မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စွမ်းအင်ချွေတာခြင်းအကြောင်း သိသင့်သိအပ်ရာ

စွမ်းအင်ချွေတာခြင်းအကြောင်း သိသင့်သိအပ်ရာ

ကျွန်တော်တို့ရဲ့အိမ်မှာ အပူအအေးဓာတ် ရစေဖို့၊ ကားဆီဖြည့်ဖို့၊ နေ့စဉ်ဝေယျာဝစ္စတွေ ပြီးမြောက်ဖို့ စွမ်းအင်လိုအပ်တယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းကလူတွေဟာ စွမ်းအင်မလုံလောက်တဲ့ပြဿနာ ကြုံနေရတယ်။

တောင်အာဖရိကမှာနေတဲ့ ဂယ်ရီအတွက် “လောင်စာဈေးတွေ တက်နေတာက” အခက်အခဲကြီးတစ်ခုပဲ။ ဖိလစ်ပိုင်နိုင်ငံက ဂျနီဖာဟာ “တစ်ချိန်လုံး မီးပျက်နေတဲ့အတွက်” စွမ်းအင်အလုံအလောက် ရနိုင်မယ့်အရေး တွေးပူနေတယ်။ ကမ္ဘာ့ဒေသများစွာမှာ စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းလာတယ်။ ဒါကြောင့် “ဂေဟဗေဒစနစ် ထိခိုက်လာမှာ စိုးရိမ်စရာပဲ” လို့ အယ်လ်ဆာဗေးဒေါနိုင်ငံက ဖာနန်ဒို ပြောတယ်။

‘စွမ်းအင်နဲ့ဆိုင်တဲ့ ဒီအခက်အခဲကို ငါ ဘယ်လိုဖြေရှင်းနိုင်မလဲ’ ဆိုပြီး သင်တွေးမိမှာပဲ။

ကျွန်တော်တို့အားလုံး စွမ်းအင်ကို အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ စွမ်းအင်ချွေတာတာ၊ စွမ်းအင်ကို ထိထိရောက်ရောက် သုံးစွဲတာဟာ အကျိုးရှိစေတယ်။ စွမ်းအင်ချွေတာမယ်ဆိုရင် ကုန်ကျစရိတ် သက်သာမယ်။ စွမ်းအင်တိုးပြီးထုတ်လုပ်မှုကို လျော့နည်းစေတဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်ရာရောက်တယ်။

အိမ်၊ သယ်ယူပို့ဆောင်ရေး၊ နေ့စဉ်ဝေယျာဝစ္စဆိုတဲ့ ကဏ္ဍသုံးခုမှာ စွမ်းအင်ကို ဘယ်လို အကျိုးရှိရှိ အသုံးပြုနိုင်မယ်ဆိုတာ လေ့လာကြည့်ကြစို့။

အိမ်

အပူအအေးပေးစက်တွေကို ချွေတာသုံးစွဲပါ။ ဥရောပနိုင်ငံတစ်ခုမှာ လေ့လာမှုတစ်ခုအရ ဆောင်းရာသီမှာ အပူချိန်ညှိကိရိယာကို နှစ်ဒီဂရီလောက် လျှော့ထားခြင်းက တစ်နှစ်အတွင်း စွမ်းအင်ချွေတာနိုင်တဲ့ အထိရောက်ဆုံးနည်းဖြစ်မှန်း တွေ့ရှိရတယ်။ ဒီအချက်ကို ကနေဒါမှာနေတဲ့ ဒဲရစ် ထောက်ခံတယ်။ “ဆောင်းတွင်းမှာ မီးလင်းဖိုကို တစ်ချိန်လုံး ဖွင့်ထားမယ့်အစား အနွေးထည်ဝတ်ထားလိုက်တယ်။ ဒီနည်းနဲ့ စွမ်းအင်ချွေတာကြတယ်” လို့ သူပြောတယ်။

