မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကားဝှက်များ—လုံခြုံမှုအတွက် သော့ချက်

စကားဝှက်များ—လုံခြုံမှုအတွက် သော့ချက်

စကားဝှက်များ—လုံခြုံမှုအတွက် သော့ချက်

“ကျေးဇူးပြု၍ သင်၏စကားဝှက်ကို ရိုက်သွင်းပါ။” ကွန်ပျူတာဖန်သားပြင်ပေါ် ဖျတ်ခနဲပေါ်လာသည့် ဤစကားများသည် ကမ္ဘာတစ်ဝန်းရှိလူများစွာတို့အတွက် နေ့စဉ်ဘဝအသက်တာ၏ ပုံမှန်တွေ့ မြင်နေကျစကားလုံးများဖြစ်၏။ သင့်ကိုယ်ပိုင်ကွန်ပျူတာကို ဖွင့်သည့်အခါဖြစ်စေ၊ ဆယ်လူလာဖုန်းဖွင့်သည့်အခါဖြစ်စေ၊ အကြွေးဝယ်ကတ်ကို အသုံးပြုသည့်အခါဖြစ်စေ၊ တံခါးလုံခြုံရေးစနစ်ကို ပိတ်သည့်အခါဖြစ်စေ၊ စကားဝှက်များ သို့မဟုတ် PINs (ကိုယ်ပိုင် မှတ်ပုံတင် နံပါတ်များ) တို့သည် ပုံမှန်လည်ပတ်လုပ်ဆောင်မှုများစွာကို သတိနှင့်ကာကွယ်ပေးထားသည်။

ရုံးလုပ်သားများစွာသည် အလုပ်လုပ်ရန်မျှသာအတွက် စကားဝှက် ၃ မျိုးမှ ၅ မျိုးအကြားတွင်ရှိကြပြီး အသုံးပြုသူတို့သည် ဆယ်နှစ်အတွင်း စကားဝှက် ၁၀၀ ကျော်ကို ကိုင်တွယ်အသုံးပြုနိုင်ကြောင်း ခန့်မှန်းထားသည်! စကားဝှက်များခေတ်စားခြင်းကြောင့် လုံခြုံမှုရှိရေးအတွက် ရှုပ်ထွေးသော်လည်း မှတ်မိရလွယ်သည့် စကားဝှက်များကို သင်မည်သို့ရွေးချယ်နိုင်မည်နည်း။

စိတ်စွဲမှတ်ထားရမည့် အခြေခံလမ်းညွှန်ချက်များရှိပါသည်။ ပထမအနေနှင့် ရှောင်ရမည့်အရာများဖြစ်သည်။ သင်၏အမည် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦး၏အမည်ကို တစ်မျိုးတစ်မည်ပြုပြင်၍ပင်ဖြစ်စေ စကားဝှက်အဖြစ် မသုံးပါနှင့်။ ထို့အပြင် သင်၏ကားလိုင်စင်ပလိပ်ပြားပေါ်မှနံပါတ်၊ တယ်လီဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် သို့မဟုတ် သင့်လိပ်စာအသုံးပြုခြင်းတို့ကိုလည်း ရှောင်ကြဉ်ပါ။ ထိုသို့သောသတင်းအချက်အလက်ကို ဇွဲကြီးသည့် ဟက်ကာ (တရားမဝင်ခိုးဝင်အသုံးပြုသူ) တစ်ဦးက အလွယ်တကူရယူနိုင်သည်။

ထို့ပြင် ဖြစ်နိုင်လျှင် အက္ခရာစာလုံးများ သို့မဟုတ် ဂဏန်းများဖြင့် လုံးလုံးဖွဲ့စည်းထားသည့် စကားဝှက်များကို အသုံးမပြုပါနှင့်။ ရိုးရှင်းသော ကွန်ပျူတာပရိုဂရမ်တစ်ခုသည် ယင်းသို့သောစကားဝှက်တစ်ခုကို လျင်မြန်စွာ ဖော်ထုတ်နိုင်သည်။ နောက်ဆုံးအနေနှင့် မည်သည့်အဘိဓာန်တွင်မဆို နိုင်ငံခြားဘာသာစကားအဘိဓာန်တွင်ပင်ဖြစ်စေ ရှာဖွေတွေ့ ရှိနိုင်မည့် စကားလုံးကိုလည်း အသုံးမပြုပါနှင့်။ ဘာသာစကားအားလုံးမှ စကားလုံးများ၊ ဒေသအမည်များနှင့် ကိုယ်ပိုင်အမည်များပါဝင်သည့် စာရင်းများ အမြောက်အမြားရရှိနိုင်သည်။ စာလုံးပြောင်းပြန်ပေါင်းထားခြင်း၊ စာလုံးကြီးနှင့်ရေးထားခြင်း သို့မဟုတ် ပေါင်းစပ်ထားခြင်းစသည်တို့ကဲ့သို့သော စကားလုံးများ၏အမျိုးကွဲများကို ပရိုဂရမ်များက စစ်ဆေးနိုင်သည်။

