မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ

‘နှစ်သိမ့်ခြင်း၏ ဘုရားသခင်’ ထံမှ ရရှိသော အကူအညီ

ဘုရင်ဒါဝိဒ်သည် အကြီးအကျယ် ဝေဒနာခံစားရမှုနှင့် စိတ်မငြိမ်မသက်ဖြစ်မှုတို့ကို တွေ့ ကြုံခံစားခဲ့ရသူတစ်ဦး ဖြစ်၏။ သို့သော် ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား နည်းမျိုးစုံဖြင့် နားလည်ပေးတော်မူကြောင်း သူ သံသယ မဝင်ခဲ့ပေ။ ‘အို ယေဟောဝါ၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အို ယေဟောဝါ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏’ ဟု သူရေးသားခဲ့သည်။—ဆာလံ ၁၃၉:၁၊ ၂၊ ၄၊ ၂၃

ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မစုံလင်သောစိတ်နှင့် ခန္ဓာအပေါ် သက်ရောက်နိုင်သည့် စိတ်ကျဝေဒနာ၏ အားယုတ်စေသော ဆိုးကျိုးကို နားလည်ပေးတော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ စိတ်ကျဝေဒနာ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများနှင့် လက်ရှိအခြေအနေများအောက်တွင် ကျွန်ုပ်တို့ မည်သို့ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည်ကို ကိုယ်တော် သိရှိတော်မူ၏။ ထို့ပြင် စိတ်ကျဝေဒနာကို မည်သို့ ထာဝစဉ်ပျောက်ကင်းစေမည်ကိုလည်း ကိုယ်တော် ဖော်ပြတော်မူခဲ့ပြီ ဖြစ်သည်။ စိတ်ကျနေသူတို့ကို “နှစ်သိမ့်ပေးတော်မူသော” သနားကရုဏာရှင် ဘုရားသခင်ထက် ပို၍ကူညီပေးနိုင်သောသူကို ကျွန်ုပ်တို့ တောင့်တနိုင်ကြတော့မည် မဟုတ်ပါ။—၂ ကောရိန္သု ၇:၆

သို့သော် စိတ်ကျနေသူတို့သည် စိတ်ဖိစီးနေသောအခါ သူတို့အား ဘုရားသခင် မည်သို့ ကူညီပေးနိုင်သည်ကို သိလိုကြပေမည်။

စိတ်ကျနေသူတို့ထံ ဘုရားသခင် ချဉ်းကပ်ပါသလော။

ဘုရားသခင်သည် စိတ်ကျနေသော ကျေးကျွန်များနှင့် အလွန်နီးကပ်စွာ ရှိတော်မူ၏၊ ကိုယ်တော်သည် “စိတ်နှိမ့်ချသောသူနှင့် နှလုံးကြေကွဲသောသူတို့၏ စိတ်ဝိညာဉ် အသက်ရှင်စေခြင်းငှာ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့” ၌ ကျိန်းဝပ်တော်မူသကဲ့သို့ ဖြစ်သည်။ (ဟေရှာယ ၅၇:၁၅) ‘ယေဟောဝါသည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူကာ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ’ ကြောင်း သိရခြင်းက အလွန်နှစ်သိမ့်မှု ဖြစ်စေပါသည်။—ဆာလံ ၃၄:၁၈

စိတ်ကျနေသူတို့သည် ဘုရားသခင်ထံတော်မှ နှစ်သိမ့်မှု မည်သို့ ရရှိနိုင်သနည်း။

စိတ်ဆင်းရဲစရာများနှင့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သော ‘ဆုတောင်းစကားကို နားထောင်တော်မူသော’ အရှင်ထံ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများ အချိန်မရွေး ချဉ်းကပ်နိုင်ကြသည်။ (ဆာလံ ၆၅:၂) ကိုယ်တော်ထံ ရင်ဖွင့်ဆုတောင်းဖို့ ကျွန်ုပ်တို့အား သမ္မာကျမ်းစာက ဤသို့တိုက်တွန်း၏– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့ အသနားခံလိုသော အရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇

တန်ဖိုးမရှိဟူသော ခံစားချက်များက ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် နားညောင်းမခံရဟု တွေးထင်စေလျှင်ကော အသို့နည်း။

