မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာအမှန်တရားက သူတို့ကို လွတ်မြောက်စေ

ကျမ်းစာအမှန်တရားက သူတို့ကို လွတ်မြောက်စေ

ကျမ်းစာအမှန်တရားက သူတို့ကို လွတ်မြောက်စေ

“အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်” လို့ ယေရှုက နားထောင်နေသူလူအုပ်ကိုပြောခဲ့တယ်။ (ယောဟန် ၈:၃၂) ဒီလွတ်မြောက်မှုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ရဲ့ နောက်ကွယ်က လိမ်လည်လှည့်စားသူဖြစ်တဲ့ ကောင်းကင်တမန်ဆိုးတွေထံကနေ လွတ်မြောက်ခြင်းလည်းပါဝင်ကြောင်း အောက်ပါဥပမာတွေကဖော်ပြတယ်။—ယောဟန် ၈:၄၄

တွေ့ကြုံမှုတစ်ခုစီက ကျမ်းစာအမှန်တရားရဲ့ လွတ်မြောက်စေနိုင်တဲ့အစွမ်းကို ပေါ်လွင်စေပါလိမ့်မယ်။ မှန်ပါတယ်၊ ကျမ်းစာတစ်ခုတည်းကသာ လူတွေကို အမှန်လွတ်မြောက်စေနိုင်တယ်။ ကျမ်းစာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ သင့်ကို စိတ်ပျက်စေမှာမဟုတ်ပါဘူး။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပုံများမှာ ပြန်လည်သရုပ်ဖော်ပုံများဖြစ်

စူဇန်နားဟာ ဘရာဇီးနိုင်ငံက ပရောဖက်မကြီးဖြစ်တယ်။ သူဟာ လိုအပ်နေသူတွေကို ကူညီပေးဖို့ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့တန်ခိုးတွေကို အသုံးပြုချင်တယ်။ ဒါ့အပြင် “သေဆုံးသွားပြီဖြစ်တဲ့ သူ့အမေနဲ့စကားပြောဆို” ရတာကို သူနှစ်သက်တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး ဝိညာဉ်ဘုံမှာ သူနဲ့အတူလာနေဖို့ “အမေ” က စူဇန်နားကို တောင်းပန်တယ်။ ဒါက သူ့ကိုစိတ်ဆင်းရဲစေပြီး အိပ်မက်ဆိုးတွေကိုလည်း မက်စေခဲ့တယ်။ နောက်တော့ သူနဲ့သူ့ယောက်ျားက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ သူတို့ဟာ ခက်ခက်ခဲခဲနဲ့ ‘စာတန်ကို ခုခံတွန်းလှန်’ ခဲ့ရပြီး နောက်ဆုံးတော့ စာတန်ဟာ ‘သူတို့ထံမှ ထွက်’ သွားခဲ့တယ်။ (ယာကုပ် ၄:၇) အခု သူတို့ စိတ်ငြိမ်သက်မှုရရှိနေကြပြီး စူဇန်နားလည်း အိပ်မက်ဆိုးတွေ ထပ်မမက်တော့ဘူး။ “ကျွန်မ ယေဟောဝါကို ကျေးဇူးတင်စရာအများကြီးရှိတယ်။ အထူးကျေးဇူးတင်တာကတော့ ကောင်းကင်တမန်ဆိုးတွေရဲ့နှောင့်ယှက်မှုကနေ လွတ်မြောက်စေခဲ့တဲ့အတွက်ပဲ” လို့ရေးသားခဲ့တယ်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တိမောသေဟာ အနောက်အာဖရိကမှာနေတဲ့ ဆွံ့အ နားမကြားသူတစ်ဦးဖြစ်တယ်။* သမားရိုးကျဆရာဝန်တွေ သူ့ကိုမကုသပေးနိုင်တော့ ယုံကြည်ခြင်းနဲ့ကုသသူတွေဆီ သူသွားခဲ့တယ်၊ ဒါပေမဲ့ အလကားပဲ။ “ကျွန်တော် လှည့်စားခံခဲ့ရလို့ အရမ်းစိတ်ထိခိုက်မိတယ်” လို့သူရေးခဲ့တယ်။ နောက်တော့ ယေဟောဝါသက်သေတွေနဲ့ သူကျမ်းစာလေ့လာခဲ့ပြီး သူတို့က ဖျားနာမှုနဲ့ မသန်စွမ်းမှုတွေကို ဖယ်ရှားပေးမယ့် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သူ့ကိုရှင်းပြတယ်။ “‘နားပင်းတဲ့သူတွေဟာ နားပင်းခြင်းနဲ့လွတ်မယ့်၊ ခြေဆွံ့တဲ့သူတွေ ခြေဆွံ့ခြင်းနဲ့လွတ်မယ့်’ ဘုရားသခင့်ကမ္ဘာသစ်ကို ကျွန်တော်စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်” လို့ တိမောသေပြောတယ်။ (ဟေရှာယ ၃၅:၁-၆) ယခုအချိန်မှာတော့ သူဟာ ဒီဗီဒီစက်အသေးစားလေးနဲ့ အကြားအာရုံချို့ယွင်းနေတဲ့သူတွေ ကျမ်းစာအမှန်တရားသိလာပြီး စစ်မှန်တဲ့လွတ်မြောက်မှုရရှိလာအောင် ရွှင်လန်းစွာကူညီပေးနေပါတယ်။

