မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့​ယုံကြည်ခြင်း​ကို အတုယူ​ပါ | စာရာ

ဘုရားသခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ

ဘုရားသခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ

အလုပ်ကို တ​ကုပ်​ကုပ်​လုပ်​နေတဲ့ စာရာ​ဟာ ခါး​ကို​ဆန့်​ပြီး ရှေ့ကို မျှော်ကြည့်​လိုက်တယ်။ သူ့​ကြီးကြပ်မှု​အောက်မှာ ကျွန်​တွေဟာ ပျော်ပျော်ရွှင်ရွှင် အလုပ်ကို​ယ်​စီ လုပ်​နေတယ်။ စာရာ​ကလည်း သူ့​အလုပ်တွေကို ဝီရိယရှိရှိ လုပ်တယ်။ ပြဲ​သွားတဲ့ တဲ​ရွက်ထည်​ကို ဖာထေး​ပြီးနောက် အ​ညောင်း​ပြေ​အောင် လက်တွေ​ကို နှိပ်​နယ်​နေတယ်​လို့ မြင်ယောင်ကြည့်​လိုက်ပါ။ နှစ်​နဲ့​ချီ နေဒဏ်​မိုး​ဒဏ်​ခံရ​လို့ အရောင်​လွင့်​နေတဲ့ ဆိတ်​မွေး​ရက်​ထ​ည်​ကို ကြည့်ပြီး လှည့်လည်​သွားလာ​တဲ့​ဘဝနဲ့ နေ​လာ​တာ အတော်ကြာ​ပြီ​ဖြစ်မှန်း စာရာ အမှတ်ရနေ​မှာပဲ။ မွန်းလွဲပိုင်း​လွန်​လို့ နေဝင်ချိန် ရောက်လာ​ပြီ။ မနက်​တုန်းက သူ့​မျက်စိရှေ့​မှာပဲ အာဗြဟံ * ထွက်​သွားတယ်။ အခု အာဗြဟံ ပြန်လာ​မယ့်​လမ်း​ကို လည်​တ​ဆန့်​ဆန့်​နဲ့ သူ မျှော်ကြည့်​နေတယ်။ ခပ်လှမ်းလှမ်း​က တောင်ကုန်း​နား​မှာ အာဗြဟံ​ရဲ့ အရိပ်အယောင်​လည်း ပေါ်လာ​ရော သူ့​မျက်နှာ ဝင်း​ပ​သွားတယ်။

​အာဗြံ​ဟံ​ဟာ သူ့​မိသားစုကြီး​နဲ့အတူ ယူဖရေးတီး​မြစ်​ကို ဖြတ်ကူး​ပြီး ခါနန်ပြည်​ကို ဆင်း​သွားတာ ဆယ်နှစ်​ကျော် ကြာ​ခဲ့​ပြီ။ တစ်ခါ​မှ​မသွားဖူး​တဲ့ ဒီ​ခရီးစဉ်​တစ်လျှောက်​မှာ စာရာ​ဟာ သူ့​ယောက်ျား​ကို ကြည်ကြည်ဖြူဖြူ ထောက်မပေး​တ​ယ်။ ဘုရား​မျက်နှာသာရ​မယ့်​မျိုးနွယ် ပေါ်ထွန်း​လာဖို့​ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်​ကို အကောင်အထည်ဖော်​ရာမှာ အာဗြဟံ ဘယ်လောက်​အရေးပါ​မှန်း စာရာ သိထား​လို့ပဲ။ စာရာ​ကျတော့​ကော။ စာရာ​ဟာ မြုံနေ​ပြီး အသက်​ကလည်း ၇၅ နှစ် ရှိနေ​ပြီ။ ‘ငါ​ဟာ အာဗြဟံ​ရဲ့​ဇနီး​ဖြစ်နေ​တော့ ယေဟောဝါရဲ့​ကတိ ဘယ်လို​လုပ် ပြည့်စုံ​လာနိုင်​မှာ​လဲ’ လို့ သူတွေး​မိမှာ​ပဲ။ သူ အဲဒီလို စိုးရိမ်​ရုံ​တင်​မက​ဘူး၊ စိတ်မရှည်​တဲ့​အထိ ဖြစ်လာ​မှာ​ကို နားလည်​ပေး​နိုင်ပါတယ်။

ကျွန်တော်တို့​လည်း ဘယ်​အချိန်​ကျ​မှ ဘုရားရဲ့​ကတိ​တွေ ပြည့်စုံ​လာ​ပါ့​မလဲ​ဆိုပြီး တွေးမိ​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ အထူးသဖြင့် ကတိ​တစ်ခု ပြည့်စုံ​လာ​မှာ​ကို မျှော်လင့်တကြီး စောင့်စား​နေချိန်​မှာ စိတ်ရှည်​ဖို့ တော်တော်​ခက်တယ်။ စာရာ​ရဲ့ ယုံကြည်ခြင်း​က​နေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

