မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ နှစ်ခြင်းခံသင့်သလား

ငါ နှစ်ခြင်းခံသင့်သလား

အခန်း ၃၇

ငါ နှစ်ခြင်း​ခံ​သင့်​သလား

အမှားအမှန် ရွေးပါ-

ခရစ်ယာန်​ဖြစ်ချင်​ရင် နှစ်ခြင်း​ခံရ​မယ်။

မှန်

မှား

နှစ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်​က အပြစ်​မလုပ်မိအောင် ကာကွယ်​ပေးဖို့ ဖြစ်တယ်။

မှန်

မှား

နှစ်ခြင်းက သင့်ကို ကယ်တင်ခြင်း ရစေတယ်။

မှန်

မှား

နှစ်ခြင်း​မခံ​ထား​ရင် ကိုယ့်​လုပ်ရပ်တွေ​အတွက် ဘုရား​နဲ့ စာရင်း​ရှင်း​စ​ရာ မလိုဘူး။

မှန်

မှား

သူငယ်ချင်းတွေ နှစ်ခြင်း​ခံ​လို့ ငါလည်း နှစ်ခြင်း​ခံရ​မယ်။

မှန်

မှား

ဘုရားသခင့် စံနှုန်း​တွေ​အတိုင်း နေထိုင်တယ်၊ ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး​ရှိတယ်၊ ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ပြောပြ​နေတယ်​ဆိုရင် နှစ်ခြင်း​ခံ​ဖို့ စဉ်းစားမိ​မှာပဲ။ ဒါပေမဲ့ အဆင်သင့် ဖြစ်​ပြီ​လား​ဆိုတာ ဘယ်လို သိနိုင်​သလဲ။ အဖြေ​ရဖို့ အထက်​က အမှား၊ အမှန်​ကို စဉ်းစား​ကြည့်​ကြ​စို့။

ခရစ်ယာန်​ဖြစ်ချင်​ရင် နှစ်ခြင်း​ခံရ​မယ်။

မှန်။ နှစ်ခြင်း​ခံ​ဖို့ တပည့်​တွေ​ကို ယေရှု မိန့်မှာခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေရှု ကိုယ်တိုင်​လည်း နှစ်ခြင်း​ခံ​ခဲ့တယ်။ ခရစ်တော်​ရဲ့ နောက်လိုက်​ဖြစ်​ဖို့ နှစ်ခြင်း​ခံ​ဖို့ လိုတယ်။​ ဒါပေမဲ့ နှစ်ခြင်း​ခံနိုင်​ဖို့ ရင့်ကျက်​ရမယ်။

နှစ်ခြင်းရဲ့ အဓိက​ရည်ရွယ်ချက်​က အပြစ်​မလုပ်မိအောင် ကာကွယ်​ပေးဖို့ ဖြစ်တယ်။

မှား။ နှစ်ခြင်း​ခံ​တယ်​ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ကြောင်း လူအများရှေ့ ဖော်ပြ​လိုက်တာပါ။ ဆက်ကပ်​အပ်နှံခြင်း​က လျှို့ဝှက်​အပြစ်တွေ မ​လုပ်​ဘူးဆို​တဲ့ ကတိ​စာချုပ် မဟုတ်ဘူး။ ယေဟောဝါ​ရဲ့ စံနှုန်း​တွေ​အတိုင်း နေထိုင်​ချင်​လို့ ကိုယ့်​ဘဝကို ယေဟောဝါ​ဆီ အပ်နှံ​လိုက်တာ ဖြစ်တယ်။

