မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် ခုနစ်ချက်

ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် ခုနစ်ချက်

 အစားအစာ အရေးပါပုံ

 ကိုယ်စားလိုက်တဲ့ အစားအစာက ကျန်းမာရေးအပေါ် အတော်လေး သက်ရောက်မှု ရှိတယ်။ ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတာတွေ စားမယ်ဆိုရင် ကျန်းမာရေး ကောင်းလာနိုင်တယ်။ အရည်အသွေးမမီတဲ့ လောင်စာဆီက ကားရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေသလိုပဲ အစားအသောက် ကိုင်တွယ်ရာမှာ မသန့်ရှင်းရင်၊ ကျန်းမာရေးနဲ့ မညီတာတွေ စားမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။ ချက်ချင်း မသိသာရင်တောင် တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။—ဂလာတိ ၆:၇

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ “ကမ္ဘာ့တိုင်းနိုင်ငံတိုင်းလိုလိုမှာ အာဟာရ မပြည့်ဝမှုပုံစံ တစ်မျိုးမျိုးကို ခံစားနေရတယ်။” အာဟာရချို့တဲ့ခြင်း ဖြစ်နိုင်သလို အဝလွန်ခြင်းလည်း ပါဝင်တယ်။ ကျန်းမာရေးနဲ့ မညီတာတွေကို စားသောက်ဖန်များရင် နှလုံးရောဂါ၊ လေဖြတ်တာ၊ ဆီးချိုသွေးချို၊ ကင်ဆာရောဂါတွေ ရလာဖို့ အကြောင်းများတယ်။ လေ့လာမှုတစ်ခုအရ ၂၀၁၇ ခုနှစ်အတွင်း လူ ၁၁ သန်းထက်မနည်း အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ရတယ်။ WHO ခန့်မှန်းချက်အရ အစားအသောက် မသန့်ရှင်းလို့ နေ့စဉ် လူတစ်ထောင်ကျော် သေဆုံးပြီး ကျန်းမာရေးပြဿနာ ခံစားနေရသူ သန်းပေါင်းများစွာ ရှိတယ်။

 အစားအစာ ဘေးကင်းရေးကို အလေးအနက်ထားဖို့ ကျမ်းစာ အားပေးတယ်။ ဘုရားသခင်ဟာ “အသက်ရဲ့ ပင်ရင်းပါ။” (ဆာလံ ၃၆:၉) ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင်နဲ့ မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းအားဖြင့် အသက်ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြကြတယ်။ ကျန်းမာရေး ဂရုစိုက်နိုင်ပုံကို သုံးသပ်ကြည့်ပါ။

 ဘေးကင်းတဲ့ အစားအစာဖြစ်ဖို့ အချက်လေးချက်

 ၁။ ဘေးကင်းတဲ့ အစားအစာဖြစ်အောင် ပြင်ဆင်ပါ

 ဘာကြောင့်လဲ။ ရောဂါပိုးတွေပါတဲ့ a အစားအသောက်ကို စားသောက်မိရင် ရောဂါရနိုင်တယ်။

 ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအဆို-

  •   အစားအစာကို ချက်ပြုတ်ဖို့ မပြင်ဆင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ ဆေးပါ။ b အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ပွတ်တိုက်ပါ။ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားကိုပါ အသေအချာ ပွတ်တိုက်ပါ။ ပြီးရင် ရေဆေးချပြီး ခြောက်အောင် သုတ်ပါ။

  •   စဉ်းတီတုံး၊ ပန်းကန်၊ အစားအသောက် ထိတွေ့မယ့်အရာမှန်သမျှကို ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပါ။ ချက်ပြုတ်မယ့်အစားအစာနဲ့ သားစိမ်းငါးစိမ်းတွေ လှီးဖြတ်ဖို့ စဉ်းတီတုံး၊ ချက်ပြုတ်စရာမလိုတဲ့ အစားအစာတွေ လှီးဖြတ်ဖို့ စဉ်းတီတုံးဆိုပြီး သတ်သတ်စီ ခွဲထားပါ။

  •   အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောပါ။ စိုက်ခင်းထဲ မစင်၊ ကြက်ချေး၊ ဝက်ချေး၊ စွန့်ပစ်ရေဆိုးတွေ သွင်းပြီး စိုက်ပျိုးတဲ့ဒေသမှာဆိုရင်တော့ ဟင်းသီးဟင်းရွက်တွေကို ဆားရေ၊ ရှာလကာရည်မှာ စိမ်ထားပေးပါ။

 ၂။ ချက်ပြီးသားနဲ့ မချက်ရသေးတာကို သီးခြားထားပါ

 ဘာကြောင့်လဲ။ မချက်ပြုတ်ရသေးတဲ့ အစားအစာ၊ သားစိမ်းငါးစိမ်း၊ အဲဒီကထွက်တဲ့ အရည်တွေမှာပါတဲ့ ရောဂါပိုးတွေကြောင့် တခြားအစားအသောက်တွေ ညစ်ညမ်းသွားနိုင်တယ်။

 ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအဆို-

  •   မချက်ရသေးတဲ့ အစားအစာ အထူးသဖြင့် အသားငါးတွေကို ဝယ်တဲ့အခါ အသင့်စားနိုင်တဲ့ အစားအစာနဲ့ ရောနှော သယ်ဆောင်ခြင်း၊ သိမ်းဆည်းခြင်း မလုပ်ဘဲ သီးခြားထားပါ။

  •   သားစိမ်းငါးစိမ်း ခုတ်ထစ်ပြီးရင် လက်ကော ဓါးနဲ့ စဉ်းတီတုံးကိုပါ အသေအချာ ဆေးကြောပါ။ ပြီးမှ တခြားဟာတွေ လှီးဖြတ်ပါ။

 ၃။ အစားအစာကို ကောင်းကောင်း ကျက်အောင် ချက်ပါ

 ဘာကြောင့်လဲ။ လုံလောက်တဲ့အပူချိန်နဲ့ ကျက်အောင် ချက်ပြုတ်မှသာ ရောဂါပိုးတွေ သေနိုင်လို့ပါ။

 ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအဆို-

  •   အပူချိန်ပြင်းပြင်းနဲ့ ကျက်အောင် ချက်ပါ။ အသားကို မကျက်တကျက် မချက်ပါနဲ့၊ အတွင်းထဲအထိ ကျက်အောင် ချက်ပါ။ ၇၀ ဒီဂရီ ဆဲလ်စီယပ်စ် (160°F) အထိ အနည်းဆုံး စက္ကန့် ၃၀ ထားပြီး ချက်ပါ။

  •   ဟင်းရည်ဆိုရင် ပွက်ပွက်ဆူလာအောင် တည်ပါ။

  •   ချက်ပြီးသား ပြန်နွှေး စားမယ်ဆိုရင် ကောင်းကောင်း ပူလာ၊ အငွေ့ထွက်လာတဲ့အထိ ပြန်နွှေးပါ။

 ၄။ အစားအစာကို သင့်တော်တဲ့အပူချိန်အောက်မှာ သိမ်းဆည်းပါ

 ဘာကြောင့်လဲ။ အပူချိန် ၅-၆၀ ဒီဂရီ ဆဲလ်စီယပ်စ် (40–140°F) အတွင်း ထားရင် မိနစ် ၂၀ အကြာမှာ ဘက်တီးရီးယား နှစ်ဆပွားများလာနိုင်လို့ပါ။ သားစိမ်းငါးစိမ်းတွေကို ရှိသင့်တဲ့အပူချိန်အောက် မသိမ်းဆည်းရင် အဆိပ်သင့်စေတဲ့အပြင် ဘယ်လောက်ပဲ အပူပေးပြီး ချက်ပြုတ်ပေမဲ့ မပျက်စီးတဲ့ ဘက်တီးရီးယားမျိုး ပေါက်ပွားလာနိုင်တယ်။

 ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေအဆို-

  •   မပူမနွေး အစားအစာက ပိုးပေါက်ပွားဖို့ လွယ်ကူတဲ့အတွက် အပူအအေး မှန်အောင် သိမ်းဆည်းပါ။

  •   အစားအသောက်တွေကို အခန်းအပူချိန်မှာ နှစ်နာရီထက် ပိုမထားပါနဲ့။ အခန်းအပူချိန်က ၃၂ ဒီဂရီ ဆဲလ်စီယပ်စ် (90°F) အထက်ရှိနေရင် တစ်နာရီထက် ပိုမထားပါနဲ့။

  •   ချက်ပြုတ်ပြီးရင် ပူပူနွေးနွေး စားပါ။ ဒါမှမဟုတ် မစားခင် လုံလောက်တဲ့အပူချိန်နဲ့ ပြန်နွှေးပါ။

 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ဖို့ အချက်သုံးချက်

 ၁။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်း စားပါ။

 သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ထဲမှာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါဝင်တယ်။ တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အနည်းဆုံး ၄၀၀ ဂရမ် စားပေးဖို့လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။ အဲဒီထဲမှာ အာလူးတို့ ကန်စွန်းဥတို့ မပါသေးဘူး။

 ၂။ အဆီတွေကို တော်သင့်ရုံသာ စားပါ။

 ဆီကြော်စာတွေ၊ ကျန်းမာရေးနဲ့ မညီတဲ့ဆီတွေ ပါတဲ့၊ ကြာရှည်ခံအောင် ပြုပြင်မွမ်းမံထားတဲ့ စည်သွပ်ဘူး၊ အေးခဲထားတဲ့ အစားအသောက်၊ မုန့်တွေကို လျှော့စားဖို့ WHO တိုက်တွန်းတယ်။ ဖြစ်နိုင်ရင် မပြည့်ဝဆီနဲ့ ချက်ပြုတ်ပါ။ c စားအုန်းဆီတို့လို ပြည့်ဝဆီထက် ပိုကောင်းလို့ပါ။