“ယေဟောဝါ​ဘုရားက ကျွန်မကို သားသမီး​မပေး​ဘူး”

အာဗြဟံ​ရဲ့​မိသားစု အီဂျစ်ပြည်​က​နေ ပြန်လာ​တာ မကြာသေး​ဘူး။ (ကမ္ဘာဦး ၁၃:၁-၄) လု​ဇ​လို့ ခါနန်​လူမျိုး​တွေ​ခေါ်တဲ့ ဗေသလမြို့​ရဲ့ အရှေ့ဘက် ကုန်းပြင်မြင့်​မှာ စခန်းချ​နေကြတယ်။ အဲဒီ​ကုန်းပြင်မြင့်​က​နေ ကတိထားရာပြည် တစ်ဝန်းလုံး​ကို စာရာ မြင်နိုင်​တ​ယ်။ ခါနန်​ကျေးရွာ​တွေ၊ လမ်းမကြီး​တွေကို လှမ်းမြင်​နိုင်တယ်။ ဒါပေမဲ့ အဲဒီ​ရှုခင်း​တွေဟာ စာရာ​ရဲ့​မွေးရပ်မြေ​နဲ့ နည်းနည်းမှ​မတူဘူး။ မိုင် ၁,၂၀၀ (ကီလိုမီတာ ၁,၉၀​၀) အကွာ၊ မက်​ဆို​ပို​တေး​မီး​ယား​မှာရှိတဲ့ ဥရမြို့​မှာ စာရာ ကြီးပြင်းလာတာ။ ချမ်းသာကြွယ်ဝ​တဲ့ အဲဒီမြို့မှာ စျေး​တွေ​ရှိပြီး သက်သောင့်သက်သာ နေနိုင်​ခဲ့တယ်။ အမိုး​အကာ အခိုင်အခံ့​ရှိတဲ့​အပြင် ရေ​ပိုက်လိုင်း​စနစ်​ပါ​ရှိတဲ့ အိမ်ကြီးအိမ်ကောင်း​ကိုသာမက ဆွေမျိုးသားချင်း​တွေကို​ပါ စာရာ ထားရစ်​ခဲ့ရတယ်။ အရှေ့ဘက်​ကို မျှော်ကြည့်​ပြီး ကလေးဘဝ​က ဇိမ်ကျကျ​နေ​ခဲ့တဲ့​အိမ်​ကို စာရာ လွမ်းဆွတ်​နေ​မှာပဲလို့ ထင်​ရင်​တော့ ဘုရားသခင်ကို ချစ်တဲ့ အဲဒီ​အမျိုးသမီး​အကြောင်း ကောင်းကောင်း​မသိ​လို့ ဖြစ်​ရမယ်။

နောက်​အနှစ် ၂,၀​၀​၀ လောက်မှာ တမန်တော်ပေါလုက စာရာ​နဲ့ အာဗြဟံ​ရဲ့ ယုံကြည်ခြင်း​အကြောင်း စွမ်းအားတော်​လမ်းညွှန်မှု​နဲ့ ရေးခဲ့တယ်။ “ထွက်လာ​ခဲ့တဲ့​နေရာ​ကို သူတို့ တမ်းတ​နေတယ်​ဆိုရင် ပြန်သွား​နိုင်တာ​ပဲ” လို့​သူပြောတယ်။ (ဟီဘရူး ၁၁:၈၊ ၁၁၊ ၁၅) စာရာ​ကော အာဗြဟံ​ပါ အတိတ်​ကို တမ်းတ​သူတွေ မဟုတ်ဘူး။ သူတို့​မှာ အဲဒီလို​အတွေး​မျိုး ရှိခဲ့​ရင် အိမ်ပြန်​သွား​လောက်​ပြီ။ ဥရမြို့​ကို ပြန်သွား​ရင်​တော့ ယေဟောဝါ​ပေးတဲ့ အခွင့်ထူး​ကြီး​ကို လက်လွှတ်​လိုက်ရ​မှာပဲ။ သန်းနဲ့ချီတဲ့​လူတွေရဲ့ ရင်​ကို​ထိ​စေတဲ့ ယုံကြည်ခြင်း​စံနမူနာရှင် ဖြစ်ဖို့​နေ​နေ​သာသာ သူတို့ကို ​ဘယ်သူမှ သတိရ​ကြ​မှာ မဟုတ်ဘူး။

