မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြောင်များ တောဝင်သွားချိန်ဝယ်

ကြောင်များ တောဝင်သွားချိန်ဝယ်

ကြောင်များ တောဝင်သွားချိန်ဝယ်

ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

သားစားသတ္တဝါတစ်ကောင်သည် တဖြည်းဖြည်းရှေ့တိုးသွားကာ ခေါင်းကို ဝပ်စင်းထားပြီး မျက်လုံးများက ဖမ်းဆီးမည့်သားကောင်ကို စိုက်ကြည့်လျက် ချောင်းမြောင်းနေ၏။ ခြေစုံချ၊ ကိုယ်ကိုဝပ်ကာ ခေတ္တရပ်ဆိုင်းလိုက်သည်။ နီဝါရောင်အမွေးများအောက်မှ ကြွက်သားများမှာ အပြိုင်းပြိုင်းထနေ၏။ ထို့နောက် လေးကိုင်းမှ ပစ်လွှတ်လိုက်သည့်မြားတံအလား သားကောင်ဆီသို့ တစ်ဟုန်ထိုးခုန်အုပ်လိုက်၏။ ထိုကြောင်သည် ခြေသည်းပါသော ဖဝါးဖြင့် သားကောင်ကို အားကုန်ပုတ်ချလိုက်ပြီး မလွတ်တမ်းကိုက်ခဲကာ မြေကြီးနှင့် ကုပ်တွယ်ထားလိုက်လေသည်။

သေရေးရှင်ရေးတိုက်ပွဲသည် အာဖရိကတွင်မဟုတ်ဘဲ ဩစတြေးလျတွင်ဖြစ်သည်။ ပေါ့ပါးလျင်မြန်သော ဤသတ္တဝါမှာ ခွန်အားကြီးသောခြင်္သေ့မဟုတ်ဘဲ တောကြောင်အဖြစ် လူသိများသည့် သေးငယ်သောကြောင်တစ်မျိုးဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင် တောကြောင် ၁၂ သန်းခန့်သည် မြောက်ပိုင်းအငူရှိ အပူပိုင်းသစ်တော၊ တောင်ပိုင်းဒေသတောင်တန်းများရှိ အေးမြသောကုန်းပြင်မြင့်များနှင့် အလယ်ပိုင်းလွင်ပြင်များရှိ သဲကန္တာရများတွင် ကျက်စားကြသည်။

တောကြောင်ဟူသည် အဘယ်နည်း

ဩစတြေးလျတောကြောင်များသည် ၎င်းတို့၏ဘိုးဘေးဘီဘင် အိမ်ကြောင်များနှင့်ဆင်တူကြသည်။ ၎င်းတို့၏အမွေးများသည်လည်း အရောင်တူအစင်းတူဖြစ်ကြသည်၊ ရောစပ်ထားသောအရောင်၊ တစ်ရောင်တည်း၊ အစင်းကြောင်းများအပါအဝင် အနက်၊ အဖြူ၊ မီးခိုးရောင်နှင့် နီဝါရောင်များဖြစ်ကြ၏။ သို့သော် ကြောင်ရိုင်းများသည် အိမ်မွေးကြောင်များထက် လည်ပင်းသားနှင့် ပခုံးကြွက်သားများ ပိုမိုတောင့်တင်းကြသည်။ အထီးများသည် ကိုယ်အလေးချိန် ၇ ပေါင်မှ ၁၄ ပေါင်အထိရှိကြပြီး အမများမှာမူ ၅ ပေါင်မှ ၁၀ ပေါင်အထိရှိကြသည်။ အိမ်မွေးကြောင်များသည် လူတို့အပေါ်တွင် အများအားဖြင့် မှီခိုတတ်ကြသော်လည်း ကြောင်ရိုင်းများမှာမူ မိမိကိုယ်ကို အပြည့်အဝအားကိုးကြကာ လူတို့နှင့်ထိတွေ့လေ့မရှိကြချေ။

