မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုတွေအတွက် အကူအညီ | လူငယ်များ

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ

အခက်အခဲ

“တစ်ခါတလေ မိန်းကလေးတွေက ကျွန်တော့်ဖုန်းနံပါတ်တောင်းတယ်၊ သူတို့နဲ့ပျော်ပါးဖို့ ကျွန်တော့်ကို ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ ကျွန်တော်ငြင်းခဲ့တာချည်းပဲ။ စိတ်ထဲမှာတော့ ‘သူ့ကို ငါ့ဖုန်းနံပါတ်ပေးလိုက်ရင် ဘာတွေများဖြစ်လာမလဲ’ ဆိုတဲ့ အတွေးတွေ ဝင်လာတယ်။ တချို့ကောင်မလေးတွေဆိုရင် တော်တော်လေးချောကြတော့ ‘ငါပေးလိုက်ရင် ကောင်းသား’ လို့ အတွေးဝင်မိနိုင်တယ်။”—ကားလို့စ်၊ * ၁၆ နှစ်။

သင်လည်း ကားလို့စ်လိုပဲ သွေးဆောင်မှုတွေကို တွန်းလှန်နေရပါသလား။ အဲဒီလိုဆိုရင် ဒီတိုက်ပွဲကို သင် အောင်မြင်နိုင်ပါတယ်။

သိသင့်သိထိုက်ရာ

သွေးဆောင်မှုတွေကို အလျှော့ပေးလိုက်မယ်ဆိုရင် ကိုယ်ပဲ ထိခိုက်နစ်နာမှာဖြစ်

လူကြီးတွေရော လူငယ်တွေပါ သွေးဆောင်မှုခံရနိုင်တယ်။ သွေးဆောင်မှုတွေက ပုံစံအမျိုးမျိုးနဲ့ လာနိုင်တယ်။ “ငါသည် . . . ဘုရားသခင်၏ပညတ်တရားကို အမှန်ပင် နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသော တရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏” ဆိုတဲ့စကားတွေကို ရေးခဲ့တဲ့အချိန်မှာ တမန်တော်ပေါလုက လူကြီးတစ်ယောက်ဖြစ်နေပါပြီ။ (ရောမ ၇:၂၂၊ ၂၃) သွေးဆောင်ခံရပေမဲ့ ပေါလုဟာ လက်မလျှော့ဘဲ တွန်းလှန်နိုင်ခဲ့သလို သင်လည်း ထပ်တူ လုပ်ဆောင်နိုင်ပါတယ်။ စိတ်အလိုဆန္ဒကိုပဲ ရှေးတန်းတင်လို့ မဖြစ်ဘူး။ (၁ ကောရိန္သု ၉:၂၇) လူငယ်ဘဝမှာ သွေးဆောင်မှုတွေကိုတွန်းလှန်ဖို့ သင်ယူမယ်ဆိုရင် အခုအချိန်မှာ စိုးရိမ်ပူပန်မှုတွေ ကင်းဝေးရုံသာမက အရွယ်ရောက်လာတဲ့အခါမှာလည်း သွေးဆောင်မှုကိုတွန်းလှန်နိုင်တဲ့ အရည်အသွေး ရှိနေမှာဖြစ်တယ်။

မီဒီယာတွေက သွေးဆောင်မှုနောက်လိုက်ဖို့ ဖိအားပေးနေတယ်။ “လူငယ်များတွင် ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများ” အကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ (၂ တိမောသေ ၂:၂၂) ရုပ်ရှင်တွေ၊ တီဗွီအစီအစဉ်တွေ၊ သီချင်းတွေနဲ့ စာအုပ်တွေက သွေးဆောင်ခံရတဲ့အခါ လက်လျှော့လိုက်တာကို လက်ခံနိုင်စရာဖြစ်အောင် တင်ဆက်နေခြင်းအားဖြင့် လူငယ်တွေရဲ့အလိုဆန္ဒတွေကို ပြင်းပြအောင် အားပေးနေကြတယ်။ ဥပမာ၊ ရုပ်ရှင်ကားတွေထဲမှာ မင်းသားနဲ့ မင်းသမီးတို့ “ချစ်ကြိုက်သွားကြ” တယ်။ ပြီးတော့ ရုပ်ရှင်ပြကွက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုခုမှာ သူတို့တွေ လိင်ဆက်ဆံတာကို တင်ဆက်ကြတယ်။ ဒါပေမဲ့ တကယ်ယောက်ျားပီသတဲ့၊ မိန်းမပီသတဲ့ သူတွေကတော့ “သွေးသားဆန္ဒများကို ကြဉ်ရှောင်” နိုင်စွမ်းရှိကြတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၁ ပေတရု ၂:၁၁) ဆိုလိုတာကတော့ သင်လည်း သွေးဆောင်မှုကိုတွန်းလှန်ဖို့ ရွေးချယ်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ရဲ့အားနည်းချက်တွေကို သိထားပါ။ သံကြိုးတစ်ချောင်းမှာ ကွင်းဆက်တွေက အားနည်းချက် ဖြစ်တယ်။ အလားတူပါပဲ မှန်ရာကိုပဲလုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ဟာ ကိုယ်ရဲ့ အားနည်းချက်ရှိတဲ့အပိုင်းတွေကြောင့် ယိမ်းယိုင်သွားနိုင်ပါတယ်။ ဘယ်နေရာမှာ ကိုယ်အားနည်းနေသလဲ။—ကျမ်းစာအကြံပြုချက်– ယာကုပ် ၁:၁၄