စာရာ​ဟာ အတိတ်​ကို ပြန်တမ်း​တ​နေမယ့်​အစား ရှေ့ကို​ပဲ အာရုံစိုက်​တ​ယ်။ ဒါကြောင့် အဲဒီ​ပြည်​မှာ လှည့်လည်​နေထိုင်ချိန်​အတွင်း တဲအိမ်​ကို ဖြုတ်သိမ်း၊ တိရစ္ဆာန်​အုပ်​နဲ့အတူ ပြောင်းရွှေ့၊ တဲအိမ်​ကို ပြန်​တပ်ဆင်​ရာမှာ ယောက်ျား​ကို ကူညီ​ပေးခဲ့တယ်။ တခြား​အခက်အခဲ​တွေ၊ အပြောင်းအလဲ​တွေကိုလည်း ကြုံ​ခဲ့ရတယ်။ ယေဟောဝါက အာဗြဟံ​ကို သူ့​ကတိ​အကြောင်း အကြိမ်ကြိမ် ပြောပြ​ပေ​မဲ့ စာရာ​အကြောင်း တစ်ခွန်း​မှ မပြောဘူး။—ကမ္ဘာဦး ၁၃:၁၄-၁၇။ ၁၅:၅-၇

နောက်ဆုံး​တော့ စာရာ​က အာဗြဟံ​ကို သူ့​စိတ်​ထဲမှာ​ရှိနေ​တဲ့ အစီအစဉ်​အကြောင်း ပြောပြ​ချိန်တန်​ပြီ​လို့ ယူဆတယ်။ “အစ်ကို၊ ကျွန်မ​ပြောတာ နားထောင်ပါ​ဦး။ ယေဟောဝါ​ဘုရားက ကျွန်မကို သားသမီး​မပေး​ဘူး” လို့ ပြောတဲ့အခါ သူ ဘယ်လောက် စိတ်အနှောင့်အယှက်​ဖြစ်နေ​မယ်​ဆိုတာ ပုံဖော်​ကြည့်ပါ။ မျိုးဆက်​အတွက် ကျွန်မိန်းမ ဟာဂရ​ကို ယူဖို့ သူ့​ယောက်ျား​ကို ပြောတယ်။ အဲဒီလို​ပြောတဲ့အခါ စာရာ ဘယ်လောက်​တောင် မချိတင်ကဲ​ဖြစ်နေ​မယ်​ဆိုတာ မြင်ယောင်​ကြည့်ပါ။ အခု​ချိန်မှာ အဲဒီလို​တောင်းဆို​တာ ထူးဆန်း​နေ​ပုံ​ပေါက်​တ​ယ်။ အဲဒီ​အချိန်တုန်းက​တော့ လူတစ်ယောက် မျိုးဆက်​မပြတ်​ဖို့ မယားငယ်​ယူ​တာ အဆန်း​မဟုတ်ဘူး။ * ဒီနည်းနဲ့ အာဗြဟံ​ရဲ့ သားမြေး​ကတစ်ဆင့် လူမျိုးတစ်မျိုး ဆင်းသက်လာ​မယ်ဆို​တဲ့ ဘုရားရဲ့​ရည်ရွယ်ချက် အကောင်အထည်​ပေါ်လာ​မယ်လို့ စာရာ ယူဆ​နေတာ​များ​လား။ ဘယ်လိုပဲ​ဖြစ်ပါစေ သူ့​ဘက်က စွန့်လွှတ်​အနစ်နာခံ​ဖို့ အသင့်ရှိ​ခဲ့တယ်။ အာဗြဟံ ဘယ်လို​တုံ့ပြန်​သလဲ။ “[စာရာ] ပြောတာကို နားထောင်​တ​ယ်” လို့ ကျမ်းစာ​ပြောတယ်။—ကမ္ဘာဦး ၁၆:၁-၃

ယေဟောဝါ လှုံ့ဆော်ပေး​လို့ စာရာ အဲဒီလို​တောင်းဆို​တာလား။ မဟုတ်ပါဘူး။ လူ့​အမြင်​နဲ့​ကြည့်ပြီး တောင်းဆို​ခဲ့တာ။ သူ ကလေးမရတာ ဘုရားသခင်​ကြောင့်​လို့ ထင်နေ​တ​ယ်။ ဘုရား​မှာ တခြား​ဖြေရှင်းနည်း​ရှိမှန်း သူ မတွေး​မိ​ဘူး။ သူ့​ဖြေရှင်းနည်း​ကြောင့် သူ​ပဲ နာကျင်ခံစား​ခဲ့ရတယ်။ ဒါပေမဲ့ သူ့ရဲ့​တောင်းဆိုမှု​က ကိုယ်ကျိုး​မ​ငဲ့​သူ​ဖြစ်မှန်း ဖော်ပြတယ်။ အရာရာ​ထက် ကိုယ့်​ဆန္ဒ​ကို ဦးစားပေး​တတ်တဲ့ လောကကြီး​မှာ စာရာ​ရဲ့ ကိုယ်ကျိုး​မ​ငဲ့​တဲ့ စိတ်ဓာတ်​ဟာ တကယ့်ကို အထင်ကြီး​စရာ​ပဲ။ ကိုယ်ကျိုးထက် ဘုရားရဲ့ ရ​ည်ရွ​ယ်​ချက်​တွေကို ဦးစားထား​မယ်ဆိုရင် စာရာ​ရဲ့ ယုံကြည်ခြင်း​ကို တုပ​ရာ​ရောက်​ပါလိမ့်မယ်။

