မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

တစ်နှစ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေခွင့်ရချင်တယ်

တစ်နှစ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်စွာ နေခွင့်ရချင်တယ်
  • မွေးဖွားတဲ့နှစ်– ၁၉၇၁

  • နေရင်းနိုင်ငံ– ပြင်သစ်

  • နောက်ခံ– ရာဇဝတ်မှုကျူးလွန်၊ အကျင့်ပျက်၊ မူးယစ်ဆေးစွဲသူ

အတိတ်

ကျွန်တော့်မိသားစုဟာ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းက တယ်လန်ကောရွာမှာ နေထိုင်တယ်။ အဖေက ပြင်သစ်လူမျိုး၊ အမေကတော့ အီတလီလူမျိုးပါ။ ကျွန်တော့်အသက်ရှစ်နှစ်မှာ မိသားစုတစ်စုလုံး အီတလီနိုင်ငံ၊ ရောမမြို့က လက်လုပ်လက်စားတွေနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ဆီ ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ မိသားစုက ပိုပြီးကျပ်တည်းလာတယ်။ ငွေကြေးအခက်အခဲကြောင့် မိဘတွေဟာ အကြီးအကျယ်ရန်ဖြစ်ကြတယ်။

ကျွန်တော့်အသက် ၁၅ နှစ်မှာ အိမ်ကနေထွက်ပြီး လောကမှာအပေါင်းအသင်းရှာဖို့ အမေက တိုက်တွန်းတော့ ကျွန်တော် အိမ်မှာ သိပ်မကပ်တော့ဘူး။ မကြာပါဘူး၊ မကောင်းတဲ့လူတွေနဲ့ ပေါင်းမိတော့တာပဲ။ တစ်နေ့ ရင်းနှီးဖော်ရွေပုံပေါက်တဲ့ လူတစ်ဦးက ကျွန်တော့်ဆီချဉ်းကပ်ပြီး မူးယစ်ဆေးသုံးဖို့ ပြောလာတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် လူကြီးပုံဖမ်းချင်တာနဲ့ပဲ သုံးလိုက်တယ်။ မကြာပါဘူး၊ ဆေးစွဲပြီး အကျင့်ပျက်တဲ့ဘဝရောက်သွားတယ်။ ခဏခဏဆိုသလိုပဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ ခံရတယ်။ ဒီလိုနဲ့ သေမထူး၊ နေမထူးဘဝရောက်သွားတယ်။ ဒီတော့ ဘဝက သိပ်ပြီးအထီးကျန်ဆန်သွားတယ်။ အသက် ၁၆ နှစ်မှာ ဝီစကီတစ်ပုလင်းလုံးမော့၊ ကန်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်။ ဒါကြောင့် သုံးရက်လောက် သတိမေ့မြောသွားတယ်။

ကောင်းကောင်းမွန်မွန်အသက်ရှင်ဖို့ ကြိုးစားပေမဲ့ ပိုပြီးအကြမ်းဖက်၊ ကောက်ကျစ်လာတယ်။ ယောက်ျားပြည့်တန်ဆာလုပ်တယ်၊ အိမ်တိုင်ရာရောက် မူးယစ်ဆေး လိုက်သွင်းပေးတယ်၊ ပြီးတော့ သူတို့အိမ်က အဖိုးတန်ပစ္စည်းမှန်သမျှကို ခိုးတယ်။ ရာဇဝတ်ဂိုဏ်းကြီးတွေက အီတလီနိုင်ငံအနှံ့ မူးယစ်ဆေးကုန်ကူးရာမှာ ကျွန်တော့်ကိုသုံးတယ်။ ရဲတွေနဲ့ ခဏခဏပက်ပင်းတိုးပြီး ပြဿနာတက်တယ်။ ကျွန်တော့်ဘဝက မရေမရာ ပရမ်းပတာဖြစ်နေပေမဲ့ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ရှိရမယ်လို့တော့ တစ်ထစ်ချယုံကြည်တယ်။ တစ်နှစ်လောက်ပဲ ငြိမ်းချမ်း ပျော်ရွှင်စွာ နေချင်ပါတယ်ဆိုပြီး ဘုရားဆီဆုတောင်းခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ

ကျွန်တော့်အသက် ၂၄ နှစ်မှာ အင်္ဂလန်ကို ပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ အလုပ်လုပ်နေရင်း ကျွန်တော့်အတွက် အသက်အန္တရာယ်ရှိလာတယ်။ မပြောင်းခင် အမေ့ကိုနှုတ်ဆက်ဖို့သွားတဲ့အခါ အနွန်းဇီရာတို လူဂါရာဆိုတဲ့လူက အမေ့ကို ကျမ်းစာအကြောင်း ပြောပြနေတာတွေ့ရလို့ အံ့အားသင့်သွားတယ်။ * ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးတဲ့ သူ့နောက်ခံကိုသိထားလို့ ခင်ဗျား ဘာကြောင့်ဒီကိုလာရတာလဲဆိုပြီး ကျွန်တော် အလန့်တကြား မေးလိုက်တယ်။ ယေဟောဝါသက်သေတစ်ဦးဖြစ်ဖို့ သူ့ဘဝမှာ ကြီးကြီးမားမား ပြောင်းလဲခဲ့တယ်ဆိုတဲ့အကြောင်းရှင်းပြပြီး အင်္ဂလန်ကိုရောက်သွားတဲ့အခါ သက်သေခံတွေနဲ့စကားပြောဖို့ ကျွန်တော့်ဆီက ကတိတောင်းတယ်။ ပြောမယ်လို့ ကတိပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီလည်းရောက်ရော ကျွန်တော့်ဘဝက ဒုံရင်းအတိုင်း ပြန်ဖြစ်သွားတယ်။