[အောက်ခြေမှတ်ချက်]

နာမည်အချို့ကို ပြောင်းထားသည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အဲဗ်လင်ဟာ အက်စ်တိုးနီးယားနိုင်ငံရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို အတွင်းကျကျလိုက်စားခဲ့တယ်။ လူတွေကို ယေရှုကုသပေးသလို သူလည်းကုသပေးချင်တယ်။ အထူးသဖြင့် နာတာရှည်ဖျားနာနေတဲ့ သူ့အမေကို ကုသပေးချင်တယ်။ ဒါကြောင့် ရောဂါအမည်ဖော်ထုတ်ဖို့၊ အသည်းအသန်ဖြစ်နေတဲ့ရောဂါတွေကိုကုသဖို့ ချိန်သီးကိုဘယ်လိုသုံးရမလဲဆိုတာ သင်ယူခဲ့တယ်။ အချိန်တန်တော့ ကျမ်းစာကို သူဆန်းစစ်ခဲ့တယ်။ ရလဒ်အနေနဲ့ သူဒီလိုပြောတယ်– “ဘယ်လောက်လှည့်စားခံခဲ့ရသလဲဆိုတာ ကျွန်မနားလည်လာတယ်။ ဒါကြောင့် ဒီပညာရပ်တွေနဲ့နွှယ်နေတဲ့စာအုပ်တွေ၊ ချိန်သီးတွေကို မီးရှို့ပစ်လိုက်တယ်။” အခုချိန်မှာ သူက လွတ်မြောက်စေတဲ့ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို သွန်သင်ပေးနေတယ်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မေရီဟာ လူသေတွေကိုကြောက်တတ်ကြတဲ့ ပါပူဝါနယူးဂီနီရဲ့ကျွန်းတစ်ကျွန်းမှာ ကြီးပြင်းခဲ့တယ်။ ရွာထဲက တစ်ဦးဦးသေပြီဆိုရင် တခြားသူတစ်ယောက်ရဲ့ ကုတင်အောက်မှာ မေရီ သွားအိပ်တတ်တယ်၊ တစ်ယောက်ထဲရှိနေရင် သေဆုံးသူရဲ့ဝိညာဉ် လာဒုက္ခပေးမှာကြောက်လို့ပဲ။ နောက်တော့ လူသေတွေဟာ အိပ်ပျော်နေသူတွေဖြစ်ပြီး သင်္ချိုင်းမှာပဲရှိတယ်၊ ကမ္ဘာ့ပရဒိသုမှာပြန်ထမြောက်ဖို့ စောင့်နေကြတယ်ဆိုတာ ကျမ်းစာကနေ သူသိလာတယ်။ (လုကာ ၂၃:၄၃; ယောဟန် ၁၁:၁၁-၁၄) အကျိုးကျေးဇူးအနေနဲ့ လူသေတွေကို သူ မကြောက်တော့ဘူး။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အာလစ်ရှာဟာ အမေရိကန်နိုင်ငံက ခရစ်ယာန်အိမ်ထောင်တစ်ခုမှာကြီးပြင်းခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်အတတ်ကို အခြေခံထားတဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေကို စိတ်ဝင်စားတယ်။ နောက်တော့ သင်ယူခဲ့တဲ့ ကျမ်းစာအမှန်တရားကို သူအလေးအနက်တွေးတောလာတယ်။ အမှန်တော့ သူဟာ ‘ယေဟောဝါရဲ့စားပွဲနဲ့ ကောင်းကင်တမန်ဆိုးတွေရဲ့စားပွဲကို သုံးဆောင်’ ဖို့ ကြိုစားနေတယ်ဆိုတာနားလည်လာပြီး သူ့ရဲ့လမ်းစဉ်ကို ပြောင်းလဲခဲ့တယ်၊ အခု သူဟာ ဘုရားသခင်ရှေ့ ကြည်လင်တဲ့ကိုယ့်ကိုယ်ကိုယ်သိစိတ်ရှိနေပြီ။—၁ ကောရိန္သု ၁၀:၂၁