“ခင်ဗျား ရယ်​ပါတယ်”

မကြာခင်​မှာပဲ ဟာဂရ​မှာ ကိုယ်ဝန်​ရှိလာ​တ​ယ်။ ဟာဂရ​ဟာ အရေးပါ​သူ​ဖြစ်​ပြီ​အထင်​နဲ့ သခင်မ စာရာ​ကို မလေးမစား​လုပ်​တော့​တ​ယ်။ မြုံနေ​တဲ့​စာရာ​ခမျာ တော်​တော့်​ကို ခံရခက်​မှာပဲ။ ဘုရားရဲ့ ထောက်မမှု​ရထားတဲ့ စာရာ​ဟာ အာဗြဟံ​ဆီက ခွင့်ပြုချက်​ယူပြီး ဟာဂရ​ကို တစ်နည်းနည်း​နဲ့ ဆုံးမ​တ​ယ်။ နောက်တော့ အိရှမေလ မွေး​လာတယ်။ (ကမ္ဘာဦး ၁၆:၄-၉၊ ၁၆) နှစ်​အတော်ကြာ​ပြီးနောက် စာရာ အသက် ၈၉ နှစ်၊ အာဗြဟံ အသက် ၉၉ နှစ်မှာ ယေဟောဝါ​ဆီက သတင်းရ​တဲ့​အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ တကယ့်​သတင်း​ထူး​ပါပဲ။

သားမြေး​တွေ အများကြီး​ရစေ​မယ်လို့ မိတ်ဆွေ​အာဗြဟံ​ကို ယေဟောဝါ ကတိပေး​ပြန်​တ​ယ်။ နာမည်​လည်း ပြောင်း​ပေး​လိုက်တယ်။ အဲဒီအချိန်​ထိ သူ့ကို အာဗြံ​လို့ပဲ လူသိများ​တ​ယ်။ ဒါပေမဲ့ ယေဟောဝါက “လူ​အမြောက်အမြား​ရဲ့​ဖခင်” လို့ အဓိပ္ပာယ်​ရတဲ့ အာဗြဟံ​ဆိုပြီး နာမည်​ပေးတယ်။ ဒီ​အချိန်​မှာတော့ ယေဟောဝါက စာရာ​ရဲ့​အခန်းကဏ္ဍ​ကို ဦးဆုံးအကြိမ် ဖော်ပြတယ်။ “ငြင်းခုံ​ရန်​တွေ့​တတ်​သူ” လို့ အဓိပ္ပာယ်​ရတဲ့ စာရဲ​ဆိုတဲ့​နာမည်ကို စာရာ​လို့ ပြောင်း​ပေး​လိုက်တယ်။ ကျွန်တော်တို့​အားလုံး ရင်းနှီးပြီးသား စာရာ​ဆိုတဲ့​နာမည်ဟာ “မင်းသမီး” လို့ အဓိပ္ပာယ်​ရတယ်။ အဲဒီလို​နာမည်​ပေး​ရတဲ့ အကြောင်းရင်းကို ယေဟောဝါ ရှင်းပြ​တ​ယ်– “သူ့ကို ငါ​ကောင်းချီး​ပေးမယ်။ သူက မင်း​အတွက် သားတစ်ယောက် မွေး​ပေးမယ်။ ငါ​ကောင်းချီးပေး​မှာ​မို့​လို့ သူ့ဆီကနေ လူမျိုး​တွေ၊ ဘုရင်တွေ ဆင်းသက်လာ​မယ်။”—ကမ္ဘာဦး ၁၇:၅၊ ၁၅၊ ၁၆

