မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက်အကူအညီ | အိမ်ထောင်ရေး

စကားမများအောင် ဘယ်လိုလုပ်ရမလဲ

စကားမများအောင် ဘယ်လိုလုပ်ရမလဲ

အခက်အခဲ

သင်နဲ့ သင့်အိမ်ထောင်ဖက်က ကိစ္စရပ်တွေကို အေးအေးဆေးဆေး ဆွေးနွေးလို့မရ ဖြစ်နေသလား။ မိုင်းတွေမြှုပ်ထားတဲ့နယ်မြေကို ဖြတ်လျှောက်နေရသလို အချိန်မရွေးပေါက်ကွဲနိုင်တယ်လို့ ခံစားနေရသလား။

အဲဒီလိုဖြစ်နေတယ်ဆိုရင် သင့်ရဲ့အခြေအနေ ပြန်ကောင်းလာနိုင်တယ်ဆိုတာ စိတ်ချပါ။ ဒါပေမဲ့ သင်နဲ့ သင့်အိမ်ထောင်ဖက်က စကားများရတဲ့အကြောင်းရင်းကိုသိအောင် အရင်ရှာကြည့်ဖို့လိုတယ်။

ဘာကြောင့် စကားများရတာလဲ

နားလည်မှုလွဲခြင်း။

ဂျီလီယန် *လို့ခေါ်တဲ့ ဇနီးသည်တစ်ဦးက ဒီလိုပြောတယ်– “တစ်ခါတလေ ကျွန်မယောက်ျားကို တစ်ခုခုပြောတဲ့အခါ ကျွန်မပြောချင်တာနဲ့ ပြောထွက်သွားတာက လွဲနေတယ်။ သူ့ကို ပြောပြီးပြီလို့ထင်ပေမဲ့ တကယ်တမ်း မပြောမိတာမျိုးလည်း ဖြစ်တတ်တယ်။ ပြောပြီးပြီလို့ အိပ်မက်,မက်တာကို တကယ်လို့ထင်နေတာတောင် ဖြစ်ဖူးတယ်။”

သဘောထားကွဲလွဲခြင်း။

သင်နဲ့ သင့်အိမ်ထောင်ဖက်က ဘယ်လောက်ပဲလိုက်ဖက်တယ်လို့ ထင်ရပါစေ တချို့ကိစ္စတွေမှာ သင်တို့ရဲ့အမြင် ကွဲလွဲနေပါလိမ့်မယ်။ လူနှစ်ယောက်က ဘယ်တော့မှ တစ်ထပ်တည်းမတူနိုင်လို့ပါ။ အဲဒီမတူညီချက်ကပဲ အိမ်ထောင်သည်ဘဝကို စိတ်ဝင်စားစရာဖြစ်စေသလို အခက်အခဲလည်း ဖြစ်စေနိုင်တယ်။ အိမ်ထောင်သည်များစွာအတွက်ကတော့ အခက်အခဲဖြစ်စေတယ်။

စံနမူနာကောင်း မရှိခြင်း။

“ကျွန်မမိဘတွေက ရန်ပဲဖြစ်နေတာ၊ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုမရှိကြဘူး။ ကျွန်မအိမ်ထောင်ကျတဲ့အခါမှာလည်း အမေက အဖေ့ကိုပြောသလို ကျွန်မခင်ပွန်းကို ပြောမိတယ်။ လေးစားမှုကို ဘယ်လိုပြရမလဲဆိုတာ မသိခဲ့ဘူး” လို့ ဇနီးသည်တစ်ဦးဖြစ်သူ ရေချယ်က ပြောတယ်။

မြုပ်ကွယ်နေတဲ့ အကြောင်းရင်း။

များသောအားဖြင့် အကြီးအကျယ် အငြင်းအခုံဖြစ်ရတဲ့ အကြောင်းရင်းက ပြောမိတဲ့စကား၊ လုပ်မိတဲ့အရာကြောင့်ပဲ မဟုတ်ဘူး။ ဥပမာ၊ “အမြဲနောက်ကျနေတာပဲ” ဆိုတဲ့စကားနဲ့ ဖြစ်လာတဲ့ပြဿနာက အချိန်နဲ့မဆိုင်ပဲ ကိုယ့်ကို အလေးမထားဘူးဆိုတဲ့ ခံစားချက်ကြောင့် ပြောထွက်လာတာ ဖြစ်နိုင်တယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ခဏခဏစကားများတာက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အိမ်ထောင်ပြိုကွဲတဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် နှစ်ယောက်သား စကားမများအောင် ဘယ်လိုလုပ်ရမလဲ။

