မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား

ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား

ဒီကမ္ဘာလောက ကွယ်ပျောက်သွားမယ်လို့ ကျမ်းစာမှာ ပြောထားတာကို သင် သိကောင်း သိပါလိမ့်မယ်။ (၁ ယောဟန် ၂:၁၇) လူသားမျိုးနွယ် ပျက်သုဉ်းသွားမှာကို ဆိုလိုသလား။ ကမ္ဘာမြေကြီးက သက်ရှိတွေ ကင်းမဲ့တဲ့ နေရာ ဖြစ်သွားမလား။

မဟုတ်ဘူးလို့ ကျမ်းစာမှာ ဖြေထားတယ်။

မပျက်စီး သွားမယ့် အရာက ဘာလဲ

လူသားမျိုးနွယ်

ကျမ်းစာအဆို– “ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့” တယ်။—ဟေရှာယ ၄၅:၁၈

ကမ္ဘာဂြိုဟ်

ကျမ်းစာအဆို– “လူမျိုးတစ်ဆက် လွန်သွားတယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။ ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။”—ဒေသနာ ၁:၄

ဆိုလိုတာက– ကျမ်းစာအရ ကမ္ဘာမြေကြီးဟာ ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။ နေထိုင်သူတွေ အမြဲ ရှိမယ်။ ဒါဆိုရင် ဒီကမ္ဘာလောက ကွယ်ပျောက်သွားမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

စဉ်းစားကြည့်ပါ– ကျမ်းစာမှာ ဒီလောကရဲ့ အဆုံးကို နောဧခေတ်နဲ့ နှိုင်းယှဉ်ထားတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာဟာ “အကြမ်းဖက်မှုနဲ့ ပြည့်နေ” တယ်။ (ကမ္ဘာဦး ၆:၁၃) နောဧကတော့ ဖြောင့်မတ်သူ ဖြစ်တယ်။ ဒါကြောင့် နောဧနဲ့ မိသားစုကို ဘုရားသခင် ကယ်တင်ခဲ့တယ်။ လူဆိုးတွေကိုတော့ ရေလွှမ်းမိုးဘေးနဲ့ ဖျက်ဆီးခဲ့တယ်။ အဲဒီအချိန်က အဖြစ်အပျက်ကို ကျမ်းစာမှာ ဒီလို ဆိုထားတယ်– “ရေလွှမ်းမိုးတုန်းက . . . အဲဒီခေတ်က လူတွေ ပျက်စီးခဲ့” တယ်။ (၂ ပေတရု ၃:၆) ကမ္ဘာမြေကြီးကို ဖျက်ဆီးခဲ့တာမဟုတ်ဘူး၊ လူဆိုးတွေကို ဖျက်ဆီးခဲ့တာ။ ဒါကြောင့် ကျမ်းစာမှာ ကမ္ဘာလောက ကွယ်ပျောက်သွားတယ်လို့ ပြောတဲ့အခါ ကမ္ဘာဂြိုဟ် ပျက်စီးသွားတာကို မဆိုလိုဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူဆိုးတွေနဲ့ မကောင်းမှုတွေ ပျက်စီးသွားတာကို ဆိုလိုတယ်။

ပျက်စီးကွယ်ပျောက် သွားမယ့်အရာက ဘာလဲ

ပြဿနာတွေ၊ ဆိုးသွမ်းမှုတွေ

ကျမ်းစာအဆို– “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ ရှိတတ်တဲ့ နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

ဆိုလိုတာက– နောဧခေတ် ရေလွှမ်းမိုးဘေးမှာ ဆိုးသွမ်းမှုကို အပြီးသတ် ဖျက်ဆီးခဲ့တာ မဟုတ်ဘူး။ ရေလွှမ်းမိုးဘေး ပြီးနောက်မှာ လူဆိုးတွေဟာ လူတွေကို ဒုက္ခ ထပ်ပေးပြန်တယ်။ မကြာခင် လူဆိုးတွေကို ဘုရား လုံးဝ ဖျက်ဆီးပစ်တော့မယ်။ “လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး” လို့ ဆာလံကျမ်းရေးသူက ဆိုတယ်။ ဘုရားသခင်က မိမိရဲ့ နိုင်ငံတော်အားဖြင့် ဆိုးညစ်မှုတွေကို ဖယ်ရှားပါလိမ့်မယ်။ အဲဒီနိုင်ငံတော်ဟာ ဖြောင့်မတ်တဲ့လူတွေကို ကောင်းကင်ကနေ အုပ်ချုပ်မယ့် အစိုးရတစ်ခု ဖြစ်တယ်။