 ၃။ ဆား၊ သကြား လျှော့စားပါ။

 လူတစ်ယောက်ဟာ တစ်နေ့ကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက် ပိုမစားသင့်ဘူးလို့ WHO က ဆိုပါတယ်။ သကြားအစားထိုး အချိုဓာတ်ကို တစ်နေ့ လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းထက် ပိုမစားဖို့ အကြံပြုထားတယ်။ d အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ အစားအသောက် အများစုမှာ သကြားအများကြီး ပါလေ့ရှိတယ်။ ၃၅၅ မီလီလီတာပါတဲ့ အချိုရည်တစ်ဘူးမှာ သကြား ၅၀ မီလီလီတာ (လက်ဖက်ရည်ဇွန်း ၁၀ ဇွန်း) ပါတယ်။ အချိုရည်တွေဟာ ကယ်လိုရီဓာတ်ပါဝင်မှု များပေမဲ့ အာဟာရဓာတ် မပါသလောက်ပဲ။

 “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်” လို့ ကျမ်းစာ ပြောတယ်။ (ပညာအလိမ္မာ ၂၂:၃) ကိုယ့်ရဲ့ စားသောက်ပုံကို အမြော်အမြင်ရှိရှိ၊ လိုအပ်သလို ပြောင်းလဲတာက ကိုယ့်အသက်၊ ကိုယ့်ကျန်းမာရေးကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြရာရောက်တယ်။

 လူအများလက်ခံထားတဲ့ ယူဆချက်အမှားများ

 ယူဆချက်အမှား- အစားအသောက်ရဲ့ အဆင်း၊ အနံ့၊ အရသာ ကောင်းနေသေးရင် စားလို့ ရပါတယ်။

 အမှန်- ရေတစ်လီတာမှာ ဘက်တီးရီးယား ၁၀ သန်းကျော် ရှိရင် အဲဒီရေ နှောက်နေမယ်၊ ဒါပေမဲ့ ဘက်တီးရီးယား အကောင် ၁၅-၂၀ လောက်ပါတာကို စားသောက်မိရုံနဲ့ ဖျားနာနိုင်တယ်။ ဘေးကင်းတဲ့ အစားအသောက် ဖြစ်စေဖို့ သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ပါ။ အစားအသောက်တွေကို ရှိသင့်တဲ့အပူချိန်အောက် သိမ်းဆည်းပါ။

 ယူဆချက်အမှား- ယင်ကောင်နားရုံနဲ့ ဘာမှ မဖြစ်ပါဘူး။

 အမှန်- ယင်ကောင်တွေက မစင်၊ အညစ်အကြေး၊ အပုပ်အသိုးတွေ စားသောက်ပြီး အဲဒီမှာ ပေါက်ပွားတတ်တဲ့အတွက် ယင်ကောင်ခြေထောက်မှာ ရောဂါပိုး သန်းပေါင်းများစွာ ကပ်ပါနေတတ်တယ်။ ရောဂါပိုး မကူးစက်စေဖို့ ချက်ပြုတ်ပြီးသား အစားအသောက်တွေကို ယင်လုံအောင် အသေအချာ ဖုံးအုပ်ထားပါ။

 ယူဆချက်အမှား- ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်မျိုး စားလာတာ ကြာလှပေါ့။ စားသောက်ပုံ ပြောင်းစရာ မလိုလောက်တော့ပါဘူး။

 အမှန်- ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အခုကစပြီး ကျန်းမာရေးနဲ့ ညီအောင် စားသောက်မယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ နည်းသွားမယ်။ ကျန်းမာရေးနဲ့ ညီအောင် စားသောက်ခြင်း အကျိုးကျေးဇူးတွေ ခံစားရမယ်။

a ရောဂါပိုး ဒါမှမဟုတ် အဏုဇီဝပိုးမွှားတွေဆိုတာ မျက်စိနဲ့ ဒီအတိုင်း ကြည့်လို့ မမြင်နိုင်လောက်အောင် သေးငယ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုးတွေ ဖြစ်တယ်။ အဏုဇီဝပိုးမွှားတချို့က လူကို ကောင်းကျိုးပြုပေမဲ့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကတော့ ရောဂါရစေနိုင်ရုံမက သေတောင် သေစေနိုင်တယ်။

b ရေနဲ့ပဲ ဆေးတာထက် ဆပ်ပြာနဲ့ ဆေးတာက ရောဂါပိုးကို ဖယ်ရှားနိုင်တယ်။

c မပြည့်ဝဆီက အခန်းအပူချိန်မှာ ထားလည်း ခဲမသွားဘူး။

d သကြားအစားထိုး အချိုဓာတ်မှာ သကြားဖြူ၊ ပျားရည်၊ သကာရည်၊ သစ်သီးအရည်စတဲ့ သကြားအဆီအနှစ်တွေ ပါဝင်တယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ နို့ထဲက သဘာဝ အချိုဓာတ်တော့ မပါဘူး။