မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်

သမ္မာကျမ်းစာ—ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်

သမိုင်းတစ်လျှောက်မှာ ဘဝနောက်ခံမျိုးစုံက လူတွေဟာ ကျမ်းစာကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်အဖြစ် ယူမှတ်ကြတယ်။ အခုခေတ်မှာ သန်းနဲ့ချီတဲ့ သူတွေဟာ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာကြတယ်။ တချို့ကျတော့ ကျမ်းစာကို အဆီအငေါ်မတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ စာအုပ်ဆိုပြီး ပစ်ပယ်ကြတယ်။ သင်ကော ဘယ်လို ထင်သလဲ။ ကျမ်းစာမှာ အမှန်တရား ရှာတွေ့နိုင်သလား။

ကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်

ကျမ်းစာကို ယုံကြည်စိတ်ချထိုက် မထိုက် သင် ဘယ်လို ဆုံးဖြတ်နိုင်သလဲ။ ဥပမာ၊ မိတ်ဆွေတစ်ယောက်က နှစ်ပေါင်းများစွာ အမှန်ကိုပဲ အမြဲ ပြောတယ်ဆိုရင် သူ့ကို ယုံကြည်စိတ်ချထိုက်တယ်လို့ သင် သတ်မှတ်မှာပဲ။ ကျမ်းစာလည်း အမှန်ကိုပဲ အမြဲပြောတဲ့ မိတ်ဆွေနဲ့ တူသလား။ ဥပမာတချို့ကို လေ့လာကြည့်ပါ။

အမှန်ကိုပဲ ရေးတဲ့ ကျမ်းရေးသူများ

ကျမ်းရေးသူတွေဟာ ရိုးသားတယ်။ သူတို့ကိုယ်တိုင်ရဲ့ အမှားတွေ၊ အားနည်းချက်တွေကို ဖော်ပြလေ့ရှိတယ်။ ဥပမာ၊ ပရောဖက် ယောနဟာ သူ ဘုရားစကား နားမထောင်ခဲ့တဲ့အကြောင်း ကိုယ်တိုင် ရေးခဲ့တယ်။ (ယောန ၁:၁-၃) ဘုရားသခင် သူ့ကို ပြစ်တင်ဆုံးမတဲ့အကြောင်းနဲ့ ကျမ်းစောင်ကို နိဂုံးချုပ်ခဲ့တယ်။ သူ့ရဲ့သဘောထားကို ဘယ်လို ပြုပြင်ခဲ့တယ်ဆိုတာကိုတော့ မဖော်ပြခဲ့ဘူး။ (ယောန ၄:၁၊ ၄၊ ၁၀၊ ၁၁) ကျမ်းရေးသူအားလုံးရဲ့ ရိုးသားမှုက အမှန်တရားကို သူတို့ တကယ် အလေးထားမှန်း ဖော်ပြတယ်။

လက်တွေ့ကျ အမှန်တရား

လက်တွေ့ကျတဲ့ ကိစ္စတွေမှာကော ကျမ်းစာက အမြဲပဲ မှန်ကန်တဲ့အကြံဉာဏ်တွေ ပေးသလား။ ပေးပါတယ်။ ဥပမာ၊ ဆက်ဆံရေးကောင်းရှိခြင်းနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲဆိုတာ သတိပြုပါ– “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။” (မဿဲ ၇:၁၂) “ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်။” (ပညာအလိမ္မာ ၁၅:၁) မှန်ပါတယ်၊ ကျမ်းစာအမှန်တရားတွေဟာ ကျမ်းစာရေးခဲ့တဲ့ အချိန်တုန်းကလိုပဲ အခုချိန်မှာလည်း လက်တွေ့ကျနေဆဲပါပဲ။

