မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ရှေးဗာဗုလုန်မြို့ အပျက်အစီးတွေကနေ ရှာဖွေတွေ့ရှိတဲ့ အုတ်တွေ၊ အုတ်ဖုတ်နည်းတွေက ကျမ်းစာ တိကျမှန်ကန်ကြောင်း ဘယ်လို ထောက်ခံသလဲ

ရှေးခေတ် ဗာဗုလုန်မြို့ တည်ဆောက်ရာမှာ သုံးတဲ့ အုတ်သန်းပေါင်းများစွာကို ရှေးဟောင်း သုတေသီတွေ တူးဖော်တွေ့ရှိခဲ့ကြတယ်။ သုတေသီ ရောဘတ် ခိုဒီဗိုင်းရဲ့ အဆိုအရ “ရွံ့စေးမြေ ကောင်းပြီး ထင်းမီးလောင်စာ ပေါတဲ့ မြို့ပြင်” မှာ မီးပြင်းဖိုတွေ တည်ပြီး အုတ်ဖုတ်ခဲ့ကြတယ်။

ဗာဗုလုန် မင်းအရာရှိတွေဟာ ဒီမီးပြင်းဖိုတွေ သုံးပြီး ရက်စက်တဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့ကြတယ်လို့ ရှေးဟောင်း မှတ်တမ်းတွေက ဆိုတယ်။ “ရှေးဗာဗုလုန် မှတ်တမ်းတွေအရ . . . ဘုရင်ကို မနာခံသူတွေ၊ ဗာဗုလုန် ဘုရားတွေကို မလေးမစား လုပ်သူတွေကို မီးဖိုထဲ ထည့်ပြီး မီးရှို့စေတယ်” လို့ တိုရွန်တို တက္ကသိုလ်က ဆီးရီးယား သမိုင်းနဲ့ ဘာသာဗေဒဆိုင်ရာ ပါမောက္ခ ပေါလ် အလိုင်း ဘော်လျူး ဆိုတယ်။ ဥပမာ၊ “မီးလောင်တိုက်သွင်းကြ။ မီးဖိုထဲ ထည့်ပြီး ကင်လိုက်ကြ။ အစအန မကျန်အောင် ဖျက်ဆီးပစ်လိုက်။ မီးခိုးလုံးတွေ တလိပ်လိပ် ထွက်တဲ့အထိ မီးရှို့ပစ်လိုက်” ဆိုပြီး ဘုရင် နေဗုခဒ်နေဇာခေတ်က စာပေတစ်ခုမှာ ဖော်ပြထားတယ်။

ဒါက ဒံယေလ အခန်းကြီး ၃ မှာ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ကို သတိရစေတယ်။ ဗာဗုလုန်မြို့အပြင်ဘက် ဒုရလွင်ပြင်မှာ ရွှေရုပ်တုကြီးတစ်ခုကို ဘုရင် နေဗုခဒ်နေဇာ တည်ထားတယ်။ ဒါပေမဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ ခေါ်တဲ့ ဟီဘရူး လူငယ်လေး သုံးယောက် ရုပ်တုကြီးကို ဦးမချဝတ်မပြုလို့ နေဗုခဒ်နေဇာ အကြီးအကျယ် ဒေါသထွက်တယ်။ ဒါကြောင့် မီးဖိုကြီးကို နဂိုထက် “ခုနစ်ဆ ပူအောင် လုပ်” ပြီး လူငယ်သုံးယောက်ကို “တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချ” စေတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး လာကယ်လို့ သေဘေးက လွတ်သွားကြတယ်။—ဒံ. ၃:၁-၆၊ ၁၉-၂၈

© The Trustees of the British Museum. Licensed under CC BY-NC-SA 4.0. Source

နေဗုခဒ်နေဇာ နာမည် ထွင်းထားတဲ့ အုတ်တစ်ချပ်

ဗာဗုလုန်မှာ ရှာဖွေတွေ့ရှိတဲ့ အုတ်တွေကလည်း ကျမ်းစာ တိကျမှန်ကန်ကြောင်း ထောက်ခံတယ်။ အုတ်တော်တော်များများမှာ ဘုရင်ကို ချီးမြှောက်တဲ့ စာသားတွေ ထွင်းထားတယ်။ “ဗာဗုလုန်မြို့ကြီးရဲ့ ဘုရင် နေဗုခဒ်နေဇာ . . . ။ ငါကိုယ်တော်မြတ် စံမြန်းဖို့ တည်ထားတဲ့ နန်းတော် . . . ။ ဒီနန်းတော်မှာ ငါ့သားမြေးအစဉ်အဆက် စိုးစံစေသတည်း” ဆိုပြီး အုတ်ခွက်စာ တစ်ခုမှာ ဖတ်ရတယ်။ ဒါက “ဒီမြို့ဟာ ငါကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဗာဗုလုန်မြို့ကြီးပဲ။ ငါ့ဘုန်းတန်ခိုး ထင်ရှားစေဖို့ ငါ့အစွမ်းခွန်အားနဲ့ မင်းနေပြည်တော်အဖြစ် ငါတည်ဆောက်ထားတာပဲ” ဆိုတဲ့ ဒံယေလ ၄:၃၀ ဖော်ပြချက်နဲ့ သိပ်ကို ဆင်တူတယ်။