အာဗြဟံ​ရဲ့​မျိုးနွယ်​ကြောင့် လူမျိုး​အားလုံး ကောင်းချီးခံစား​မယ်ဆို​တဲ့ ယေဟောဝါရဲ့​ကတိ​ဟာ စာရာ​ရဲ့​သားက​တစ်ဆင့် ပြည့်စုံ​လာမယ်။ ဘုရား​သခင်က အဲဒီ​သား​ကို “ရယ်မော​သူ” လို့​အဓိပ္ပာယ်​ရတဲ့ အိဇက်​ဆိုပြီး နာမည်​ပေးတယ်။ စာရာ​ကို သားတစ်ယောက်​ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်​ကို သိရတဲ့အခါ အာဗြဟံ ‘ပျပ်ဝပ်​ရင်း ရယ်မိ​တ​ယ်။’ (ကမ္ဘာဦး ၁၇:၁၇) သူ အံ့သြ​ဝမ်းသာ ဖြစ်ခဲ့​ရတယ်။ (ရောမ ၄:၁၉၊ ၂၀) စာရာ​ကော။

သိပ်​မကြာခင်​မှာပဲ သူစိမ်း​သုံးယောက် အာဗြဟံ​ရဲ့​တဲ​ကို လာတယ်။ နေ​ပူပြင်း​တဲ့​အချိန်​ဖြစ်ပေမဲ့ သက်ကြီးရွယ်အို​မောင်နှံ​ဟာ ဧည့်သည်​တွေကို ကဗျာ​က​ယာ ကြိုဆို​တ​ယ်။ အာဗြဟံ​က စာရာ​ကို “ဂျုံနု​သုံး​ဆီ​ယာ​ကို နယ်​ပြီး မုန့်​လုံး​တွေ လုပ်ပါ​ဦး။ မြန်မြန်​လေး” လို့ပြောတယ်။ အဲဒီ​အချိန်တုန်းက ဧည့်ဝတ်ပြု​ဖို့ဆိုတာ က​ရိ​က​ထ များ​တ​ယ်။ အာဗြဟံ​ဟာ ရှိသမျှ​အလုပ် စာရာ​ကို မလုပ်​ခိုင်း​ဘူး။ သူကိုယ်တိုင် နွား​ပေါက်​တစ်ကောင်​ကို သတ်​ပြီး ကျွေးမွေး​ဖို့ အမြန် ပြင်ဆင်​တ​ယ်။ (ကမ္ဘာဦး ၁၈:၁-၈) အဲဒီ “လူ” တွေဟာ ယေဟောဝါရဲ့ ကောင်းကင်တမန်​တွေ ဖြစ်နေ​တ​ယ်။ အဲဒီ​အဖြစ်အပျက်​ကို သတိရ​လို့ တမန်တော်ပေါလုက “ဧည့်ဝတ်ကျေပွန်​ဖို့ မမေ့​ပါနဲ့။ ဧည့်ဝတ်ပြု​ခဲ့​သူ​တချို့​က ကောင်းကင်တမန်​တွေ​မှန်း မသိဘဲ ဧည့်ဝတ်ပြု​ခဲ့ကြတယ်” လို့ ရေး​တာ​ဖြစ်နိုင်တယ်။ (ဟီဘရူး ၁၃:၂) ဧည့်ဝတ်ပြု​ရာမှာ အာဗြဟံ​နဲ့ စာရာ​ရဲ့ စံနမူနာကောင်း​ကို သင် အတုယူ​နိုင်မလား။

ဧည့်ဝတ်ပြု​ရတာ​ကို စာရာ နှစ်သက်

ကောင်းကင်တမန်​တစ်ပါး​က စာရာ သား​မွေး​မယ်ဆို​တဲ့ ဘုရားရဲ့​ကတိ​အကြောင်း အာဗြဟံ​ကို ထပ်ပြော​ချိန်မှာ စာရာ တဲ​ထဲက နားထောင်​နေတယ်။ ဒီ​အသက်အရွယ်​ကျ​မှ ကလေး​ရမယ်​ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် “ငါ​အသက်ကြီး​ပြီ​ပဲ။ ငါ့​သခင်​လည်း အို​နေ​ပြီ။ တကယ်ပဲ အဲဒီလို​ပျော်​နိုင်​ပါ​ဦး​မလား” လို့ စိတ်ထဲ​မှာပြော​ရင်း ရယ်မိ​တော့​တ​ယ်။ ဒါနဲ့ ကောင်းကင်တမန်​က “ယေဟောဝါ မတတ်နိုင်​တာ ရှိလို့​လား” လို့​မေး​ပြီး စာရာ​ကို တည့်မတ်ပေး​တ​ယ်။ စာရာ​လည်း လန့်​သွားပြီး “ကျွန်မ မရ​ယ်​ပါဘူး” လို့ ငြင်း​တဲ့အခါ ကောင်းကင်တမန်​က “ခင်ဗျား ရယ်​ပါတယ်” လို့ ပြန်ပြောတယ်။—ကမ္ဘာဦး ၁၈:၉-၁၅