စိတ်ကျဝေဒနာက ဘုရားသခင့် စိတ်တော်နှင့်တွေ့ရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် မလုံလောက်ဟု ကောက်ချက်ချမိစေသည်။ သို့သော် ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏ ထိခိုက်လွယ်သော စိတ်လှုပ်ရှားမှုများကို နားလည်ပေးကာ ကျွန်ုပ်တို့သည် “မြေမှုန့်ဖြစ်ကြောင်း” ကို အောက်မေ့တော်မူ၏။ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့၏ ‘စိတ်နှလုံးသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်’ လျှင်ပင် ‘ဘုရားသခင်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထက် ကြီးမြတ်တော်မူသောကြောင့် အရာခပ်သိမ်းကို သိတော်မူ’ ကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်ကြသည်။ (၁ ယောဟန် ၃:၁၉၊ ၂၀) ထို့ကြောင့် ဆာလံ ၉:၉၊ ၁၀။ ၁၀:၁၂၊ ၁၄၊ ၁၇ နှင့် ၂၅:၁၇ ကဲ့သို့သော ကျမ်းပိုဒ်များကို ဖတ်ရှု၍ အသုံးအနှုန်းများကို သင်၏ဆုတောင်းချက်များတွင် ထည့်သုံးနိုင်ပါသည်။

ကျွန်ုပ်တို့၏ ခံစားချက်များကို မဖော်ပြနိုင်လောက်အောင် စိတ်ရှုပ်ထွေးလွန်းနေသည်ဆိုလျှင်ကော အသို့နည်း။

နာကျင်စေသော စိတ်လှုပ်ရှားမှုများက မခံမရပ်နိုင်အောင် ဖိစီးနှိပ်စက်နေသည့်အတွက် အကျိုးသင့်အကြောင်းသင့် ပြောဆိုရန် ခက်ခဲနေပါက လက်မလျှော့လိုက်ပါနှင့်။ မိမိ၏ခံစားချက်များနှင့် လိုအပ်ရာများကို ကိုယ်တော် နားလည်တော်မူကြောင်း သိရှိလျက် “သနားကြင်နာတတ်သည့် အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ထံတော်ပါး ချဉ်းကပ်မြဲ ချဉ်းကပ်ပါလေ။ (၂ ကောရိန္သု ၁:၃) ဤဆောင်းပါးတွဲ၏ အစပိုင်း၌ ဖော်ပြခဲ့သည့် မာရီယာက ဤသို့ဆို၏– “တစ်ခါတလေ ကျွန်မ အရမ်းစိတ်ရှုပ်ထွေးနေတဲ့အခါ ဘာအကြောင်း ဆုတောင်းရမှန်း မသိဘူး။ ဒါပေမဲ့ ကျွန်မကို ဘုရားသခင် နားလည်ပြီး ကူညီပေးတယ်ဆိုတာ ကျွန်မ သိတယ်။”

 

ယခုအချိန်တွင် ကျွန်ုပ်တို့၏ အခက်အခဲမှန်သမျှကို ဘုရားသခင် ဖယ်ရှားပေးသည်ဟု သမ္မာကျမ်းစာက မဆိုပါ။ သို့သော် ဘုရားသခင်သည် စိတ်ကျဝေဒနာအပါအဝင် “အရာခပ်သိမ်း” ကိုခံနိုင်ရန် ခွန်အားပေးတော်မူ၏။ (ဖိလိပ္ပိ ၄:၁၃) “စိတ်ကျဝေဒနာကို ဦးဆုံးခံစားခဲ့ရတုန်းက ဒီဝေဒနာကို ဆက်ပြီး ခံနိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ထင်ပြီး ကျွန်မကို ချက်ချင်း ကုသပေးပါလို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ အခုတော့ တစ်နေ့စီအတွက် ခွန်အားရဖို့ ဆုတောင်းရတာကိုပဲ ကျွန်မ ကျေနပ်နေပါတယ်” ဟု မာတီနာက ဝန်ခံ၏။