ဤကြောင်ရိုင်းများ၏ ဘိုးဘေးဘီဘင်များသည် ဩစတြေးလျတိုက်သို့ လာရောက်အခြေချသည့် ဥရောပတိုက်သားများနှင့်အတူ ပါလာကြကာ ၁၉ ရာစုအတွင်း တိုက်တစ်ခုလုံးသို့ ကြောင်များ ပျံ့နှံ့သွားခဲ့သည်။ ကြောင်များစွာမှာ တောဝင်သွားခဲ့ကြသည်။ ၁၈၈၀ ပြည့်လွန်နှစ်များအတွင်း စားကျက်များ ထိခိုက်ပျက်စီးသည့်အထိ ယုန်ကောင်ရေ အကြီးအကျယ်တိုးပွားလာမှုကို တားဆီးရန် အခြားကြောင်များကို တမင်တကာ လွှတ်ပေးခဲ့ကြသည်။ ဤကြောင်များသည် ချက်ချင်းပင် မိမိတို့၏ဒေသသစ်တွင် အလိုက်သင့်နေထိုင်တတ်လာကြပြီး ဩစတြေးလျသို့ မိတ်ဆက်ယူဆောင်လာသည့် မျိုးစိတ်တို့တွင် အပျံ့နှံ့ဆုံးဖြစ်လာလေသည်။ ယခုအခါ ကြောင်ရိုင်းများသည် ဩစတြေးလျနိုင်ငံ ပြင်ပကျွန်းငယ်များစွာအပါအဝင် ဩစတြေးလျနိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကျက်စားကြသည်။

အခြေအနေနှင့်အညီ နေထိုင်တတ်လွန်းသော နယ်ချဲ့သတ္တဝါများ

ကြောင်ရိုင်းများသည် သားပေါက်ဖွားမှုများသည်။ အမတစ်ကောင်သည် တစ်နှစ်မပြည့်မီတွင် သားပေါက် ခုနစ်ကောင်အထိ တစ်နှစ်တစ်ကြိမ် သားပေါက်ပါလိမ့်မည်။ ထိုနောက်ပိုင်းတွင် တစ်ကြိမ်လျှင် သားပေါက်လေးကောင်မှ ခုနစ်ကောင်အထိ တစ်နှစ်သုံးကြိမ် သားပေါက်မည်။ သို့နှင့် သူ၏ခုနစ်နှစ် ရှစ်နှစ်သက်တမ်းတစ်လျှောက်လုံး သားပေါက်နေပါလိမ့်မည်။ အကယ်၍ တစ်နှစ်လျှင် အမသုံးကောင်နှင့် အထီးသုံးကောင်မျှသာ သားပေါက်၍ ၎င်း၏သမီးများပါ အလားတူသားပေါက်ကြမည်ဆိုလျှင် ကြောင်ရိုင်းတစ်ကောင်သည် ခုနစ်နှစ်အတွင်း မျိုးဆက်ထောင်နှင့်ချီ၍ ပေါက်ပွားနိုင်စရာရှိပေသည်။

သို့ရာတွင် ဩစတြေးလျ၏ ကြမ်းတမ်းသောရာသီဥတုဒဏ်ကို ခံနိုင်ရန်မှာ ကောင်ရေများရုံထက်မက လိုအပ်သည်။ ကြောင်များသည် အေးချမ်းသောညနေပိုင်း သို့မဟုတ် နံနက်စောစောတွင် တောလိုက်လေ့ရှိကြသည်။ သစ်ခေါင်းများ သို့မဟုတ် ယုန်တွင်းများတွင် အိပ်စက်ခြင်းဖြင့် နေ့ခင်းအပူဒဏ်ကို ရှောင်ကြသည်။ ထို့အပြင် ကြောင်ရိုင်းများသည် ရေသောက်စရာမလိုသဖြင့် အကြမ်းတမ်းဆုံးသဲကန္တာရများတွင်ပင် ကျက်စားနိုင်ကြသည်၊ သူတို့ဖမ်းဆီးရမိသော သားကောင်၏အသားမှ သူတို့လိုအပ်သည့်အစိုဓာတ်အပြည့်အဝ ရယူနိုင်ကြသည်။

ကြောင်ရိုင်းများသည် အစားအစာကိုလည်း အလိုက်သင့်ပြောင်းလဲစားသောက်တတ်ကြသည်။ သူတို့သည် ယုန်သားကို ပိုကြိုက်တတ်ကြသော်လည်း နယူးဆောက်သ်ဝေးလ် အမျိုးသားပန်းခြံနှင့် သားရဲတိရစ္ဆာန်ဝန်ဆောင်မှုလုပ်ငန်းက ဤသို့ဖော်ပြသည်– “ကြောင်များသည် ဩစတြေးလျ ငှက်မျိုးစိတ် ၁၀၀ ကျော်၊ နို့တိုက်ပြီး သားပိုက်အိတ်ပါသည့်မျိုးစိတ် ၅၀၊ တွားသွားသတ္တဝါမျိုးစိတ် ၅၀၊ ဖားများနှင့် ကျောရိုးမဲ့သတ္တဝါမျိုးစိတ်မြောက်မြားစွာကို သတ်ဖြတ်စားသောက်ကြသည်။” ၎င်းတို့သည် ကြောက်ခမန်းလိလိ ခံတွင်းကောင်းကြ၏။ အထီးတစ်ကောင်သည် နေ့စဉ် ၎င်း၏ခန္ဓာကိုယ်အလေးချိန်၏ ၅ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းအကြား စားသုံးသည်။ အမသည် သားပေါက်များရှိမည်ဆိုလျှင် နေ့စဉ် ၎င်း၏ခန္ဓာကိုယ်အလေးချိန်၏ ၂၀ ရာခိုင်နှုန်းကို စားသုံးပါလိမ့်မည်။ ဝေးခေါင်သော ကျွန်းတစ်ကျွန်းတွင် ကြောင်ရိုင်း ၃၇၅ ကောင်မျှက တစ်နှစ်အတွင်း ယုန်ကောင်ရေ ၅၆,၀၀၀ နှင့် ပင်လယ်ငှက်ကောင်ရေ ၅၈,၀၀၀ ခန့်စားသုံးခဲ့ကြသည်။

