မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

ရှာပုံတော်

ရှာပုံတော်

ပျော်ရွှင်​တဲ့​သူ​လို့ ကိုယ့်ကိုယ်ကိုယ် ယူဆ​ပါသလား။ ဘာက သင့်ကို ပျော်ရွှင်​စေ​သလဲ။ မိသားစု​လား၊ အလုပ်အကိုင်​လား၊ ဘာသာရေး​ယုံကြည်ချက်​လား။ ကျောင်းပြီး​သွား​ရင်၊ အလုပ်​ကောင်းကောင်း ရ​ရင်၊ ကား​သစ်​တစ်စီး ဝယ်​လိုက်ရင် ပျော်ရွှင်​မယ် ထင်​ပြီး ကြိုးစား​နေတဲ့​သူ​လား။

လူ​အများ​ဟာ ပန်းတိုင်​တစ်ခု ပြည့်မီ​တဲ့အခါ၊ လိုချင်​တာ ရ​လိုက်တဲ့​အခါ အတိုင်းအတာ​တစ်ခု​အထိ ပျော်ရွှင်​ကြပါတယ်။ အဲဒီ​ပျော်ရွှင်မှု ဘယ်လောက် ခံ​သလဲ။ များ​သော​အားဖြင့် ခဏ​ပဲ ခံ​လို့ စိတ်ပျက်​စ​ရာ ဖြစ်နိုင်တယ်။

ပျော်ရွှင်မှု​ဆိုတာ အတော်အတန် တည်မြဲ​တဲ့ သုခ​ချမ်းသာ၊ ကျေနပ်ခြင်း​မှ အူလှိုက်သည်းလှိုက် ဝမ်းသာအားရ​ဖြစ်တဲ့ ခံစားချက်၊ ဆက်​ပျော်ရွှင်​သွားချင်တဲ့ သဘာဝ​ဆန္ဒ ဖြစ်တယ်။

သုခ​ချမ်းသာ ဆက်လက်​ခံစား​နေခြင်း​ဖြစ်တဲ့ ပျော်ရွှင်မှု​ဆိုတာ ပန်းတိုင်​တစ်ခု မဟုတ်ဘဲ ခရီးစဉ်​တစ်ခုလို့ ဖော်ပြထားတယ်။ “. . . ဆိုရင် ငါ​ပျော်​မှာ” လို့ ပြောရင်တော့ ပျော်ရွှင်မှု မခံစားရ​သေး​တာပဲ။

ပျော်ရွှင်​ခြင်း​ကို ကျန်းမာခြင်း​နဲ့ နှိုင်းယှဉ်​ကြည့်ပါ။ ကျန်းမာ​အောင် ဘယ်လို နေထိုင်​ရ​မ​လဲ။ အစားအသောက် ဆင်ခြင်​ရတယ်။ လေ့ကျင့်ခန်း လုပ်​ရတယ်။ သတိ​နဲ့ နေထိုင်​သွားလာ​ရတယ်။ အလားတူ​ပဲ ပျော်ရွှင်မှု​ဆိုတာ အကျိုးရလဒ်​တစ်ခုပါပဲ။ ကောင်းမွန်​တဲ့ ဘဝလမ်းစဉ်၊ အခြေခံ​မူတွေ​အတိုင်း အသက်ရှင်​နေထိုင်ခြင်း​ရဲ့ ရလဒ်​ပါပဲ။

ဘယ်​အခြေခံ​မူတွေ၊ အရည်အသွေး​တွေ​က ပျော်ရွှင်မှု ရစေ​တဲ့​လမ်း​ကို ဖော်ပြသလဲ။ တချို့​အခြေခံ​မူတွေ​က ပို​အရေးကြီး​ပေ​မဲ့ အောက်ပါအချက်​တွေ​က အဓိကကျ​တယ်–

  • ရောင့်ရဲခြင်း​နဲ့ ရက်ရော​ခြင်း

  • ကျန်းမာ​ကြံ့ခိုင်​ခြင်း

  • ချစ်ခြင်းမေတ္တာ

  • ခွင့်လွှတ်ခြင်း

  • ဘဝရည်ရွယ်ချက် ရှိ​ခြင်း

  • မျှော်လင့်ချက် ရှိ​ခြင်း

ပညာရှိ​ကျမ်း​တစ်စောင်​မှာ “အပြစ်​ပြော​စ​ရာ မရှိအောင် အသက်ရှင်​သူတွေဟာ ပျော်ရွှင်ချမ်းမြေ့​တယ်” လို့​ဖော်ပြထားတယ်။ (ဆာလံ ၁၁၉:၁) အဲဒါကို သုံးသပ်ကြည့်​ရအောင်။