စာရာ အဲဒီလို​ရယ်​တာ ယုံကြည်ခြင်း မရှိ​လို့​လား။ မဟုတ်ပါဘူး။ “စာရာ​က အရွယ်​လွန်​ချိန်မှာ​တောင် မျိုးနွယ်​ကို ကိုယ်ဝန်ဆောင်​နိုင်တာ​လည်း ယုံကြည်ခြင်း​ကြောင့်​ပဲ။ ကတိပေး​တဲ့​အရှင်​ဟာ သစ္စာရှိ​မှန်း သူ​ယုံ​တာ​ကိုး” လို့ ကျမ်းစာ​ပြောတယ်။ (ဟီဘရူး ၁၁:၁၁) ယေဟောဝါ​အကြောင်း စာရာ သိတယ်။ ကတိပေး​ထားတဲ့​အတိုင်း ပြည့်စုံ​စေနိုင်​မှန်း​လည်း ယုံ​တ​ယ်။ အဲဒီလို​ယုံကြည်ခြင်း​မျိုး ကျွန်တော်တို့​ယောက်တိုင်း ရှိ​ဖို့လိုတယ်။ ကျမ်းစာမှာ​ပါတဲ့ ဘုရားသခင်​အကြောင်း ကျွန်တော်တို့ ကောင်းကောင်းသိ​ထားရမယ်။ ဒါဆိုရင် စာရာ​မှာ ယုံကြည်ခြင်း တကယ်​ရှိခဲ့​မှန်း သိလာ​မယ်။ ယေဟောဝါဟာ သစ္စာရှိ​ပြီး ကတိ​တိုင်း​ကို ပြည့်စုံ​စေ​နိုင်တယ်။ တစ်ခါတလေ၊ ကိုယ်တော်​ရဲ့​လုပ်ဆောင်ပုံ​ဟာ ကျွန်တော်တို့​အတွက် အံ့သြစရာ​ကောင်း​လွန်း​လို့ ရယ်​ရတဲ့​အထိ​တောင် ဖြစ်နိုင်တယ်။

“စာရာ​ပြောတာကို နားထောင်​လိုက်”

ထူးခြားတဲ့ ယုံကြည်ခြင်း​အတွက် စာရာ​ကို ယေဟောဝါ ဆုချ

နောက်ဆုံး​တော့ စာရာ​ဟာ အသက် ၉၀ အရွယ်မှာ သူ တစ်သက်လုံး တောင့်တ​ခဲ့တဲ့​အချိန် ရောက်လာတယ်။ အသက် ၁၀၀ ရှိပြီ​ဖြစ်တဲ့ အာဗြဟံ​အတွက် သားတစ်ယောက် မွေး​ပေးတယ်။ အာဗြဟံ​ဟာ ဘုရား​မှာ​ထားတဲ့​အတိုင်း သား​ကို အိဇက် ဒါမှမဟုတ် “ရယ်မော​သူ” လို့ နာမည်​ပေး​လိုက်တယ်။ ပင်ပန်းနွမ်းနယ်​တဲ့​ကြား​က ပြုံး​နေတဲ့​စာရာ​ကို မြင်ယောင်ကြည့်​နိုင်တယ်။ “ငါ့ကို ဘုရားသခင် ရယ်မော​စေပြီ။ ဒီ​သတင်း​ကြားတဲ့​သူ​တိုင်း ငါ​နဲ့အတူ ရယ်မော​ကြ​လိမ့်မယ်” လို့ သူပြောတယ်။ (ကမ္ဘာဦး ၂၁:၆) ယေဟောဝါ​ဆီက ဒီ​အံ့ဖွယ်​လက်ဆောင်​ကြောင့် သူ အသက်ရှင်နေ​သ​ရွေ့ စိတ်ချမ်းသာ​နေ​မှာ သေချာ​တ​ယ်။ ဒါပေမဲ့ ကြီးမားတဲ့​တာဝန်တွေ​လည်း လိုက်ပါ​လာတယ်။