နှစ်ခြင်းက သင့်ကို ကယ်တင်ခြင်း ရစေတယ်။

မှန်။ ခင်ဗျား​တို့ကို ကယ်တင်​တဲ့​အရာဟာ နှစ်ခြင်း​ပဲ​လို့ ကျမ်းစာ​က ဆိုတယ်။ (၁ ပေတရု ၃:၂၁) ဒါပေမဲ့ နှစ်ခြင်း​ဟာ သဘာဝဘေး​အတွက် အာမခံ​ဝယ်ထား​တဲ့ ပုံစံ​မျိုး​တော့ မဟုတ်ဘူး။ နှစ်ခြင်း​ခံ​တာ​က ယေဟောဝါ​ကို ချစ်​လို့၊ စိတ်နှလုံး​အကြွင်းမဲ့ ကိုယ်တော့်​အမှုကို အမြဲ ထမ်းဆောင်​ချင်​လို့​ပဲ။—မာကု ၁၂:၂၉၊ ၃၀

နှစ်ခြင်း​မခံ​ထား​ရင် ကိုယ့်​လုပ်ရပ်တွေ​အတွက် ဘုရား​နဲ့ စာရင်း​ရှင်း​စ​ရာ မလိုဘူး။

မှား။ နှစ်ခြင်း​ခံ​တာ၊ မခံ​တာ​နဲ့ မသက်ဆိုင်​ဘဲ “မှန်တာကို ဘယ်လို လုပ်ရမယ်​မှန်း သိလျက်နဲ့ မ​လုပ်တဲ့​သူဟာ အပြစ်​ရှိတယ်” လို့ ယာကုပ် ၄:၁၇ က​ဆိုတယ်။ ဒါ​ကြောင့် မှန်ရာကို သိပြီ၊ ကိုယ့်​ဘဝကို​လည်း အလေးအနက်​ထား စဉ်းစား​နိုင်ပြီ​ဆိုရင် မိဘ ဒါမှ​မဟုတ် အတွေ့အကြုံ​ရှိ ခရစ်ယာန်​တစ်ယောက်​နဲ့ နှစ်ခြင်း​အကြောင်း ဆွေးနွေး​ပါ။ ဒီလို​နည်းနဲ့ နှစ်ခြင်း​ခံ​ဖို့ ဘာတွေ လုပ်ရမယ်​ဆိုတာ သိလာ​နိုင်တယ်။

သူငယ်ချင်းတွေ နှစ်ခြင်း​ခံ​လို့ ငါလည်း နှစ်ခြင်း​ခံရ​မယ်။

မှား။ နှစ်ခြင်း​ခံ​မယ်​ဆို​တဲ့ ဆုံးဖြတ်ချက်​က ကိုယ့်​သဘော​အတိုင်း ဖြစ်​ရမယ်။ (ဆာလံ ၁၁၀:၃) ယေဟောဝါသက်သေ​တစ်ယောက် ဖြစ်​ဖို့ ဘာတွေ လုပ်ရမယ်​ဆိုတာ သေချာ​နားလည်​ပြီး အဲဒါတွေကို လုပ်နိုင်​မှ နှစ်ခြင်း​ခံ​သင့်တယ်။—ဒေသနာ ၅:၄၊ ၅

ဘဝ အလှည့်အပြောင်း

နှစ်ခြင်း​ခံ​ခြင်း​က ကောင်းချီး​များစွာ ရရှိစေတဲ့ အလှည့်အပြောင်း တစ်ခု​ဖြစ်တယ်။ တစ်ချိန်တည်း​မှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ အပ်နှံ​ထား​တဲ့​အတိုင်း နေထိုင်​ရမယ့် ကြီး​လေး​တဲ့ တာဝန်​လည်း ဒွန်တွဲ​ပါ​လာတယ်။

နှစ်ခြင်း​ခံ​ဖို့ အသင့်​ဖြစ်​ပြီ​လား။ ဒါဆိုရင် ပျော်စရာ​ပါ​ပဲ။ သင့်​ရှေ့မှာ အကြီးမားဆုံး အခွင့်အရေး ရှိနေပါတယ်။ အဲဒါက​တော့ ယေဟောဝါ​အတွက် စိတ်နှလုံး​အကြွင်းမဲ့ အမှုဆောင်​ပြီး ဆက်ကပ်​အပ်နှံခြင်း​နဲ့​အညီ အသက်ရှင် နေထိုင်ခြင်း​ပါ​ပဲ။—မဿဲ ၂၂:၃၆၊ ၃၇