သမိုင်းဆိုင်ရာ အမှန်တရား

နှစ်တွေတစ်လျှောက် ရှေးဟောင်း သုတေသန ရှာဖွေတွေ့ရှိချက်တွေက ကျမ်းစာမှာပါတဲ့ လူတွေ၊ နေရာတွေ တကယ်ရှိခဲ့ကြောင်း၊ အဖြစ်အပျက်တွေ တကယ် ဖြစ်ပျက်ခဲ့ကြောင်း အတည်ပြုပေးတယ်။ ဥပမာအနေနဲ့ သိပ်အရေးမပါတဲ့ အချက်တစ်ချက်နဲ့ ပတ်သက်တဲ့ အထောက်အထားကို ကြည့်ပါ။ နေဟမိအချိန်တုန်းက ဂျေရုဆလင်မြို့မှာနေတဲ့ တိုင်ရာလူမျိုး (တိုင်ရာမြို့က ဖိုနီးရှားလူမျိုး) ဟာ “ငါးနဲ့ ကုန်ပစ္စည်း အမျိုးမျိုးကို ယူလာ” ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—နေဟမိ ၁၃:၁၆

ဒီကျမ်းချက်ကို ထောက်ခံတဲ့ အထောက်အထားတစ်ခုခု ရှိသလား။ ရှိပါတယ်။ ရှေးဟောင်း သုတေသနပညာရှင်တွေဟာ အစ္စရေးနိုင်ငံမှာ ဖိုနီးရှားပစ္စည်းတွေကို ရှာဖွေ တွေ့ရှိခဲ့ကြတယ်။ အဲဒါက ရှေးအချိန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုရှိခဲ့ကြောင်း ဖော်ပြတယ်။ ဒါ့အပြင် ဂျေရုဆလင်မြို့မှာ မြေထဲပင်လယ်ထွက်ငါးတွေရဲ့ ရုပ်ကြွင်းတွေကို တူးဖော်တွေ့ရှိခဲ့တယ်။ အဲဒီငါးတွေကို ဝေးလံတဲ့ ပင်လယ်ကမ်းခြေကနေ ကုန်သည်တွေ ယူလာတာလို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ယူဆကြတယ်။ အထောက်အထားကို လေ့လာပြီးနောက်မှာ ကျမ်းပညာရှင်တစ်ယောက်က “တိုင်ရာမြို့သားတွေ ဂျေရုဆလင်ထဲ ငါးတွေ ယူလာရောင်းတယ် ဆိုတဲ့ နေဟမိ ၁၃:၁၆ ပါအချက်က ယုတ္တိရှိတယ်” လို့ ကောက်ချက်ချခဲ့တယ်။

သိပ္ပံဆိုင်ရာ အမှန်တရား

ကျမ်းစာဟာ အဓိကအားဖြင့် ဘာသာရေးနဲ့ သမိုင်းဆိုင်ရာ စာအုပ်ဖြစ်တယ်။ ဒါပေမဲ့ သိပ္ပံအကြောင်း ပြောတဲ့အခါမှာလည်း သိပ္ပံပညာနဲ့ ကိုက်ညီတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။

ကျမ်းစာမှာ “ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်” လို့ လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ခန့်က ဖော်ပြခဲ့တယ်။ (ယောဘ ၂၆:၇) ဒီအချက်က ကမ္ဘာမြေဟာ ရေပေါ်မှာ ပေါလောမျောနေတယ်၊ လိပ်ကြီးတစ်ကောင်က ထမ်းထားတယ်ဆိုတဲ့ ဒဏ္ဍာရီနဲ့ လုံးလုံး ကွဲလွဲနေတယ်။ ယောဘကျမ်း ရေးပြီးနောက် အနှစ် ၁,၁၀၀ လောက်အထိ လူတွေက ကမ္ဘာမြေဟာ လေဟာနယ်မှာ တည်ရှိနေတာ မဖြစ်နိုင်ဘူး၊ တစ်ခုခုအပေါ်မှာ တည်နေတယ်လို့ ယုံနေကြတုန်းပဲ။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ ကျော်ဖြစ်တဲ့ ၁၆၈၇ ခုနှစ်မှာ အိုက်ဇက် နယူတန်က ဆွဲငင်အားအကြောင်း၊ ကမ္ဘာဟာ မမြင်နိုင်တဲ့ စွမ်းအားတစ်ခုကြောင့် ဂြိုဟ်ပတ်လမ်းမှာ အခုအခံမရှိဘဲ တည်ရှိနေကြောင်း သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို ထုတ်ဝေခဲ့တယ်။ ကျမ်းစာမှာ အနှစ် ၃,၀၀၀ ကျော် စောပြီး ဖော်ပြထား တာကို ဒီတွေ့ရှိချက်က အတည်ပြုခဲ့တယ်။