အိဇက် အသက်​ငါးနှစ်၊ နို့​ဖြတ်​တဲ့​နေ့​မှာ အာဗြံ​ဟံ​တို့​မိသားစု စားသောက်ပွဲကြီး လုပ်တယ်။ အဲဒီမှာ အဆင်မပြေ​တာ​တစ်ခု ပေါ်လာတယ်။ စိတ်အနှောင့်အယှက်​ဖြစ်စေ​တဲ့ အပြုအမူ​တစ်ခုကို စာရာ “သတိပြုမိ” တဲ့​အကြောင်း ဖတ်​ရတယ်။ ဟာဂရ​ရဲ့​သား ၁၉ နှစ်အရွယ် အိရှမေလ​က အိဇက်​ကို လှောင်ပြောင်​နေတယ်။ အိရှမေလ​ရဲ့​အပြုအမူ​ဟာ စ​နောက်​ရုံ​လောက်​ပဲ မဟုတ်ဘူး။ ညှဉ်းဆဲ​နေတာ​ဖြစ်တယ်လို့ တမန်တော်ပေါလု နောက်ပိုင်းမှာ ရေးခဲ့တယ်။ အဲဒီလို အနိုင်ကျင့်​တာဟာ သားရဲ့​ရှေ့ရေး​အတွက် အန္တရာယ်​ရှိမှန်း စာရာ သိ​နေတယ်။ အိဇက်​ဟာ မိမိရဲ့​သား​ဖြစ်​ရုံ​တင်​မက​ဘူး၊ ယေဟောဝါရဲ့ ရည်ရွယ်ချက်​မှာ အရေးပါ​သူ​ဖြစ်မှန်း စာရာ သိထား​တယ်။ ဒါကြောင့် သတ္တိမွေး​ပြီး အာဗြဟံ​ကို တဲ့တိုး​ပဲ ပြောလိုက်​တ​ယ်။ ဟာဂရ​နဲ့ အိရှမေလ​ကို မောင်းထုတ်​ခိုင်း​တ​ယ်။—ကမ္ဘာဦး ၂၁:၈-၁၀။ ဂလာတိ ၄:၂၂၊ ၂၃၊ ၂၉

အာဗြဟံ ဘယ်လို​တုံ့ပြန်​သလဲ။ “သားနဲ့​ပတ်သက်ပြီး စာရာ​ပြောတဲ့​စကား​ကြောင့် အာဗြဟံ တော်တော်​စိတ်မကောင်း ဖြစ်သွား​တ​ယ်” လို့ ကျမ်းစာ​ပြောတယ်။ ဖခင်​တစ်ယောက်​အနေနဲ့ သား အိရှမေလ​ကို ချစ်တဲ့​စိတ်​ပဲ ရှိ​နေတယ်။ ယေဟောဝါကတော့ ဒီကိစ္စ​ကို ကောင်းကောင်းသိ​မြင်​တဲ့​အတွက် ကြားဝင်လုပ်ဆောင်​ခဲ့တယ်။ ‘ဒါနဲ့ ဘုရား​သခင်က “ကျွန်မိန်းမ​နဲ့ သူ့​ကလေး​အကြောင်း စာရာ​ပြောတဲ့​စကား​ကြောင့် စိတ်မကောင်း​မဖြစ်​နဲ့။ မင်း​ရဲ့​မျိုးနွယ်​လို့ အခေါ်​ခံရ​မယ့်​သူဟာ အိဇက်​က​နေ ဆင်းသက်လာ​မှာ​ဖြစ်လို့ စာရာ​ပြောတာကို နားထောင်​လိုက်” လို့ အာဗြဟံ​ကို ပြောတယ်’ ဆိုပြီး ကျမ်းစာ​ဖော်ပြတယ်။ ဟာဂရ​နဲ့ သူ့​သား​ကို ထောက်မပေး​မယ့်​အကြောင်း အာဗြဟံ​ကို ယေဟောဝါ အာမခံ​တ​ယ်။ အာဗြဟံ​လည်း ဘုရား​ပြောတဲ့​အတိုင်း လိုက်နာ​တ​ယ်။—ကမ္ဘာဦး ၂၁:၁၁-၁၄

စာရာ​ဟာ အာဗြဟံ​နဲ့​တွဲဖက်​ညီ​တဲ့ ဇနီးကောင်း​ပါပဲ။ တစ်ချိန်လုံး ယောက်ျား​အကြိုက်​လိုက်​ပြီး ပြော​နေတဲ့​ဇနီး​မျိုး မဟုတ်ဘူး။ မိသားစု​အကျိုး၊ မိသားစု​ရှေ့ရေး​နဲ့​ပတ်သက်​လာ​ရင် ယောက်ျား​ကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဒီလို​ပွင့်လင်း​တာ​ကို လေးစားမှု​မရှိဘူးလို့ မယူမှတ်​သင့်​ဘူး။ အိမ်ထောင်သည်​ဖြစ်တဲ့ တမန်တော်​ပေတရု​က စာရာ​ဟာ ယောက်ျား​ကို အလွန်​ရိုသေလေးစား​တဲ့ ဇနီးကောင်း​ဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ ကောရိန္သု ၉:၅။ ၁ ပေတရု ၃:၅၊ ၆) တကယ်တော့ အဲဒီ​ကိစ္စ​မှာ စာရာ ရေငုံနှုတ်ပိတ်​နေ​လိုက်တာ​ကမှ အာဗြဟံ​ကို မလေးစား​ရာ​ရောက်​တာ။ အာဗြဟံ​ရော မိသားစု​တစ်ခုလုံး​ပါ ဆုံးၡုံးနစ်နာ​မှု​ကြီး ကြုံရ​မှာဖြစ်​လို့ပဲ။ စာရာ​ဟာ ပြော​စရာ​ရှိတာ​ကို တလေးတစား​ပြောတယ်။