နောက်​အခန်းမှာ

အသက်တာကို ပညာရှိရှိ အသုံးပြုနိုင်​ဖို့ ပန်းတိုင်​တွေ ဘယ်လို ချမှတ်​နိုင်​တဲ့​အကြောင်း လေ့လာ​ကြည့်​ပါ။

အဓိကကျမ်းချက်

“ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာ​အဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာ​ကို ဆက်သ​ကြ​ပါ။ ဒီလို​ဆိုရင် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို သုံးပြီး ဘုရားသခင်​အတွက် အမှုဆောင်​ရာ​ရောက်တယ်။”—ရောမ ၁၂:၁

အကြံပြုချက်

မိဘတွေရဲ့ အကူအညီ​နဲ့ သင် နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​နိုင်​မယ့်​သူ တစ်ယောက်ယောက်​ကို အသင်းတော်​ထဲ​ကနေ ရှာပါ။—တမန်​တော် ၁၆:၁-၃

သင်သိပါသလား  . . . ?

နှစ်ခြင်း​ခံ​ခြင်း​ဟာ ကယ်တင်ခြင်း​ရစေဖို့ “မှတ်သား” တာ​ဖြစ်တယ်။—ယေဇကျေလ ၉:၄-၆

လုပ်ဆောင်နိုင်ပုံ

နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​နိုင်​ဖို့ ဒီ ကျမ်းစာ သွန်သင်ချက်​တွေ​ကို ငါ နားလည်​ရမယ် ․․․․․

ငါ့​မိဘတွေကို မေး​ချင်​တဲ့ အကြောင်းအရာတွေ​က ․․․․․

သင် ဘယ်လို ထင်​သလဲ။

● နှစ်ခြင်းက ဘာကြောင့် အရေးကြီးတဲ့ ခြေလှမ်း​တစ်ခု ဖြစ်​သလဲ။

● လူငယ်​တစ်ယောက် ဘာကြောင့် အလျင်စလို နှစ်ခြင်း​ခံ​ချင်​တာ ဖြစ်​နိုင်​သလဲ။

● လူငယ်​တစ်ယောက် ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ဖို့ ဘာကြောင့် တွန့်ဆုတ်​နေတာ ဖြစ်​နိုင်​သလဲ။

[အကျဉ်းဖော်ပြချက်]

“နှစ်ခြင်း​ခံ​ပြီးပြီ​ဆို​တဲ့ အသိ​က အမှားတွေ မ​လုပ်မိ​စေဖို့၊ မှန်ကန်​တဲ့ ဆုံးဖြတ်ချက်​တွေ ချ​နိုင်​ဖို့ ကူညီ​ပေးတယ်။”—ဟော်လီ

[လေးထောင့်ကွက်/ ရုပ်ပုံ]

နှစ်ခြင်း​အကြောင်း မေး​တတ်​တဲ့ မေးခွန်းများ

နှစ်ခြင်းရဲ့ အဓိပ္ပာယ်​က ဘာလဲ။ ရေ​ထဲ နစ်​မြုပ်​ပြီး ပြန်​ပေါ်​လာတာ​က ကိုယ့်​အကြိုက်​တွေ​ကို ဆက်​မ​လုပ်​တော့​ဘူး၊ ယေဟောဝါ​ရဲ့ အလိုတော်အတိုင်း အသက်ရှင်​နေထိုင်​တော့​မယ် ဆို​တဲ့ အဓိပ္ပာယ်​ဖြစ်တယ်။

