မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း

မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း

ခင်မင်​ရင်းနှီးမှုကို ခိုင်မြဲ​စေဖို့ လူအများ အခက်တွေ့​ကြတယ်။ လူမှုဘဝ တိုးတက်စေ​နိုင်တဲ့ ကျမ်းစာ​အခြေခံ​မူ​တချို့ကို သုံးသပ်​ကြည့်ပါ။

အတ္တ​မ​ဆန်​ပါ​နဲ့

ကျမ်းစာ အခြေခံ​မူ။ “ကိုယ့်​အကျိုးကို​ပဲ အာရုံ​မစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုးကို​လည်း ထည့်​စဉ်းစား​ပေးကြပါ။” —ဖိလိပ္ပိ ၂:၄

အဓိပ္ပာယ်။ ရယူဖို့​ထက် ပေးကမ်း​ဖို့ အာရုံစိုက်​မယ်​ဆိုရင် ဆက်ဆံရေး​ကောင်း ရှိနေမယ်။ အတ္တဆန်​ရင်​တော့ မိတ်ပျက်​သွားနိုင်တယ်။ ဥပမာ၊ အတ္တဆန်​တဲ့​သူတွေက ကိုယ့်​အိမ်ထောင်ဖက်ကို သစ္စာဖောက်​တတ်ကြတယ်။ ဒီ့အပြင် သိတယ်၊ တတ်တယ်၊ ရှိတယ်​ ဆိုပြီး ဝါကြွား​တတ်တဲ့​သူတွေနဲ့ ဘယ်သူမှ မ​ပေါင်း​ချင်​ကြဘူး။ ဒါကြောင့် “ကိုယ်ကျိုးရှာ​ခြင်းက ပြဿနာ​မျိုးစုံ ကြုံတွေ့စေ​တယ်” လို့ The Road to Character စာအုပ်မှာ ဆိုထားတယ်။

လုပ်ဆောင်​နိုင်ရာ–

  • တခြား​သူတွေကို ကူညီပါ။ မိတ်ဆွေကောင်း​တွေဟာ အချင်းချင်း ယုံကြည်​စိတ်ချ​ပြီး ကူညီ​ပေးဖို့ အသင့်​ရှိကြတယ်။ သူတစ်ပါး​ကို ကူညီပေး​တတ်​သူတွေဟာ စိတ်ကျ​ရောဂါ အဖြစ်နည်း​ပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုး​စေတယ်လို့ လေ့လာမှု​တချို့က ဖော်ပြတယ်။

  • စာနာ​တတ်​ပါ။ စာနာမှု​ဆိုတာ သူတစ်ပါးရဲ့ နာကျင်မှုကို ခံစား​ပေးခြင်း ဖြစ်တယ်။ စာနာ​တတ်​မယ်​ဆိုရင် ထေ့ငေါ့တဲ့​ စကား၊ စိတ်ထိခိုက်​နာကျင်စေတဲ့ စကားတွေ ပြောမှာ မဟုတ်ဘူး။

    စာနာ​တတ်တဲ့​သူက သူတစ်ပါး​ကိုလည်း သည်းခံ​တတ်တယ်။ ဒါကြောင့် စာနာမှုက တစ်ဖက်သတ်​အစွဲ မရှိဘဲ ယဉ်ကျေးမှု​ နောက်ခံ​အသီးသီး​က လူတွေနဲ့​လည်း ခင်မင်​ရင်းနှီး​စေနိုင်တယ်။

  • အချိန်​ပေးပါ။ တခြား​သူတွေကို အချိန်ပေး​ပေါင်း​လေ ပို​သိကျွမ်း​ခင်မင်​လာ​လေ​ပဲ။ မိတ်ဆွေစစ် ရဖို့ အကျိုး​ရှိတဲ့​စကားတွေ ပြောဖို့ လိုတယ်။ ဒါကြောင့် ကောင်းစွာ နားထောင်​ပေးပါ။ တစ်ဖက်​သားရဲ့ အရေးကိစ္စတွေကို စိတ်ဝင်စားပါ။ “အကျိုး​ရှိတဲ့​စကားတွေ ပြောဆိုခြင်းက ပို​ပျော်ရွှင်​စေတယ်” လို့ လေ့လာမှု​တစ်ခုက ဖော်ပြတယ်။

မိတ်ဆွေတွေကို ကောင်းစွာ ရွေးချယ်ပါ

ကျမ်းစာ အခြေခံ​မူ။ “မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့​ကိုယ်ကျင့်တရား​ကို ပျက်စီး​စေ​တတ်တယ်။”—၁ ကောရိန္သု ၁၅:၃၃၊ အောက်ခြေမှတ်ချက်။

အဓိပ္ပာယ်။ ကိုယ်​အချိန်ပေး​ပေါင်းသင်း​တဲ့​သူတွေက ကိုယ့်​အပေါ် အကောင်းအဆိုး ဩဇာ​လွှမ်းမိုး​နိုင်တယ်။ အဲဒီ​လွှမ်းမိုးမှု​က ကိုယ့်​အသက်တာအပေါ် သက်ရောက်မှု ရှိ​နိုင်တယ်ဆိုတာ လူမှုဗေဒ​ပညာရှင်​တွေ သဘော​တူကြတယ်။ ဥပမာ၊ ဆေးလိပ်​သောက်​တဲ့​သူ၊ ကွာရှင်း​ပြတ်စဲ​ထားသူ​နဲ့ ပေါင်း​မယ်​ဆိုရင် ကိုယ်လည်း ဆေးလိပ်​သောက်​တတ်လာမယ်၊ ကွာရှင်း​ချင်စိတ် ပေါ်လာ​နိုင်တယ်လို့ ပြော​ကြတယ်။

လုပ်ဆောင်​နိုင်ရာ။ ကိုယ်​လေးစား​ရသူတွေ​နဲ့ မိတ်ဖွဲ့​ပြီး သူတို့ရဲ့ အရည်အသွေးတွေ၊ စံနှုန်းတွေကို အတုယူပါ။ ဥပမာ၊ လိမ္မာပါးနပ်​သူ၊ လေးစား​တတ်​သူ၊ ရက်ရော​သူ၊ ဧည့်ဝတ်ပြု​တတ်​သူတွေနဲ့ ပေါင်းသင်းပါ။

တခြား ကျမ်းစာ အခြေခံ​မူများ

အိမ်ထောင်သည်တွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်လေး​တွေ မိသားစု​ဘဝ တိုးတက်စေဖို့ ရည်ရွယ်​ထားတဲ့ ကျမ်းစာ​အခြေပြု​ဗီဒီယိုတွေကို ကြည့်ပါ။

ထိခိုက်​နာကျင်စေတဲ့​စကားတွေ ရှောင်ပါ။

“မစဉ်းစား​ဘဲ​ပြောတဲ့ စကားဟာ ဓားနဲ့​ထိုးသလိုပဲ။”—ပညာအလိမ္မာ ၁၂:၁၈

ရက်ရော​ပါ။

“ရက်ရောတဲ့​သူဟာ ကြီးပွား​လိမ့်မယ်။”—ပညာအလိမ္မာ ၁၁:၂၅

ကိုယ့်ကို ဆက်ဆံ​စေ​ချင်​သလို သူတစ်ပါး​ကို ဆက်ဆံပါ။

“ကိုယ့်ကို ပြုမူ​ဆက်ဆံ​စေချင်တဲ့​အတိုင်း သူတစ်ပါး​ကို ပြုမူ​ဆက်ဆံပါ။”—မဿဲ ၇:၁၂