ဩစတြေးလျ ဇာတိဖွားတိရစ္ဆာန်အများစုသည် ကြောင်ရိုင်းများကို မယှဉ်နိုင်ကြချေ။ ပတ်ဝန်းကျင်ဆိုင်ရာ မဂ္ဂဇင်းအဲခိုစ်အရ ကြောင်ရိုင်းများ၏ သတ်ဖြတ်စားသုံးပုံများကြောင့် “ဩစတြေးလျ ခြောက်သွေ့ဒေသရှိ မျိုးသုဉ်းမည့်အန္တရာယ်ရှိသော နို့တိုက်သတ္တဝါများကို ပြန်လည်ထားရှိဖို့ အစီအစဉ်များ အနည်းငယ်သာအောင်မြင်ရခြင်း” ဖြစ်သည်။

အိမ်မွေးသားယဉ်လော၊ သားရိုင်းလော

ရှေးခေတ်အီဂျစ်လက်ထက်ကတည်းက ကြောင်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ် လူကြိုက်များခဲ့သည်။ ဩစတြေးလျနိုင်ငံတွင် အိမ်ထောင်စု ၃၇ ရာခိုင်နှုန်းမှာ အနည်းဆုံး ကြောင်တစ်ကောင်ကို ပိုင်ဆိုင်ကြသည်။ ဤကြောင်များစွာကို သင်းကွပ်မထားကြရာ မလိုချင်သောသားပေါက်များကို တစ်ခါတစ်ရံ အနီးအနားရှိ ချုံပုတ်များတွင် ပစ်ထားတတ်ကြ၍ ထိုတွင် သူတို့ ကြီးပြင်းပေါက်ပွားလာကြပြီး ကြောင်ရိုင်းကောင်ရေ တိုးပွားလာလေသည်။

နှစ်လိုဖွယ်အိမ်မွေးသားယဉ်ဘဝမှ သားရိုင်းဖြစ်မသွားစေရန် ဩစတြေးလျနိုင်ငံမှ အမျိုးသားပန်းခြံနှင့် သားရဲတိရစ္ဆာန်ဝန်ဆောင်မှုလုပ်ငန်းက အောက်ပါအတိုင်း အကြံပြုထားသည်– သင့်ကြောင်ကို အထူးသဖြင့် ညဘက်၌ အိမ်တွင် ထားပါ။ အစာ လုံလုံလောက်လောက် ကျွေးပါ။ သင့်ကြောင်ကို လည်ပတ်၊ တွယ်ကြိုး သို့မဟုတ် မိုက်ခရိုချိ(ပ်) ချိတ်ဆွဲထားပေးပါ။ သားရဲတိရစ္ဆာန်များကို သတိပေးရန် သင့်ကြောင်တွင် ခေါင်းလောင်းကြီးသုံးလုံး ချိတ်ထားပါ။ သင့်ကြောင်ကို သင်းကွပ်ထားပါ။ သင့်ကြောင်ကို ခြံဝင်းအတွင်းရှိနေစေရန် ကြောင်လုံခြံစည်းရိုးများ ကာရံထားပါ။

ဤအကြံပြုချက်များကို လက်တွေ့အကောင်အထည်ဖော်ရန် အချိန်နှင့် ငွေကြေးကုန်ကျမှုတော့ရှိသည်။ သို့သော် ကြောင်ကို ချစ်တတ်သော ဩစတြေးလျလူမျိုးတို့အတွက်မူ ယင်းသည် အကုန်အကျခံနိုင်စရာဖြစ်ပေမည်။

[စာမျက်နှာ ၁၄ ရုပ်ပုံ]

ဩစတြေးလျ၏ ကြောင်ရိုင်း ၁၂ သန်းမှ ကြောင်ရိုင်းတစ်ကောင်

[Credit Line]

Joel Winter/NSW National Parks and Wildlife Service, Australia

[Picture Credit Line on page 15]

With permission of The Department of Natural Resources and Mines