နွေရာသီမှာ အအေးပေးစက် သုံးတဲ့အခါလည်း အဲဒီအတိုင်း လုပ်ဆောင်သင့်တယ်။ ဖိလစ်ပိုင်နိုင်ငံမှာနေတဲ့ ရိုဒေါ်ဖိုဟာ လေအေးပေးစက်ကို ဂရုတစိုက် ချိန်ညှိထားတယ်။ ဘာကြောင့်လဲ။ “ငွေကော စွမ်းအင်ပါ ချွေတာရာရောက်လို့ပဲ” ဆိုပြီး သူပြောတယ်။

အပူအအေးပေးစက် ဖွင့်ထားချိန်မှာ ပြတင်းပေါက်နဲ့ တံခါးကို ပိတ်ထားပါ။ * အပူ ဒါမှမဟုတ် အအေးဓာတ်တွေ အိမ်ပြင်ထွက်မသွားအောင် ဂရုစိုက်မယ်ဆိုရင် စွမ်းအင်တွေ အလဟဿ မဖြစ်တော့ဘူး။ ဥပမာ၊ ဆောင်းရာသီမှာ တံခါးဖွင့်ထားမယ်ဆိုရင် အပူဓာတ်ထုတ်ပေးဖို့ စွမ်းအင်ပိုလိုအပ်မယ်။

လူတချို့ဟာ ပြတင်းပေါက်နဲ့ တံခါးကို ပိတ်ထားရုံမက လေဝင်လေထွက်လုံအောင် ထိန်းပေးတဲ့ ပြတင်းပေါက်တွေ တပ်ထားကြတယ်။ ဒီနည်းနဲ့ စွမ်းအင်အလေအလွင့်နည်းဖို့ ကြိုးစားကြတယ်။

စွမ်းအင်ချွေတာတဲ့မီးသီး သုံးပါ။ “သမားရိုးကျ မီးသီးတွေအစား စွမ်းအင်ချွေတာတဲ့ မီးသီးကို သုံးတယ်” လို့ အစောပိုင်းမှာဖော်ပြခဲ့တဲ့ ဂျနီဖာ ပြောတယ်။ နောက်ဆုံးပေါ်မီးသီးတွေဟာ ဈေးပိုကြီးပေမဲ့ မီးဆွဲအား သက်သာတဲ့အတွက် ရေရှည်မှာ အကုန်အကျနည်းတယ်။

သယ်ယူပို့ဆောင်ရေး

ဖြစ်နိုင်မယ်ဆိုရင် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်ကို သုံးပါ။ ဂရိတ်ဗြိတိန်မှာနေတဲ့ အင်ဒရူးက “ကျွန်တော် အလုပ်သွားတဲ့အခါ ရထား ဒါမှမဟုတ် စက်ဘီးနဲ့ သွားလေ့ရှိတယ်” လို့ပြောတယ်။ စွမ်းအင်လူတိုင်းသိသင့်တဲ့အရာ ဆိုတဲ့စာအုပ်မှာ “ဘတ်စကား၊ ရထားနဲ့သွားတာဟာ မော်တော်ကားနဲ့ သွားတာထက် ခရီးသည်တစ်ဦးကို အနည်းဆုံး စွမ်းအင်သုံးဆ ပိုသက်သာတယ်” လို့ဖော်ပြတယ်။

ခရီးစဉ်ကို စနစ်တကျစီစဉ်ပါ။ ကြိုတင်စီစဉ်မယ်ဆိုရင် ခရီးထွက်တဲ့အကြိမ်ရေ နည်းမှာဖြစ်လို့ စွမ်းအင်ချွေတာရာရောက်တယ်၊ အချိန်ကုန်ငွေကုန် သက်သာတယ်။

ဖိလစ်ပိုင်နိုင်ငံက ဂျက်သရိုဟာ လစဉ် ကားဆီဖိုး သတ်မှတ်ထားတယ်။ “ဒါကြောင့် အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်အောင် စီစဉ်နိုင်ခဲ့တယ်” လို့ သူပြောတယ်။