စဉ်းစားကြည့်ပါ– လက်ရှိ လူ့အုပ်စိုးရှင်တွေက ဘုရားသခင့် နိုင်ငံတော်ကို ထောက်ခံကြမလား။ ထောက်ခံမှာ မဟုတ်ဘူးလို့ ကျမ်းစာက ဆိုတယ်။ ဘုရားသခင့် နိုင်ငံတော်ကို သူတို့ မိုက်မိုက်မဲမဲ ဆန့်ကျင်ကြပါလိမ့်မယ်။ (ဆာလံ ၂:၂) ဘာဆက်ဖြစ်လာမလဲ။ လူ့အုပ်ချုပ်မှုအားလုံး ဖယ်ရှားခံရပြီး ဘုရားနိုင်ငံတော်က အုပ်ချုပ်ပါလိမ့်မယ်။ “အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။” (ဒံယေလ ၂:၄၄) လူ့အုပ်ချုပ်မှုတွေကို ဘာကြောင့် ဖယ်ရှားဖို့ လိုသလဲ။

လူ့အုပ်ချုပ်မှု အဆုံးတိုင်ဖို့ လိုအပ်

ကျမ်းစာအဆို– “လူဟာ ကိုယ်သွားမယ့် လမ်းကို လမ်းညွှန်နိုင်စွမ်း မရှိမှန်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။”—ယေရမိ ၁၀:၂၃

ဆိုလိုတာက– လူလူချင်း အုပ်ချုပ်ဖို့ ဖန်ဆင်းခံထားရတာ မဟုတ်ဘူး။ လူလူချင်း အုပ်ချုပ်ဖို့၊ လူ့ပြဿနာတွေကို ဖြေရှင်းဖို့ လူတွေမှာ အရည်အချင်း မရှိဘူး။

စဉ်းစားကြည့်ပါ– လူ့အစိုးရတွေဟာ “ဆင်းရဲမွဲတေမှု၊ ရောဂါ၊ သဘာဝ ဘေးအန္တရာယ်၊ စစ်နဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်း” နိုင်စွမ်း မရှိဘူးလို့ ဗြိတိန်နီကာ အကယ်ဒမီမှာ ဖော်ပြထားတယ်။ “တချို့က . . . တစ်ကမ္ဘာလုံးမှာ အစိုးရ တစ်ခုတည်း ရှိမှပဲ လူ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြတယ်” ဆိုပြီး ဆက်ပြောတယ်။ ဒါပေမဲ့ လူ့အစိုးရတွေအားလုံး စည်းလုံးညီညွတ်ရင်တောင် မစုံလင်တဲ့လူတွေ အုပ်ချုပ်နေဆဲ ဖြစ်လို့ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ဘုရားသခင့် နိုင်ငံတော်ကပဲ လူ့ပြဿနာအားလုံးကို အပြီးသတ် ဖြေရှင်းပေးနိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော အစိုးရ ဖြစ်တယ်။

ကျမ်းစာအဆိုအရ ဆိုးညစ်တဲ့ လက်ရှိလောက ကွယ်ပျောက်ပျက်စီးသွားမှာ ဖြစ်လို့ လူကောင်းတွေ ကြောက်ဖို့ မလိုပါဘူး။ ယိုယွင်းပျက်စီးနေတဲ့ ကမ္ဘာဟောင်းနေရာမှာ ကောင်းမွန်လှတဲ့ ဘုရားသခင့် ကမ္ဘာသစ် အစားထိုးလာမှာကို မျှော်လင့်နိုင်ပါတယ်။

အဲဒီလို ဘယ်တော့ ဖြစ်လာမလဲ။ နောက်ဆောင်းပါးမှာ ကျမ်းစာအဖြေကို တွေ့ရပါမယ်။