မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်​နှာ​ဖုံး​ဆောင်း​ပါး | နှစ်​သိမ့်​မှု​ကို ဘယ်​မှာ​ရှာ​တွေ့​နိုင်​မလဲ

ဘုရားသခင် နှစ်သိမ့်ပေးပုံ

ဘုရားသခင် နှစ်သိမ့်ပေးပုံ

ယေဟောဝါ​ဘု​ရား​ဟာ * “နှစ်​သိမ့်​ခြင်း​ရှိ​သမျှ​တို့​၏ ဘု​ရား​သခင်၊” “ဆင်းရဲ​ဒုက္ခ​ရှိ​သမျှ​၌ ငါ​တို့​ကို နှစ်​သိမ့်” တဲ့​အရှင်​ဖြစ်​တယ်​ဆို​ပြီး တမန်​တော်​ပေါလု ပြော​ခဲ့​တယ်။ (၂ ကောရိန္သု ၁:၃၊ ၄) ဒါ​ကြောင့် ဘု​ရား​သခင့်​အကူ​အညီ​ကို မရ​နိုင်​တဲ့​သူ မရှိ​သလို ကောင်း​ကင်​ဖခင်​က နှစ်​သိမ့်​မပေး​နိုင်​လောက်​အောင် ကြီး​မား​လွန်း​တဲ့ ပြဿ​နာ​ဆို​တာ​လည်း မရှိ​မှန်း ကျမ်း​စကား​တွေ​ကြောင့် စိတ်​ချ​နိုင်​တယ်။

ဘု​ရား​သခင်​ရဲ့ နှစ်​သိမ့်​မှု​ကို ခံစား​ရ​ဖို့ ကျွန်​တော်​တို့​ဘက်​က လုပ်​ရ​မယ့်​အရာ​တော့ ရှိ​တယ်။ ဆ​ရာ​ဝန်​ကို တစ်​ခါ​မှ သွား​မတွေ့​ဘူး​ဆို​ရင် ဆရာဝန်​က ကျွန်​တော်​တို့​ကို ဘယ်​လို​လုပ် ကူညီ​ပေး​နိုင်​မလဲ။ “လူ​နှစ်​ဦး​သည် တွေ့​ဆုံ​ရန်​မချိန်း​ဆို​ဘဲ အတူ ခ​ရီး​ပြု​နိုင်​မည်​လော” ဆို​ပြီး ပရောဖက်​အာမုတ် မေး​ခဲ့​သလို​ပေါ့။ (အာမုတ် ၃:၃ခ​မ) ဒါ​ကြောင့် ကျမ်း​စာ​မှာ “ဘု​ရား​သခင်​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​သည်​လည်း သင်​တို့​ထံ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်” လို့ တိုက်​တွန်း​ထား​ပါ​တယ်။—ယာကုပ် ၄:၈

ကျွန်​တော်​တို့​ဆီ ဘု​ရား​သခင် ချဉ်း​ကပ်​လိမ့်​မယ်​လို့ ဘာ​ကြောင့်​ပြော​နိုင်​တာ​လဲ။ ပထ​မအကြောင်း​ရင်း​က​တော့ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို ကူညီ​ပေး​ချင်​တယ်​လို့ အကြိမ်​ကြိမ် ပြော​ထား​လို့​ပဲ။​ ( လေး​ထောင့်​ကွက်​ကို​ ကြည့်​ပါ။) ဒုတိ​ယ​အကြောင်း​ရင်း​က အတိတ်​တုန်း​က​ရော၊ လက်ရှိ​မှာ​ပါ ဘု​ရား​သခင့်​နှစ်​သိမ့်​မှု ခံစား​ရ​သူ​တွေ​ဆီ​က​နေ ယုံ​ကြည်​စိတ်​ချ​လောက်​တဲ့ အထောက်​အထား​တွေ ကျွန်​တော်​တို့​ဆီ​မှာ ရှိ​ထား​လို့​ပဲ။

ဒီ​ခေတ်​က လူ​တွေ​လို​ပဲ ဘု​ရင်​ဒါဝိဒ်​လည်း ပြဿ​နာ​တွေ​ကြုံရ​တဲ့​အခါ ဘု​ရား​သခင့်​မစ​မှု​ရ​ဖို့ ရှာခဲ့​တယ်။​ တစ်​ကြိမ်​မှာ သူ​က “အကျွန်ုပ်​တောင်း​လျှောက်​သော အသံ​ကို နား​ထောင်​တော်​မူ​ပါ” ဆို​ပြီး ယေဟောဝါ​ဘု​ရား​ကို အသနား​ခံ​ခဲ့​တယ်။ ဘု​ရား​သခင် နား​ထောင်​ခဲ့​သလား။ နား​ထောင်​ခဲ့​ပါ​တယ်။ ဒါ​ကြောင့်​လည်း “ငါ့​ကို စောင့်​မတော်​မူ​သော​ကြောင့် ငါ့​နှလုံး​သည် ရွှင်​လန်း​လျက်​ရှိ​၏” လို့​သူ​ပြော​ခဲ့​တယ်။—ဆာလံ ၂၈:၂၊ ၇