တစ်နေ့၊ လန်ဒန်မြို့က လူသွားလူလာများတဲ့ လမ်းမပေါ်မှာ ကင်းမျှော်စင်နဲ့ နိုးလော့! ဝေငှနေတဲ့ ယေဟောဝါသက်သေတစ်ဦးနဲ့ ဆုံမိတယ်။ အနွန်းဇီရာတိုကိုပေးခဲ့တဲ့ ကတိကိုပြန်သတိရမိတာနဲ့ ကျွန်တော့်ကို ကျမ်းစာသင်ပေးနိုင်မလားဆိုပြီး သူ့ကို မေးလိုက်တယ်။

ကျမ်းစာသင်လို့ သိလာတဲ့အရာတွေက သိပ်အံ့အားသင့်စရာကောင်းတယ်။ ဥပမာ၊ “ငါတို့သည် အပြစ်များကို ဝန်ခံလျှင် ကိုယ်တော်ခွင့်လွှတ်ပြီး မတရားမှုရှိသမျှတို့မှ ငါတို့ကို သန့်စင်စေတော်မူမည်” ဆိုတဲ့ ၁ ယောဟန် ၁:၉ ပါ ကျမ်းစကားကြောင့် ကျွန်တော်စိတ်ထိမိသွားတယ်။ ကိုယ့်ဘဝကိုယ် ရွံရှာမုန်းတီးနေတဲ့ ကျွန်တော့်အပေါ် ဒီကျမ်းချက်က အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ စည်းဝေးတွေ စတက်တယ်။ သူတို့က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ကျွန်တော်အမြဲတောင့်တခဲ့တဲ့ ချစ်ခင်ရင်းနှီးမှုကိုမြင်ရလို့ မိသားစုသဖွယ်ဖြစ်နေတဲ့ အသင်းတော်မှာ ပါဝင်ချင်စိတ်ပေါ်လာတယ်။

မူးယစ်ဆေးဖြတ်ရတာ၊ အကျင့်ပျက်ဘဝပုံစံကို ပြောင်းလဲရတာ သိပ်မခက်ပေမဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းအောင်လုပ်ဖို့တော့ အရမ်းခက်တယ်။ လူတွေကို ကျွန်တော် လေးလေးစားစား၊ ထောက်ထားစာနာစွာ ဆက်ဆံရမယ်ဆိုတာ သိလာတယ်။ တကယ်တော့ အကျင့်ဆိုးတချို့ကို ဆက်တွန်းလှန်နေရတုန်းပါပဲ။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့အကူအညီနဲ့ အောင်နိုင်ခဲ့တယ်။ ကျမ်းစာစလေ့လာပြီး ခြောက်လအကြာမှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။ နှစ်ခြင်းခံတဲ့နှစ်က ၁၉၉၇ ခုနှစ်ပေါ့။

အကျိုးကျေးဇူးရရှိခဲ့ပုံ

နှစ်ခြင်းခံပြီးတဲ့နောက် ယေဟောဝါသက်သေဖြစ်တာ သိပ်မကြာသေးတဲ့ ညီအစ်မ ဘာဘရာနဲ့ လက်ထပ်လိုက်တယ်။ သူငယ်ချင်းဟောင်းတစ်ယောက်က ကျွန်တော် အကြီးအကျယ် ပြောင်းလဲသွားတာကိုတွေ့တော့ သူလည်း ကျမ်းစာစလေ့လာတယ်။ အချိန်တန်တော့ သူလည်း သက်သေခံဖြစ်လာတယ်၊ သူ့အစ်မရောပဲ။ ဒါ့အပြင် အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ကျွန်တော့်အဖွားရဲ့အစ်မလည်း ကျမ်းစာစလေ့လာတယ်၊ မဆုံးခင်လေးမှာ နှစ်ခြင်းခံခဲ့တယ်။

အခု ကျွန်တော် အသင်းတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံဟာ ဘုရားအလုပ်ကိုအချိန်ပြည့်လုပ်နေပြီး လန်ဒန်မြို့က အီတလီစကားပြောသူတွေကို ကျမ်းစာသင်ပေးနေပါတယ်။ အရင်ဘဝပုံစံကြောင့် စိတ်ဓာတ်ကျချိန်တွေရှိပေမဲ့ ဘာဘရာက ကျွန်တော့်ကို အများကြီးကူညီဖေးမတယ်။ နောက်ဆုံးတော့ ကျွန်တော်အမြဲတောင့်တခဲ့ရတဲ့ အတည်တကျမိသားစုဘဝနဲ့ မေတ္တာရှင်ဖခင်ကို ပိုင်ဆိုင်ခွင့်ရပါပြီ။ တစ်နှစ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်စွာနေခွင့်ရချင်တယ်လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ ကျွန်တော် ဆုတောင်းတာထက် ကိုယ်တော် ပိုပေးခဲ့ပါတယ်။

နောက်ဆုံးတော့ ကျွန်တော်အမြဲတောင့်တခဲ့ရတဲ့ အတည်တကျမိသားစုဘဝနဲ့ မေတ္တာရှင်ဖခင်ကို ပိုင်ဆိုင်ခွင့်ရပါပြီ

^ စာပိုဒ်၊ 10 ၂၀၁၄၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၉ မှာဖော်ပြထားတဲ့ အနွန်းဇီရာတို လူဂါရာ ပြောပြတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်—သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး” ဆောင်းပါးကို ကြည့်ပါ။