နေ့စဉ်ဝေယျာဝစ္စ

ရေပူသုံးတဲ့ ပမာဏကို လျော့ချပါ။ သြစတြေးလျနိုင်ငံက လေ့လာချက်တစ်ခုအရ “အိမ်တွေမှာ ရေပူအတွက်သုံးတဲ့ စွမ်းအင်ဟာ မြို့ကြီးတွေမှာသုံးတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၁.၃% ရှိတယ်။ ဒါဟာ အိမ်တွေမှာသုံးတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၂၇% နဲ့ညီမျှတယ်။”

ရေပူသုံးတာဟာ စွမ်းအင်အများကြီးကုန်တဲ့အတွက် ရေပူလျှော့သုံးမယ်ဆိုရင် စွမ်းအင်ချွေတာရာရောက်တယ်။ “ရေချိုးတဲ့အခါ အတတ်နိုင်ဆုံး ရေပူလျှော့သုံးတယ်” လို့ တောင်အာဖရိကမှာနေတဲ့ ဗစ်တာ ပြောတယ်။ “ရေပူချွေတာသုံးတာဟာ အကျိုးကျေးဇူးသုံးခု ရရှိစေတယ်။ စွမ်းအင်နဲ့ ရေ ချွေတာရာရောက်တယ်။ စွမ်းအင်နဲ့ ရေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း အကျိုးပြုတယ်။ အိမ်စရိတ်လည်း သက်သာတယ်” လို့ သိပ္ပံပညာရှင် စတီဗင် ပြောတယ်။

လုံးဝပိတ်ထားပါ။ မီး၊ တီဗီ၊ ကွန်ပျူတာ၊ လျှပ်စစ်ပစ္စည်းတွေကို မသုံးရင် လုံးဝပိတ်ထားပါ။ အဲဒီပစ္စည်းအများစုဟာ မသုံးဘဲ ပိတ်ထားရင်တောင် မီးအားဆွဲယူနေဆဲပဲ။ ဒါကြောင့် ပလတ်ခေါင်းတွေ ဖြုတ်ထားဖို့၊ စွမ်းအင်ချွေတာပေးတဲ့ ကြားဆက်ကြိုးကို သုံးဖို့ ပညာရှင်တချို့ အကြံပြုတယ်။ အစောပိုင်းမှာပါတဲ့ ဖာနန်ဒိုက “မီးတွေကို ပိတ်ထားတယ်။ မသုံးဘူးဆိုရင် ပလတ်ခေါင်း ဖြုတ်ထားလိုက်တယ်” လို့ပြောတယ်။

စွမ်းအင်အတွက် ကုန်ကျစရိတ်တွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ကျွန်တော်တို့ ထိန်းချုပ်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဒါပေမဲ့ စွမ်းအင်ကိုတော့ အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းကလူတွေ အဲဒီအတိုင်း လုပ်ဆောင်ကြတယ်။ စွမ်းအင်ချွေတာရာမှာ ကြိုးစားအားထုတ်ဖို့၊ ကြိုတင်စီစဉ်ဖို့ လိုတာမှန်ပေမဲ့ အကျိုးကျေးဇူးအများကြီး ရှိပါတယ်။ “ငွေကို ချွေတာနိုင်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်နိုင်တယ်” လို့ မက္ကဆီကိုနိုင်ငံက ဗယ်လရီယာ ပြောတယ်။

^ စာပိုဒ်၊ 10 အပူအအေးပေးစက်တွေကို ထုတ်လုပ်သူလမ်းညွှန်ချက်အတိုင်း သုံးမယ်ဆိုရင် အန္တရာယ်ကင်းတယ်။ ဥပမာ၊ တချို့စက်တွေမှာ အသုံးပြုတဲ့အခါ အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်သွားအောင် တံခါး၊ ပြတင်းပေါက် ဖွင့်ထားရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ ရှိတယ်။