ကိုယ့်​အသက်တာကို ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​တယ်​ဆိုတာ ဘာ​အဓိပ္ပာယ်​လဲ။ ကိုယ့်ကိုယ်ကိုယ် မပိုင်​တော့​ဘူး။ အရာအားလုံး​ထက် ဘုရားသခင့် အလိုတော်ကို ဦးစား​ထား​မယ်​လို့ ကတိပြု​လိုက်တာ ဖြစ်တယ်။ (မဿဲ ၁၆:၂၄) နှစ်ခြင်း​မခံခင် တစ်ချိန်ချိန်​မှာ ယေဟောဝါ​ဆီ ဆုတောင်း​ပြီး ကိုယ့်ကိုယ်ကိုယ် အပ်နှံ​သင့်တယ်။

နှစ်ခြင်း​မခံခင် ဘာတွေ လုပ်သင့်သလဲ။ ယေဟောဝါ​ရဲ့ စံနှုန်း​တွေ​အတိုင်း နေထိုင်ပြီး ကိုယ့်​ယုံကြည်ချက်​အကြောင်း တခြား​သူတွေကို ဟောပြောနေ​ရမယ်။ အမြဲ ဆုတောင်း၊ ကျမ်းစာ​ဖတ်ခြင်း​အားဖြင့် ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး​ရှိအောင် လုပ်ဖို့​လိုတယ်။​ တခြား​သူတွေ တိုက်တွန်း​လို့ မဟုတ်ဘဲ ယေဟောဝါ​ရဲ့ အမှုဆောင်ဖို့ ကိုယ်တိုင် ရွေးချယ်​တာ ဖြစ်​ရမယ်။

ဘယ် အသက်အရွယ်​မှာ နှစ်ခြင်း​ခံ​သင့်သလဲ။ အသက်အရွယ်​က အဓိက မဟုတ်ပါဘူး။ ဒါပေမဲ့ ဆက်ကပ်​အပ်နှံခြင်း​ရဲ့ အဓိပ္ပာယ်​ကို သေချာ နားလည်​ထား​တဲ့ ရင့်ကျက်သူ​တော့ ဖြစ်​ရပါမယ်။

ကိုယ်​က နှစ်ခြင်း​ခံ​ချင်​ပေမဲ့ မိဘတွေက စောင့်ပါ​ဦး​လို့ ပြော​ရင်​ကော။ မိဘတွေက သင့်ကို အခု​ထက် ပို​ရင့်ကျက်​စေ​ချင်​လို့ ဖြစ်​နိုင်တယ်။ သူတို့ရဲ့ အကြံပေး​ချက်​ကို တန်ဖိုး​ထား​ပါ။ ဒီ​အချိန်​မှာ ယေဟောဝါ​နဲ့

ပို​ရင်းနှီးအောင် လုပ်ဆောင်ပါ။—၁ ရှမွေလ ၂:၂၆

[လေးထောင့်ကွက်/ ရုပ်ပုံ]

အစီအစဉ်ဇယား

နှစ်ခြင်း​ခံ​ဖို့ စဉ်းစား​နေ​သလား

အောက်ပါ မေးခွန်းတွေ၊ အချက်​တွေ​ကို သုံးပြီး ကိုယ့်​တိုးတက်မှု​ကို သုံးသပ်ကြည့်​ပါ။ အဖြေ​တွေ ချ​မ​ရေး​ခင် ညွှန်း​ထား​တဲ့ ကျမ်းချက်​တွေ​ကို ဖွင့်ဖတ်​ပါ။

ယေဟောဝါ​ကို သင် ယုံကြည်​ကိုးစား​ကြောင်း ဘယ်လို ဖော်ပြ​နေသလဲ။ဆာလံ ၇၁:၅

ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို သုံးပြီး အမှားအမှန် ခွဲခြား​သိကြောင်း ဖော်ပြ​နေ​သလား။ဟီဘရူး ၅:၁၄

သင် မကြာမကြာ ဆုတောင်း​သလား။

ဘယ်လောက် တိတိကျကျ ဆုတောင်း​သလဲ။ ဆုတောင်း​တဲ့​အခါ ယေဟောဝါ​ကို ဘယ်လောက်​ချစ်တယ်​ဆိုတာ ပြောပြ​သလား။ဆာလံ ၁၇:၆