သင်လုပ်ဆောင်နိုင်ရာ

စကားမများအောင်လုပ်နိုင်တဲ့ နည်းကောင်းတစ်ခုက စကားများရတဲ့အကြောင်းရင်းကို သိအောင်လုပ်ခြင်းဖြစ်တယ်။ အေးအေးဆေးဆေး ရှိနေတဲ့အချိန်မှာ သင့်အိမ်ထောင်ဖက်နဲ့ အောက်မှာဖော်ပြထားတဲ့အတိုင်း လုပ်ကြည့်ပါ။

၁။ နောက်ဆုံးစကားများခဲ့တာက ဘာအကြောင်းကြောင့်လဲဆိုတာကို သင်တို့နှစ်ဦး စာရွက်တစ်ရွက်စီမှာ ချရေးပါ။ ဥပမာ၊ ခင်ပွန်းသည်က ဒီလိုရေးနိုင်တယ်– “တစ်နေ့လုံး သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်နေပြီး ဘယ်မှာရှိနေတယ်ဆိုတာ အကြောင်းကြားဖော်တောင်မရဘူး။” ဇနီးက ဒီလိုရေးနိုင်တယ်– “သူငယ်ချင်းတွေနဲ့ သွားတာလေးကိုများ စိတ်ဆိုးနေလိုက်တာ။”

၂။ သဘောထားကြီးကြီးထားပြီး အောက်ပါတို့ကို ဆွေးနွေးပါ– ဒီကိစ္စက တကယ်ကော အရေးကြီးသလား။ လျစ်လျူရှုလိုက်ရင် ရမလား။ သင့်မြတ်ငြိမ်သက်မှုရှိဖို့ တချို့ကိစ္စတွေမှာ အမြင်ခြင်းမတူတာတွေ ရှိနိုင်တယ်ဆိုတာကို လက်ခံပြီး မေတ္တာနဲ့ဖုံးအုပ်လိုက်ရုံနဲ့ ပြီးသွားနိုင်တယ်။ —ကျမ်းစာမူ– သုတ္တံ ၁၇:၉

တကယ်လို့ သင်နဲ့ သင့်အိမ်ထောင်ဖက်အတွက် အသေးအဖွဲကိစ္စဖြစ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်တောင်းပန်ပြီး မေ့လိုက်ပါ။ —ကျမ်းစာမူ– ကောလောသဲ ၃:၁၃၊ ၁၄

တကယ်လို့ အရေးကြီးတဲ့အကြောင်းအရာလို့ တစ်ယောက်က ဒါမှမဟုတ် နှစ်ယောက်စလုံးကထင်တယ်ဆိုရင် နောက်အဆင့်ကို ဆွေးနွေးပါ။

၃။ စကားများတဲ့အချိန်မှာ ဘယ်လိုခံစားရသလဲဆိုတာကို နှစ်ယောက်စလုံးချရေးပါ။ ဥပမာ၊ ခင်ပွန်းက ဒီလိုရေးကောင်းရေးမယ်– “ကိုယ်နဲ့အတူရှိနေတာထက် သူငယ်ချင်းတွေနဲ့ပေါင်းသင်းတာ ပိုပျော်နေသလိုပဲ။” ဇနီးသည်က ဒီလိုရေးကောင်းရေးမယ်– “အဖေတစ်ယောက်က ကလေးတစ်ယောက်ကို စစ်လားဆေးလားလုပ်သလို ကျွန်မကိုလုပ်နေတယ်လို့ ခံစားရတယ်။”

၄။ ရေးထားတဲ့မှတ်ချက်တွေကို လဲဖတ်ပါ။ စကားများတဲ့အချိန်မှာ သင့်အိမ်ထောင်ဖက်ရဲ့ မြုပ်နေတဲ့ခံစားချက်က ဘာလဲ။ အဲဒီမြုပ်ကွယ်နေတဲ့အကြောင်းရင်းကို စကားမများဘဲဖြေရှင်းနိုင်အောင် သူ့ဘက်က၊ ကိုယ့်ဘက်က ဘယ်လိုပြောဆိုခဲ့သင့်သလဲဆိုတာ ဆွေးနွေးပါ။ —ကျမ်းစာမူ– သုတ္တံ ၂၉:၁၁

၅။ အထက်မှာပါတဲ့အတိုင်းလုပ်ကြည့်ခြင်းကနေ ဘာသင်ခန်းစာရသလဲဆိုတာ ဆွေးနွေးပါ။ ဒီသင်ခန်းစာကို ပြဿနာဖြေရှင်းဖို့၊ နောက်ပိုင်းစကားမများအောင်ရှောင်ဖို့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို ဆွေးနွေးပါ။

^ အပိုဒ်၊ 7 နာမည်တွေကို ပြောင်းထားတယ်။