ပူ​ဆွေး​သော​က​ရောက်​နေ​သူ​တွေ​ကို နှစ်​သိမ့်​ပေး​တဲ့ ယေရှု

လူ​တွေ​ကို နှစ်​သိမ့်​ပေး​ရာ​မှာ ယေရှု​ကို အဓိ​က​အသုံး​ပြု​ဖို့ ဘု​ရား​သခင် ရည်​ရွယ်​ထား​တယ်။ သူ့​ကို ဘု​ရား​ပေး​တဲ့ တာဝန်​တွေ​ထဲ​မှာ ‘နှလုံး​ကြေ​ကွဲ​သော​သူတို့​၏ အနာ​ကို စည်း​ပေး​ဖို့၊’ ‘စိတ်​မသာ ညည်း​တွား​သော​သူတို့​အား နှစ်​သိမ့်​ဖို့’ လည်း​ပါ​တယ်။ (ဟေ​ရှာ​ယ ၆၁:၁၊ ၂) ကြို​ဟော​ထား​တဲ့​အတိုင်း​ပဲ ယေရှု​ဟာ “ဝန်​လေး​၍ ပင်​ပန်း​သော​သူ” တွေ​ကို အလေး​အနက်​ထား​ပြီး စိတ်​ဝင်​စား​မှု​ ပြခဲ့​တယ်။—မဿဲ ၁၁:၂၈-၃၀

ယေရှု​က လူ​တွေ​ကို အကြံ​ဉာဏ်​ကောင်း​တွေ​ပေး​ပြီး နှစ်​သိမ့်​ပေး​ခဲ့​တယ်၊​ လူ​တွေ​ကို ကြင်​ကြင်နာ​နာ​ ဆက်ဆံ​ခဲ့​တဲ့​အပြင် အနာ​ရော​ဂါ​တွေ​ကို​လည်း ကု​သပေး​ခဲ့​တယ်။ တစ်​နေ့​မှာ အနာ​ကြီး​ရော​ဂါသ​ည်​တစ်​ယောက်​က “ကိုယ်​တော် အလို​ရှိ​လျှင် ကျွန်ုပ်​ကို သန့်​ရှင်း​စေ​နိုင်​သည်” လို့​တောင်း​ပန်​တဲ့​အခါ ယေရှု​ဟာ သနား​စိတ်​ယို​ဖိတ်​လာ​ပြီး “ငါ​အလို​ရှိ​၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ” လို့​ပြော​ခဲ့​တယ်။ (မာကု ၁:၄၀၊ ၄၁) အဲဒီ​လူ​လည်း ရော​ဂါ​ပျောက်​သွား​တယ်။

အခု​ချိန်​မှာ​တော့ ဘု​ရားရဲ့​သား ယေရှု​က ကမ္ဘာ​မြေပေါ်​မှာ မရှိ​တော့​တဲ့​အတွက် ကျွန်​တော်​တို့​ကို ကိုယ်​တိုင်​ကိုယ်​ကျ​လာ​ပြီး မနှစ်​သိမ့်​ပေး​နိုင်​ဘူး။ ဒါ​ပေမဲ့ ယေရှု​ရဲ့​ဖခင်​ “နှစ်​သိမ့်​ခြင်း ရှိ​သမျှ​တို့​၏ ဘု​ရား​သခင်” ယေဟောဝါ​က လို​အပ်​နေ​သူ​တွေ​ကို နှစ်​သိမ့်​မှု​ပေး​နေ​တုန်း​ပါ​ပဲ။ (၂ ကော​ရိန္သု ၁:၃) လူ​တွေ​ကို​နှစ်​သိမ့်​ဖို့ ဘု​ရား​သခင်​အသုံး​ပြု​တဲ့ အဓိ​က​နည်း​လမ်း လေး​ခု​အကြောင်း သုံးသပ်​ကြည့်​ရ​အောင်။

  • သမ္မာ​ကျမ်း​စာ။ “ကျမ်း​စာ​တွင် ရေး​ထား​နှင့်​သမျှ​သည် ငါ​တို့​ကို ဆုံးမ​သွန်သင်​ရန်​ဖြစ်​၏။ ငါ​တို့​သည် ကျမ်း​စာ​မှ​ရ​ရှိ​သော ခံ​နိုင်​ရည်၊ နှစ်သိမ့်​ခြင်း​တို့​အား​ဖြင့် မျှော်​လင့်​ခွင့်​ရ​ရှိ​စေ​ရန် ထို​သို့​ရေး​ထား​ရ​ခြင်း​ဖြစ်​၏။”—ရော​မ ၁၅:၄