သွေးဆောင်မှုကို ကြိုတင်တွက်ဆထားပါ။ သွေးဆောင်မှုကြုံရနိုင်တဲ့ အခြေအနေတွေကို စဉ်းစားထားပါ။ သွေးဆောင်မှုတွေ ကြုံလာရင် ဘယ်လိုတွန်းလှန်မလဲဆိုတာကို စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၂၂:၃

ကိုယ်ရဲ့ခံယူချက်ကို ခိုင်ခံ့အောင်လုပ်ပါ။ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ ယောသပ်ဆိုတဲ့ လူတစ်ယောက် ပြောခဲ့တာကို ကျမ်းစာမှာ အခုလို ပြောထားတယ်– “အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း။” (ကမ္ဘာဦး ၃၉:၉) ‘ကျွန်တော် အဘယ်သို့ ပြစ်မှားနိုင်သနည်း’ ဆိုတဲ့စကားက ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ယောသပ်မှာ ခိုင်မာတဲ့ခံယူချက်ရှိကြောင်း ပြသနေပါတယ်။ သင်ကော။

လက်တွဲခေါ်နိုင်မယ့် သူငယ်ချင်းမျိုးကိုရှာပါ။ ကိုယ်နဲ့ စာရိတ္တစံနှုန်းတူတဲ့သူတွေနဲ့ ရွေးချယ်ပေါင်းသင်းတာက ဘဝမှာကြုံရတတ်တဲ့ သွေးဆောင်မှုအများစုကို ဖယ်ရှားပစ်နိုင်ပါတယ်။ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏” လို့ ကျမ်းစာမှာဆိုထားတယ်။—သုတ္တံ ၁၃:၂၀

သွေးဆောင်မှုကို လိုက်လျောချင်စိတ်ပြင်းပြစေတဲ့ အခြေအနေမျိုးကို ရှောင်ပါ။ ဥပမာ–

  • ဆန့်ကျင်ဘက်လိင်ရှင်တစ်ယောက်နဲ့ နှစ်ယောက်တည်းအတူရှိနေတာကို ရှောင်ပါ။

  • ညစ်ညမ်းရုပ်ပုံစာပေတွေကို ပိုကြည့်ချင်လာအောင် သွေးဆောင်ခံရနိုင်တဲ့ အချိန်နဲ့ နေရာမျိုးမှာ အင်တာနက် မသုံးပါနဲ့။

  • အမှားလုပ်တာကို နှစ်သက်စရာဖြစ်အောင် ပြုမူပြောဆိုတဲ့ လူစားမျိုးတွေနဲ့ ဝေးဝေးနေပါ။

သွေးဆောင်မှုကို တွန်းလှန်နိုင်အောင် သင့်ကို ကူညီပေးမယ့် ဘယ်လမ်းညွှန်ချက်တွေကို ချမှတ်နိုင်မလဲ။—ကျမ်းစာအကြံပြုချက်– ၂ တိမောသေ ၂:၂၂

အကူအညီရဖို့ ဆုတောင်းပါ။ “သွေးဆောင်ခြင်းမခံရရန် စောင့်နေ၍ မပြတ်ဆုတောင်းလျက်နေကြလော့” လို့ ယေရှုက တပည့်တွေကို ပြောခဲ့ပါတယ်။ (မဿဲ ၂၆:၄၁) ယေဟောဝါဘုရားက သင့်ကို သွေးဆောင်မှုတွေကို တွန်းလှန်စေချင်တယ်၊ အဲဒီလိုလုပ်ဖို့ ကိုယ်တော် ကူညီပေးနိုင်တယ်ဆိုတာ သိရတယ်။ ကျမ်းစာမှာ ဒီလို ပြောထားပါတယ်– “သွေးဆောင်ခြင်းကို သင်တို့ခံနိုင်သည်ထက် ပို၍ခံစေတော်မူမည်မဟုတ်။ သွေးဆောင်ခြင်းကို ကြုံရသည့်အခါ သင်တို့ခံရပ်နိုင်မည်အကြောင်း လွတ်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူမည်။” —၁ ကောရိန္သု ၁၀:၁၃

^ အပိုဒ်၊ 4 နာမည် ပြောင်းထားပါတယ်။