သမ္မာကျမ်းစာသည် စိတ်ကျဝေဒနာကို ကိုင်တွယ်ဖြေရှင်းနေရသူ တစ်ဦးစီအား ကူညီပေးရန် အရေးပါသော ဘုရားသခင်ပေး ခွန်အားရင်းမြစ် ဖြစ်သည်။ စိတ်ကျဝေဒနာကို ၃၅ နှစ်ကြာ တွန်းလှန်ခဲ့ရသည့် ဆာရာသည် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း၏ လက်တွေ့ကျတန်ဖိုးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ ကြုံခံစားခဲ့ရသည်။ သူ ဤသို့ပြန်ပြောပြ၏– “ကျွန်မအတွက် ဆေးပညာရှင်တွေ လုပ်ဆောင်ပေးတာတွေကို ကျွန်မတကယ်ပဲ လေးမြတ်ပါတယ်။ ဒါပေမဲ့ အဲဒါထက် ကျမ်းစာဖတ်ရှုခြင်းရဲ့ လက်တွေ့ကျတန်ဖိုးကို ကျွန်မ သိမြင်လာရတယ်။ ကျမ်းစာဖတ်ရှုခြင်းကို အကျင့်ဖြစ်အောင် ကျွန်မ လုပ်ခဲ့တယ်။”

စိတ်ကျဝေဒနာ ထာဝစဉ် ပပျောက်လတ္တံ့

ယေရှုခရစ် ကမ္ဘာမြေပေါ်ရှိခဲ့စဉ်က နာကျင်စေသော ရောဂါများကို ကုသပေးကာ ဘုရားသခင်ပေးသော တန်ခိုးကို ပြသခဲ့၏။ ကိုယ်တော်သည် ဆိုးဆိုးရွားရွား နာမကျန်းဖြစ်နေသူတို့အား ဝေဒနာမှ သက်သာစေလိုစိတ် ပြင်းပြခဲ့သည်။ ထို့ ပြင် စိတ်လှုပ်ရှားမှုများကြောင့် စိတ်ရှုပ်ထွေးတွေဝေရခြင်း၏ ဖိစီးမှုဒဏ်ကို ကိုယ်တော်ကိုယ်တိုင် သိရှိထားသည်။ နာကျင်စွာ မသေဆုံးမီ တစ်ညတွင် “ခရစ်တော်သည် . . . မိမိကို သေခြင်းမှ ကယ်တင်ပေးနိုင်သော အရှင်အား အော်ဟစ်ကြွေးကြော်၍ မျက်ရည်ကျလျက် တိုးလျှိုးအသနားခံ ဆုတောင်း” ခဲ့သည်။ (ဟေဗြဲ ၅:၇) ထိုစဉ်က ယေရှုသည် ထိုမျှလောက် စိတ်ဆင်းရဲခဲ့ရသဖြင့် ယခု ကျွန်ုပ်တို့ အကျိုးခံစားနေရသည်၊ အကြောင်းမှာ ကျွန်ုပ်တို့ မည်သို့ ခံစားနေရသည်ကို ကိုယ်တော်သိရှိပြီး “စမ်းသပ်မှု ခံရသူများကို ကူညီမစနိုင်” သောကြောင့် ဖြစ်၏။—ဟေဗြဲ ၂:၁၈။ ၁ ယောဟန် ၂:၁၊ ၂

စိတ်ကျဝေဒနာသို့ တွန်းပို့သော စိတ်ဆင်းရဲစရာကောင်းသည့် အခြေအနေအားလုံးကို ဖယ်ရှားပေးရန် ဘုရားသခင် ရည်ရွယ်ထားကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ ကိုယ်တော် ဤသို့ကတိပြုတော်မူသည်– “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံး မမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သော အရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။” (ဟေရှာယ ၆၅:၁၇၊ ၁၈) “ကောင်းကင်သစ်” ဖြစ်သော ဘုရားသခင့်နိုင်ငံတော်သည် “မြေကြီးသစ်” ဖြစ်သော ကမ္ဘာမြေပေါ်ရှိ ဖြောင့်မတ်သည့် လူ့ဘောင်အဖွဲ့အစည်းကို ကာယပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ဘုရားသခင်နှင့် ဆက်ဆံရေးတို့တွင် ပြည့်ဝစုံလင်အောင် ပြုလုပ်ပေးမည်။ ဖျားနာမှု အားလုံးကိုလည်း ထာဝစဉ် ဖယ်ရှားပစ်ပါလိမ့်မည်။

‘အိုယေဟောဝါ၊ နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။ အကျွန်ုပ် ခေါ်သံကို ကြားတော်မူသည်ဖြစ်၍ အကျွန်ုပ် ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သောအခါ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍ “မကြောက်နှင့်” ဟု မိန့်တော်မူပြီ။’—ယေရမိမြည်တမ်းစကား ၃:၅၅-၅၇