ဆုတောင်း​တာ​နဲ့​ပတ်သက်ပြီး သင် ချမှတ်​ချင်​တဲ့ ပန်းတိုင်​တွေ​ကို ချရေး​ပါ။

ကျမ်းစာ​လေ့လာမှု ပုံမှန် လုပ်​သလား။—ယောရှု ၁:၈

ဘယ်​အကြောင်းအရာတွေကို လေ့လာ​သလဲ။

လေ့လာမှု​နဲ့​ပတ်သက်ပြီး သင် ချမှတ်​ချင်​တဲ့ ပန်းတိုင်​တွေ ချရေး​ပါ။

သင့်ရဲ့ အမှုဆောင်​လုပ်ငန်း​က ထိရောက်​မှု​ရှိသလား။​ (ဥပမာ၊ တခြား​သူတွေကို ကျမ်းစာ အခြေခံ သွန်သင်ချက်​တွေ​အကြောင်း ရှင်းပြ​နိုင်​သလား။ စိတ်ဝင်စား​သူတွေဆီ ပြန်လည်ပတ်​သလား။ ကျမ်းစာ​သင်အံမှု လုပ်နိုင်ဖို့ ကြိုးစား​နေ​သလား။)

ရှိတယ် မရှိဘူး

အမှုဆောင်​လုပ်ငန်းမှာ မိဘတွေ မပါဝင်ရင်တောင် သင် ပါဝင်​နေ​သလား။တမန်​တော် ၅:၄၂

ပါဝင်​တယ် မပါဝင်​ဘူး

အမှုဆောင်​လုပ်ငန်း​နဲ့​ပတ်သက်ပြီး သင် ချမှတ်​ချင်​တဲ့ ပန်းတိုင်​တွေ ချရေး​ပါ။၂ တိမောသေ ၂:၁၅

ခရစ်ယာန် အစည်းအဝေးတွေကို ပုံမှန်​တက်​သလား၊ တစ်ခါ​တ​လေ​မှ တက်​သလား။ဟီဘရူး ၁၀:၂၅

အစည်းအဝေးတွေမှာ သင် ဘယ်လို ပါဝင်​နေသလဲ။

မိဘတွေ အစည်းအဝေး မ​တက်​နိုင်​ရင်တောင် သူတို့ ခွင့်ပြု​ရင် သင် တက်​သလား။

တက်တယ် မ​တက်​ဘူး

ဘုရား​အလိုတော်​ဆောင်​ရတာ ပျော်​သလား။ဆာလံ ၄၀:၈

ပျော်​တယ် မပျော်​ဘူး

ရွယ်တူချင်း​ဖိအား​ကို ရင်ဆိုင်ခဲ့​ရတဲ့ သတ်သတ်မှတ်မှတ် အခြေအနေ​တချို့​ကို ဖော်ပြ​ပါ။ရောမ ၁၂:၂

ယေဟောဝါ​ကို ချစ်တဲ့​မေတ္တာ ခိုင်မြဲ​နေ​အောင် ဘာတွေ​လုပ်ဖို့ ဆုံးဖြတ်ထား​သလဲ။ယုဒ ၂၀၊ ၂၁

ယေဟောဝါ​ကို မိဘတွေ၊ သူငယ်ချင်းတွေ ဝတ်မပြု​တော့​ရင်တောင် သင် ဆက်​ဝတ်ပြု​မလား။မဿဲ ၁၀:၃၆၊ ၃၇

ဝတ်ပြုမယ် မ​ဝတ်ပြု​ဘူး

[ရုပ်ပုံ]

အိမ်ထောင်ပြုခြင်း​လို​ပဲ နှစ်ခြင်း​ခံ​ခြင်း​ဟာ​လည်း ဘဝ​အလှည့်အပြောင်း တစ်ခု​ပဲ။ အဲဒါကို ပေါ့​ပေါ့​တန်​တန် သဘော​မထားသင့်​ဘူး။