ဟောကိန်းတွေနဲ့ ပတ်သက်တဲ့ အမှန်တရား

ကျမ်းစာမှာပါတဲ့ ဟောကိန်းတွေဟာ ဘယ်လောက်အထိ တိကျသလဲ။ ဥပမာအနေနဲ့ ဗာဗုလုန်အင်ပါယာ ပျက်စီးမယ့်အကြောင်း ဟေရှာယရဲ့ ဟောကိန်းကို သုံးသပ်ကြည့်ပါ။

ကျမ်းစာဟောကိန်း– ဘီစီ ရှစ်ရာစုမှာ ကျမ်းရေးသူ ဟေရှာယက ဗာဗုလုန်ဟာ အင်အားကြီးတဲ့ အင်ပါယာရဲ့ မြို့တော် ဖြစ်လာပြီး ပြိုလဲသွားမယ်၊ နောက်ဆုံး လူမနေတဲ့ လွင်တီးခေါင် ဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့တယ်။ (ဟေရှာယ ၁၃:၁၇-၂၀) အဲဒီလိုဖြစ်အောင် လုပ်မယ့်သူက ဆိုင်းရပ် ဆိုပြီးတော့လည်း နာမည်နဲ့တကွ ပြောခဲ့တယ်။ မြစ်တွေကို “ခန်းခြောက်စေ” မယ့် ဆိုင်းရပ်ရဲ့ စစ်ဗျူဟာကိုလည်း ဖော်ပြခဲ့တယ်။ မြို့တံခါးတွေ ပွင့်နေမယ်လို့လည်း ကြိုဟောခဲ့တယ်။—ဟေရှာယ ၄၄:၂၇–၄၅:၁

ပြည့်စုံချက်– ဟေရှာယ ကြိုဟောပြီး အနှစ် ၂၀၀ လောက် မှာ ပါးရှားဘုရင်က ဗာဗုလုန်ကို တိုက်ခိုက်ခဲ့တယ်။ ဘုရင်နာမည်က ဘာလဲ။ ဆိုင်းရပ်ဖြစ်ပါတယ်။ ဗာဗုလုန်မြို့ကို အခိုင်အမာ တည်ဆောက်ထားလို့ မြို့ထဲကို စီးဝင်တဲ့ ယူဖရေးတီးမြစ်ဆီ ဆိုင်းရပ် အာရုံရောက်သွားတယ်။ သူ့လူတွေဟာ ရေတွေကို စိမ့်မြေဆီ လွှဲဖို့ တူးမြောင်း တစ်ခု တူးကြတယ်။ ဒီနည်းနဲ့ မြစ်ရေဟာ ပေါင်လောက်အထိ ကျသွားပြီး ဆိုင်းရပ်ရဲ့စစ်တပ်ဟာ မြို့ရိုးဆီကို လမ်းလျှောက် သွားနိုင်ခဲ့တယ်။ မယုံနိုင်စရာက ဗာဗုလုန် စစ်တပ်ဟာ မြစ်နားမှာရှိတဲ့ တံခါးတွေကို ဖွင့်လျက်သား ထားခဲ့ကြတယ်။ ဆိုင်းရပ်ရဲ့ စစ်တပ်ဟာ ပွင့်နေတဲ့တံခါးတွေကနေ ဗာဗုလုန်မြို့ထဲ ဝင်ပြီး သိမ်းပိုက်လိုက်တယ်။

ဒါပေမဲ့ အသေးစိတ်အချက်တစ်ချက် ကျန်နေသေးတယ်။ ဗာဗုလုန်မြို့ဟာ လူမနေတဲ့ လွင်တီးခေါင် ဖြစ်သွားသလား။ ရာစုနှစ်အတန်ကြာတဲ့အထိ အဲဒီမှာ လူတွေ ဆက်နေထိုင်ကြတယ်။ ဒါပေမဲ့ မျက်မှောက်ခေတ် အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့အနားက ဗာဗုလုန်အပျက်အယွင်းတွေဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံတယ်ဆိုတဲ့ အထောက်အထားပါပဲ။ မှန်ပါတယ်၊ အနာဂတ်မှာ ဖြစ်ပျက်လာမယ့် ကျမ်းစာ ကြိုဟောချက်တွေလည်း တကယ် ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။