မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သော့ချက် ၂—ခန္ဓာကိုယ်ရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပါ

သော့ချက် ၂—ခန္ဓာကိုယ်ရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုစိုက်ပါ

“မည်သူမျှ မိမိခန္ဓာကိုယ်ကို မုန်းသည်မရှိ။ လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍ မြတ်နိုးတတ်၏။” (ဧဖက် ၅:၂၉) အခြေခံအချက်တချို့ကို လိုက်နာခြင်းဖြင့် သင့်ကိုယ်သင် ဂရုစိုက်မယ်ဆိုရင် သင့်ကျန်းမာရေး များစွာတိုးတက် လာနိုင်ပါတယ်။

လုံလောက်စွာ အနားယူပါ။ “အနည်းငယ်သောပစ္စည်းဥစ္စာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းသည် လက်နှစ်ဖက်ဖြင့် အလုပ်များလျက် လေကိုလိုက်လံဖမ်းဆီးရခြင်းထက် ပို၍ကောင်း၏။” (ဒေ. ၄:၆ခမ) ခေတ်သစ်လူမှုဘဝရဲ့ တောင်းဆိုချက်တွေနဲ့ အာရုံထွေပြားစရာတွေက လူတွေရဲ့ အိပ်စက်အနားယူချိန်ကို တဖြည်းဖြည်း ဖဲ့ယူနေတယ်။ ဒါပေမဲ့ ကျန်းမာရေးကောင်းဖို့ အိပ်စက်ခြင်းက မရှိမဖြစ် လိုအပ်တယ်။ အိပ်စက်နေချိန်မှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်က သူ့ဘာသာသူ ပြုပြင်ပြီး မှတ်ဉာဏ်နဲ့ စိတ်နေစိတ်ထားကို ကောင်းမွန်လာစေတယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်။

အိပ်စက်ခြင်းက ရောဂါတိုက်ဖျက်ရေးစနစ်ကို အားဖြည့်ပေးပြီး ရောဂါကူးစက်မှု၊ သွေးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာ၊ အဝလွန်ခြင်းနဲ့ စိတ်ကျဝေဒနာဖြစ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုတောင် လျှော့ချပေးနိုင်ပုံရတယ်။ သကြားလုံးတွေ၊ ကဖိန်းဓာတ်နဲ့ နိုးကြားစေတဲ့ တခြားအရာတွေကို သုံးပြီး ကိုယ်ခန္ဓာက အိပ်ဖို့အချက်ပြတာကို ရှောင်လွဲဖို့ကြိုးစားမယ့်အစား အချက်ပြတာကိုဂရုပြုပြီး အိပ်သာအိပ်လိုက်ပါ။ အရွယ်ရောက်ပြီးသူ အများစုက တစ်ညကို ခုနစ်နာရီ၊ ရှစ်နာရီလောက် အိပ်ဖို့ လိုတယ်၊ ဒါမှသာ ကြည့်ပျော်ရှုပျော်ရှိပြီး နေလို့ထိုင်လို့ကောင်းကာ အလုပ် ကောင်းကောင်း လုပ်နိုင်မယ်။ လူငယ်တွေအတွက် အိပ်ချိန် ပိုလိုအပ်တယ်။ အိပ်ရေးမဝတဲ့ ဆယ်ကျော်သက်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုကြုံရနိုင်ပြီး ယာဉ်မောင်းနေစဉ် အိပ်ငိုက်သွားတတ်တယ်။

အထူးသဖြင့် ဖျားနာနေစဉ် အိပ်ဖို့ ပိုလိုအပ်တယ်။ အရည်များများသောက်ပြီး ပိုအိပ်လိုက်ရုံနဲ့ အအေးမိတာလို ဖျားနာမှုတွေ အလိုလို သက်သာသွားနိုင်တယ်။

သင့်သွားကို ဂရုစိုက်ပါ။ အစာစားပြီးနောက်၊ အထူးသဖြင့် အိပ်ရာမဝင်ခင် သွားတိုက်တာနဲ့ သွားကြားရှင်းပေးတာက သွားပိုးစားခြင်း၊ သွားဖုံးရောဂါနဲ့ သွားဆုံးရှုံးခြင်းကို ကာကွယ်နိုင်တယ်။ သွားအစစ်နဲ့သာ အစာတွေကို ကောင်းကောင်းဝါးနိုင်မှာဖြစ်ပြီး အာဟာရရှိမှာ ဖြစ်တယ်။ ဆင်တွေဟာ အသက်ကြီးလာလို့သေတာမဟုတ်ဘဲ သူတို့သွားတွေ ပဲ့ကြွေကုန်ပြီး ကောင်းကောင်း မဝါးနိုင်တော့တဲ့နောက် တဖြည်းဖြည်း အစာငတ် သေဆုံးသွားတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ အစာစားပြီးနောက် သွားတိုက်ဖို့၊ သွားကြားရှင်းဖို့ သွန်သင်ခံထားရတဲ့ ကလေးတွေက ငယ်ဘဝမှာကော၊ တစ်သက်လုံးပါ ကျန်းမာရေး ပိုကောင်းကြပါလိမ့်မယ်။

ဆရာဝန်ဆီ သွားပါ။ တချို့ဝေဒနာတွေက ကျွမ်းကျင်တဲ့ ဆေးဆရာဝန်နဲ့ပြဖို့ လိုအပ်တယ်။ စောစောစစ်ဆေးခြင်းက အချိန်မီကုသနိုင်စေပြီး အကုန်အကျ သက်သာစေလေ့ရှိတယ်။ ဒါကြောင့် နေမထိထိုင်မသာဖြစ်နေတယ်ဆိုရင် ရောဂါလက္ခဏာတွေကိုသာ သက်သာအောင်လုပ်မယ့်အစား ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။

လက်မှတ်ရ ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့ ပုံမှန်စစ်ဆေးခြင်းဖြင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ များစွာကို ကြိုတင်ကာကွယ်နိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကျွမ်းကျင်တဲ့သူတွေဆီက ဆေးဘက်ဆိုင်ရာ ဂရုစိုက်မှု ခံယူမယ်ဆိုရင် အလားတူ အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်။ * ဒါပေမဲ့ ဆရာဝန်တွေဟာ အံ့ဖွယ်အမှုတွေကိုတော့ မလုပ်နိုင်ကြဘူးဆိုတာ သတိရပါ။ ဘုရားသခင်က “ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်း” ချိန်ရောက်မှသာ ကျွန်တော်တို့ရဲ့ ရောဂါတွေအားလုံး လုံးဝပျောက်ကင်းမှာ ဖြစ်တယ်။—ဗျာ. ၂၁:၄၊ ၅

^ အပိုဒ်၊ 8 ၂၀၀၉ နိုဝင်ဘာလထုတ် နိုးလော့! ပါ “ကျန်းမာသော မိခင်များ၊ ကျန်းမာသော ကလေးများ” ဆောင်းပါးကို ကြည့်ပါ။