သို့ဖြစ်၍ အဘယ်စကားဝှက်မျိုးကို အသုံးပြုသင့်သနည်း။ များသောအားဖြင့် စကားဝှက်များတွင် အနည်းဆုံး အက္ခရာ ခြောက်လုံးမှ ရှစ်လုံးအထိပါရှိပြီး ပုံနှိပ်စာလုံးအကြီးနှင့်အသေး၊ ဂဏန်းများနှင့် ဖြတ်ရပ်သင်္ကေတများ ရောနှောထားသည်။ ယင်းသို့ပေါင်းစပ်ထားသောအက္ခရာများကို ဖော်ထုတ်ရန် မည်မျှခဲယဉ်းသနည်း။ “တစ်စက္ကန့်လျှင် စကားဝှက်တစ်သန်းဖော်ထုတ်နိုင်သည့် စက်တစ်လုံးသည် . . . ပျမ်းမျှအားဖြင့် အနှစ်တစ်ရာကျော် [ကြိုးစားဖော်ထုတ်ဖို့]လိုအပ်မည်” ဟုသတင်းတစ်ရပ်က ဖော်ပြထားသည်။

မှတ်မိလွယ်သည့် ပေါင်းစပ်စကားဝှက်တစ်ခုကို သင်မည်သို့ရွေးချယ်နိုင်မည်နည်း။ သင်၏စကားဝှက်အဖြစ် အနှစ်သက်ဆုံးစာအုပ်တစ်အုပ် သို့မဟုတ် ရုပ်ရှင်ကားတစ်ကား၏ခေါင်းစီး၊ သီချင်း သို့မဟုတ် ကဗျာတစ်ပုဒ်မှစာကြောင်းတစ်ကြောင်းကိုယူပြီး စကားလုံးတစ်လုံးစီမှပထမစာလုံးကို စာလုံးကြီး၊ ဖြတ်ရပ်သင်္ကေတ သို့မဟုတ် အခြားအက္ခရာများထပ်ဖြည့်စွက်ကာ အသုံးပြုပါဟု တချို့ကအကြံပြုကြသည်။ ဥပမာ၊ “to be or not to be” သည် “2B/not2B” ဖြစ်လာနိုင်သည်။ သင်သည် ကျမ်းစာရည်ညွှန်းချက်တစ်ခုကိုပင်ယူနိုင်ပြီး ယင်းကို သင့်စကားဝှက်အဖြစ် အသုံးပြုနိုင်ပါသည်။ သို့နှင့် ၁ ရာဇဝင်ချုပ် ၉:၂၇ သည် “1Chr9:27” ဖြစ်လာပေမည်။

တချို့အကြံပြုချက်များတွင် ဗျည်းများကို သရတစ်လုံးနှစ်လုံးဖြင့် တစ်လုံးစီခြားထားကာ အသံထွက်၍ရပြီး အဓိပ္ပာယ်မဲ့သော စကားလုံးအဖြစ် ပြောင်းလဲခြင်းပါဝင်သည်။ ဥပမာ၊ “QuiMSoPy၊” သို့မဟုတ် “WotyRuba။” သို့မဟုတ် “High?Bug” သို့မဟုတ် “Song;Tree” အစရှိသော စကားလုံးတိုနှစ်လုံးကို ဖြတ်ရပ်သင်္ကေတတစ်ခုနှင့် ဆက်သွယ်၍ရယူနိုင်သည်။

စကားဝှက်အားလုံး လုံခြုံမှုအဆင့်တစ်ပုံစံတည်းလိုအပ်မည်မဟုတ်သကဲ့သို့ တချို့ပရိုဂရမ်များသည် အက္ခရာအချို့ကို လက်ခံမည်မဟုတ် သို့မဟုတ် စာလုံးကြီးများကို အသိအမှတ်ပြုမည်မဟုတ်သော်လည်း အထက်တွင်ဖော်ပြထားသည့် အကြံပြုချက်များကို ထည့်သွင်းစဉ်းစားခြင်းက မလိုလားအပ်သည့်ကျူးကျော်ဝင်ရောက်လာသူများရန်မှ အရေးကြီးသောသတင်းအချက်အလက်များကို ကာကွယ်ရန် သင့်အားကူညီပေးနိုင်သည်။ သင့်စကားဝှက်များကို မှန်မှန်ပြောင်းလဲခြင်း၏အရေးကြီးမှုကိုလည်း သတိရပါ။ နောက်ဆုံးမှတ်ချက်အနေနှင့် အဘယ်စကားဝှက်ကိုမဆို အသုံးပြုတော့မည်ဆိုလျှင် အထက်တွင်ဖော်ပြပေးထားသည့် မည်သည့်နမူနာများကိုမဆို အသုံးမပြုပါနှင့်။