  • သန့်​ရှင်း​သော စွမ်းအား​တော်။ ယေရှု​သေဆုံး​ပြီး​နောက် ခရစ်ယာန်​အသင်း​တော်​ဟာ နှစ်​သိမ့်​မှု အကြီး​အကျယ် လို​အပ်​ခဲ့​တယ်။ အဲဒီ​အခါ ယေဟောဝါ​ဘု​ရား​က သန့်​ရှင်း​သော စွမ်းအား​တော်​အား​ဖြင့် သူတို့​ကို နှစ်​သိမ့်​ပေး​ခဲ့​တယ်​လို့ ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ (တမန်​တော် ၉:၃၁) သန့်​ရှင်း​သော စွမ်းအား​တော်​ဟာ ဘု​ရား​သခင်​အသုံး​ပြု​တဲ့ စွမ်းအား​ဖြစ်​ပြီး သိပ်​အစွမ်း​ထက်​တယ်။ ဘု​ရား​သခင်​က စွမ်းအား​တော်​ကို အသုံး​ပြု​ပြီး ဘယ်​သူ့​ကို​မဆို၊ ဘယ်​အခြေ​အနေ​မှာ​မဆို နှစ်​သိမ့်​ပေး​နိုင်​တယ်။

  • ဆုတောင်း​ခြင်း။ “မည်​သည့်​အမှု​ကို​မျှ စိုး​ရိမ်​ခြင်း​မရှိ” ဖို့ ကျမ်းစာ​မှာ အကြံ​ပြု​ထား​တယ်။ အဲဒီ​အစား “သင်​တို့​အသနား​ခံ​လို​သော​အရာ​များ​ကို ဘု​ရား​သခင်​ထံ ကြား​လျှောက်​ကြ​လော့။ ထို​သို့​ပြု​လျှင် စဉ်း​စား​၍​မမီ​နိုင်​သည့် ဘု​ရား​သခင်​၏ ငြိမ်သက်​ခြင်း​သည် ခ​ရစ်​တော်​ယေရှု​အား​ဖြင့် သင်​တို့​၏​စိတ်​နှလုံး​နှင့် ဉာဏ်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်” လို့​ပြော​ထား​တယ်။—ဖိ​လိပ္ပိ ၄:၆၊ ၇

  • ခ​ရစ်​ယာန်​ချင်း​တွေ။ အခက်​အခဲ​ကြုံ​ချိန်​မှာ နှစ်​သိမ့်​မှု​ရ​ဖို့ ကျွန်တော်​တို့ မျှော်​လင့်​နိုင်​တဲ့ မိတ်ဆွေ​စစ်​တွေ​ဟာ ခ​ရစ်​ယာန်​ချင်း​တွေ​ပါ​ပဲ။ တမန်​တော်​ပေါလု​က သူ့​မိတ်ဆွေ​တွေ​ကို “ဆင်း​ရဲ​နွမ်း​ပါး​၍ ဒုက္ခ​မျိုး​စုံ​ခံ​နေ​ရ” ချိန်​မှာ “အား​ပေး​ထောက်မ​သူ​များ” လို့ ဖော်ပြခဲ့​တယ်။—ကောလောသဲ ၄:၁၁; ၁ သက်သာလောနိတ် ၃:၇

ဒါ​ပေမဲ့ တ​ကယ်​ကြုံရ​တဲ့​အခါ အဲ​ဒါ​တွေ​က​ နှစ်​သိမ့်​မှု​ပေး​နိုင်​ပါ့​မလားလို့ သင်​စဉ်း​စား​မိ​မှာ​ပဲ။ ဆောင်း​ပါး​အစ​ပိုင်း​မှာ​ပါ​တဲ့ အခက်​အခဲ​ကြုံခဲ့ရ​သူ တ​ချို့​အကြောင်း အသေအချာ သုံးသပ်​ကြည့်​ကြ​စို့။ ဘု​ရား​သခင်​က “အမိ​သည် သား​ငယ်​ကို နှစ်​သိမ့်​စေ​သကဲ့​သို့ သင်​တို့​ကို ငါ​နှစ်​သိမ့်​စေ​မည်” ဆို​တဲ့ နွေး​ထွေး​တဲ့​ကတိ ပေး​ထား​ပါ​တယ်။ အဲဒီ​ကတိ​အတိုင်း ​နှစ်​သိမ့်​ပေး​နေ​ဆဲ​ဖြစ်​မှန်း သူတို့​လို​ပဲ သင် သိ​ရှိ​လာ​ပါ​လိမ့်​မယ်။—ဟေ​ရှာ​ယ ၆၆:၁၃။​

^ စာပိုဒ်၊ 3 ယေဟောဝါ​ဆို​တာ ကျမ်း​စာ​မှာ​ဖော်ပြထား​တဲ့ ဘု​ရား​သခင့်​နာ​မည်​ဖြစ်​တယ်။