ဇနီးသည်​တွေအတွက် စာရာ​ဟာ သိပ်ကောင်းတဲ့ စံနမူနာရှင်​ပါပဲ။ ကိုယ့်​ခင်ပွန်းကို ပွင့်ပွင့်လင်းလင်း၊ လေးလေးစားစား ပြောတတ်​ဖို့ စာရာ​ဆီက သင်ယူ​ကြ​တ​ယ်။ ဇနီးသည်​တချို့​က စာရာ​ရဲ့​အဖြစ်​မှာ​လို ယေဟောဝါ ကြားဝင်လုပ်ဆောင်​ပေးတာကို မျှော်လင့်​တဲ့အခါ​မျိုး ရှိ​နိုင်တယ်။ ဘယ်လိုပဲ​ဖြစ်ပါစေ၊ စာရာ​ရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ စိတ်ရှည်ခြင်း​က​နေ သင်ယူနိုင်​ပါတယ်။

ယေဟောဝါက စာရာ​ကို “မင်းသမီး” လို့ နာမည်​ပေးခဲ့​ပေ​မဲ့ မင်းသမီး​တစ်ပါး​လို ဆက်ဆံခံရ​ဖို့ သူ မမျှော်လင့်​ဘူး

ယေဟောဝါက ချစ်စရာ​ကောင်းတဲ့ ဒီ​အမျိုးသမီး​ကို “မင်းသမီး” လို့ နာမည်​ပေးခဲ့​ပေ​မဲ့ မင်းသမီး​တစ်ပါး​လို ဆက်ဆံခံရ​ဖို့ သူ မမျှော်လင့်​ဘူး။ အသက် ၁၂၇ နှစ်မှာ စာရာ ဆုံးသွား​တဲ့အခါ အာဗြဟံ​ဟာ “စာရာ​ကြောင့် ဝမ်းနည်းပူဆွေး​ပြီး ငိုကြွေး” တာ အဆန်း​မဟုတ်ပါဘူး။ * (ကမ္ဘာဦး ၂၃:၁၊ ၂) သူ​ချစ်​ရတဲ့ “မင်းသမီး” ကို လွမ်းဆွတ်တမ်းတ​နေ​မှာပဲ။ ယေဟောဝါဘုရား​ကလည်း သစ္စာရှိ​တဲ့ ဒီ​အမျိုးသမီး​ကို အမှတ်ရနေ​မှာ သေချာ​တ​ယ်။ သာယာလှပ​တဲ့ ကမ္ဘာမြေ​ပေါ် အသက်ပြန်ရှင်​လာအောင် လုပ်ပေး​ဖို့ ကိုယ်တော် ရည်ရွယ်​ထားတယ်။ စာရာ​နဲ့ စာရာ​ရဲ့​ယုံကြည်ခြင်း​ကို အတုယူ​သူတွေ​အတွက် ထာဝစဉ်​အသက်ရှင်​မယ့် ပျော်ရွှင်​စရာ အလားအလာ ရှိနေ​ပါတယ်။—ယောဟန် ၅:၂၈၊ ၂၉

^ စာပိုဒ်၊ 3 ဘုရားသခင် သူတို့ကို နာမည်​မပြော​င်း​ပေး​ခင်​တုန်းက အာဗြံ​နဲ့ စာရဲ​လို့ ခေါ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ လူသိများ​တဲ့​နာမည်ကို​ပဲ သုံး​ပါမယ်။

^ စာပိုဒ်၊ 10 အဲဒီ​အချိန်တုန်းက မယား​အများယူ​တာ၊ မယားငယ်​ယူ​တာ​ကို ယေဟောဝါ ခွင့်ပြု​ခဲ့တယ်။ နောက်ပိုင်းမှာ​တော့ ဧဒင်​မှာ​ချမှတ်​ခဲ့တဲ့ တစ်လ​င်​တစ်​မယား​စနစ်​ကို ပြန်​အကောင်အထည်ဖော်​ဖို့ ယေရှု​ခရစ်ကို အခွင့်အာဏာ​ပေးခဲ့တယ်။—ကမ္ဘာဦး ၂:၂၄။ မဿဲ ၁၉:၃-၉

^ စာပိုဒ်၊ 25 အမျိုးသမီးတွေ​ထဲမှာ စာရာ​တစ်ဦးတည်း​ပဲ အသက်​ဘယ်လောက်​မှာ သေဆုံးကြောင်း ကျမ်းစာ ဖော်ပြတယ်။