဲ့သူက ဘုရားနဲ့ သင့်ဆက်ဆံရေးပျက်သွားအောင် လုပ်ပါ့မလား။—ဟေဗြဲ ၁၃:၄

သင်က ရည်းစားရှိတဲ့ လူငယ်ကောင်လေးတစ်ယောက်ဆိုရင် ဒီအခန်းမှာပါတဲ့အချက်တွေကို ကိုယ့်ချစ်သူနဲ့ဆက်ဆံရေးမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ‘ငါ့ချစ်သူကို တကယ်တန်ဖိုးထားမြတ်နိုးရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။ တန်ဖိုးထားတာပေါ့လို့ဖြေမယ်ဆိုရင် သူ့ကိုတန်ဖိုးထားကြောင်း ဘယ်လိုအကောင်းဆုံးဖော်ပြမလဲ။ ဘုရားရဲ့ပညတ်တွေကို ကိုင်စွဲနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်ရမယ်၊ သွေးဆောင်မှုကြုံနိုင်တဲ့ အခြေအနေတွေကိုရှောင်နိုင်ဖို့ အမြော်အမြင်ရှိရမယ်၊ ကိုယ့်ချစ်သူရဲ့ကောင်းကျိုးကို ထည့်စဉ်းစားပေးနိုင်ဖို့ ချစ်ခြင်းမေတ္တာရှိရမယ်။ သင့်မှာ အဲဒီလိုအရည်အသွေးကောင်းတွေ ပိုင်ဆိုင်မယ်ဆိုရင် ‘ချစ်သူဟာ ကျွန်မရဲ့ မူပိုင်ရှင်ပါ။ ကျွန်မကလည်း ချစ်သူရဲ့မူပိုင်ရှင်ပါ’ လို့ပြောခဲ့တဲ့ ဖြူစင်ရိုးသားတဲ့ ရှုလမိတ်မိန်းမပျိုလို သင့်ချစ်သူလည်း ခံစားရမှာပဲ။ (ရှောလမုန်သီချင်း ၂:၁၆ကဘ) ဒီလိုဆိုရင် သင်ဟာ သင့်ချစ်သူလေးအတွက် မင်းသားလေးတစ်ပါးပဲပေါ့။

သင်က ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် လက်မထပ်ခင်အတူနေတယ်ဆိုရင် တန်ဖိုးရှိတဲ့အရာတစ်ခုကို တခြားသူကိုပေးလိုက်တာမို့ ကိုယ့်ကိုယ်ကိုယ် အပေါစားဖြစ်အောင် လုပ်လိုက်တာပဲ။ (ရောမ ၁:၂၄) တန်ဖိုးရှိတဲ့အရာတစ်ခုကို အလကားပေးလိုက်သလိုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပေါစားပဲဆိုပြီး လူငယ်အတော်များများ ခံစားခဲ့ရတယ်။ အဲဒီလို ဘယ်တော့မှအဖြစ်မခံပါနဲ့။ သင့်ရည်းစားက “နင် ငါ့ကိုချစ်ရင် လိုက်လျောရမှာပေါ့” ဆိုပြီး ချော့မော့ပြောရင် “နင်လည်း ငါ့ကိုချစ်ရင် အဲဒီလိုမတောင်းဆိုနဲ့” ဆိုပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်ပါ။

သင့်ခန္ဓာကိုယ်က အဖိုးတန်လွန်းလို့ လွယ်လွယ်နဲ့မပေးသင့်ဘူး။ အဲဒီအစား လိင်အကျင့်ယိုယွင်းမှုကိုရှောင်ပါဆိုတဲ့ ဘုရားပညတ်ကို လိုက်နာခြင်းအားဖြင့် အကျင့်စာရိတ္တကောင်းသူဖြစ်ကြောင်းပြပါ။ တစ်နေ့ သင်အိမ်ထောင်ပြုတဲ့အခါ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးသုခကို ခံစားနိုင်ပါလိမ့်မယ်။ လက်မထပ်ခင် အတူနေလိုက်မိလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲတာတွေ၊ နောင်တရတာတွေ၊ စိတ်မလုံတာတွေ ခံစားရမှာမဟုတ်တော့ဘူး။—သုတ္တံ ၇:၂၂၊ ၂၃; ၁ ကောရိန္သု ၇:၃

နောက်အခန်းမှာဖတ်ကြည့်ပါ

ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတာ မှားသလား။

အဓိကကျမ်းချက်

“မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့။ . .  မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏။” —၁ ကောရိန္သု ၆:၁၈

အကြံပြုချက်

လိင်ခြားသူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ လိုက်လျှောက်သင့်တဲ့ စည်းမျဉ်းကောင်းတစ်ခုကတော့– ကိုယ့်မိဘရှေ့မှာ မလုပ်ရဲတာကို မိဘကွယ်ရာမှာလည်း မလုပ်ပါနဲ့။

သင်သိပါသလား . . . ?

ကောင်လေးတစ်ယောက်ဟာ ရည်းစားနဲ့လိင်ဆက်ဆံပြီးသွားရင် ရည်းစားအသစ်ရှာတော့မှာပဲ။

သင်ဘယ်လိုထင်သလဲ

● လက်မထပ်ခင် လိင်ဆက်ဆံတာက နှစ်သက်စရာကောင်းပုံပေါက်ပေမဲ့ ဘာကြောင့်မှားသလဲ။

● တစ်ယောက်ယောက်က လိင်ဆက်ဆံဖို့ ပြောလာမယ်ဆိုရင် သင် ဘာလုပ်မလဲ။

လက်တွေ့လုပ်ကြည့်ပါ

လိင်ခြားသူတစ်ဦးနဲ့ရှိနေချိန်မှာ ငါရှောင်ရမယ့် အခြေအနေတွေက ․․․․․

လိင်ခြားသူတစ်ဦးက လူပြတ်တဲ့နေရာမှာ ငါနဲ့ချိန်းတွေ့ချင်တယ်ဆိုရင် ငါပြောမှာက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

[စာမျက်နှာ ၁၇၆ ပါ အကျဉ်းဖော်ပြချက်]

‘‘ခရစ်ယာန်တစ်ယောက်အနေနဲ့ သင့်မှာ အရည်အချင်းကောင်းတွေရှိတော့ တခြားသူတွေက သင့်ကိုစိတ်ဝင်စားမှာပဲ။ ဒါကြောင့် ကိုယ်ကျင့်တရားပျက်ပြားမှုနောက် မပါသွားအောင် အမြဲသတိရှိပါ။ ကိုယ့်အရည်အချင်းကောင်းတွေကို တန်ဖိုးထားပါ။ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာကိုယ် မချပစ်လိုက်နဲ့။’’—ဂျော်ရွှာ

[စာမျက်နှာ ၁၇၆၊ ၁၇၇ ပါ ရုပ်ပုံ]

လက်မထပ်ခင် လိင်ဆက်ဆံတာက လှပတဲ့ ပန်းချီကားတစ်ချပ်ကို ခြေသုတ်စရာအဖြစ် သုံးလိုက်တာနဲ့တူတယ်