မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်

ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်

“ငွေရှိရင် ဘာမဆိုဖြစ်တယ်” ဆိုပြီး ပြောတတ်ကြတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ငွေနဲ့ အစားအစာ၊ အဝတ်အစား ဝယ်နိုင်တယ်၊ အိမ်ငှားနိုင်၊ အိမ်ဝယ်နိုင်တယ်။ ဘဏ္ဍာရေးအယ်ဒီတာတစ်ယောက်က “လူမှုအသိုင်းအဝိုင်းမှာ ငွေက တကယ့်ကို အရေးပါတယ်။ ငွေကိုသာ မသုံးတော့ဘူးဆိုရင် တစ်လအတွင်းမှာ အစီအစဉ်မကျ၊ ဖရိုဖရဲဖြစ်ပြီး စစ်ဖြစ်နိုင်တယ်” လို့ရေးခဲ့တယ်။

ဒါပေမဲ့ ငွေရှိရင် ဘာမဆိုဖြစ်တာတော့ မဟုတ်ဘူး။ နော်ဝေးကဗျာဆရာ အားနီ ဂါဘော့ဂျ် ဒီလိုပြောခဲ့တယ်– ငွေနဲ့ “အစားအစာ ဝယ်နိုင်ပေမဲ့ စားချင်တဲ့ဆန္ဒကို မဝယ်နိုင်ဘူး၊ ဆေးဝါး ဝယ်နိုင်ပေမဲ့ ကောင်းတဲ့ကျန်းမာရေးကို မဝယ်နိုင်ဘူး၊ အိပ်ရာကောင်းကောင်း ဝယ်နိုင်ပေမဲ့ အိပ်ပျော်ခြင်းကို မဝယ်နိုင်ဘူး၊ ငွေရှိလို့ ပညာသင်နိုင်ပေမဲ့ ဉာဏ်ပညာကို မဝယ်နိုင်ဘူး၊ အလှပြင်ပစ္စည်းတွေ ဝယ်နိုင်ပေမဲ့ လှပမှုကို မဝယ်နိုင်ဘူး၊ ခန့်ညားထည်ဝါအောင် လုပ်နိုင်ပေမဲ့ နွေးထွေးတဲ့ခံစားချက်ကို မဝယ်နိုင်ဘူး၊ အပျော်ရှာနိုင်ပေမဲ့ ရွှင်လန်းမှုကို မဝယ်နိုင်ဘူး၊ ငွေကြောင့် အသိအကျွမ်းတွေ များနိုင်ပေမဲ့ အားလုံးမိတ်ဆွေစစ် မဖြစ်နိုင်ဘူး၊ ကျွန်တွေ များနိုင်ပေမဲ့ အားလုံးသစ္စာမရှိနိုင်ဘူး။”

ငွေအပေါ် မျှတတဲ့အမြင်ရှိသူဟာ ငွေရဖို့ အသက်ရှင်တာမဟုတ်ဘဲ ငွေကို အသုံးပြုပြီး ပန်းတိုင်ရောက်ဖို့ ကြိုးစားသူဖြစ်တဲ့အတွက် ကျေနပ်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရတယ်။ “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် . . . ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ” လို့ သမ္မာကျမ်းစာက ဆိုတယ်။—၁ တိမောသေ ၆:၁၀

အကျိုးပျက်စေတဲ့အရာက “ငွေ” လို့မပြောဘဲ “ငွေကိုတပ်မက်ခြင်း” လို့ ပြောထားတာကို သတိပြုပါ။ ငွေကိုပဲ အဓိကထားတဲ့အခါ မိတ်ဆွေ၊ မိသားစုဝင် အချင်းချင်းကြားမှာ ပြဿနာတက်နိုင်တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ကိုမောင်နီ– * “ကျွန်တော့်သူငယ်ချင်း အောင်မင်းကို လူရိုးလူဖြောင့်လို့ သတ်မှတ်ထားတာ။ သူနဲ့ တစ်ခါမှ ပြဿနာမဖြစ်ဖူးဘူး။ ကျွန်တော့်ကားကို သူဝယ်သွားပြီးနောက်မှာတော့ ပြဿနာတက်တော့တယ်။ ကျွန်တော့်ကားမှာ အပြစ်အနာအဆာ ဘာမှ မရှိဘူး။ ၀ယ်တဲ့အချိန်တုန်းက အရှိအတိုင်း ၀ယ်တယ်လို့ သူလည်း သဘောတူခဲ့တာပဲ။ သုံးလကြာတော့ ကားပျက်သွားတယ်။ အောင်မင်းက ကျွန်တော် သူ့ကို တစ်ပတ်ရိုက်ရောင်းတယ်လို့ထင်ပြီး ဒေါသတကြီးနဲ့ ငွေပြန်တောင်းတယ်ဗျာ။ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ကျွန်တော် အကျိုးအကြောင်းပြောပြတာလဲ မရဘူး၊ ပိုတောင်ဆိုးလာတယ်။ ငွေကိစ္စဖြစ်လာတဲ့အခါ အောင်မင်းဟာ အရင် ကျွန်တော်သိထားတဲ့ အောင်မင်း မဟုတ်တော့ဘူး။”

မခင်မေ– “စန်းမေက ကျွန်မရဲ့ တစ်ဦးတည်းသောညီမပါ။ ကျွန်မတို့နှစ်ယောက် အမြဲတည့်တယ်၊ ငွေကြောင့် ပြဿနာတက်မယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမဲ့ ငွေကြောင့် ညီအစ်မနှစ်ယောက် ပြဿနာတက်ခဲ့တယ်။ မိဘတွေ ဆုံးပါးသွားတဲ့အခါ အမွေနည်းနည်းထားပေးခဲ့ပြီး ကျွန်မတို့နှစ်ယောက် အညီအမျှခွဲဝေဖို့ မှာခဲ့တယ်။ စန်းမေက မိဘတွေရဲ့ဆန္ဒအတိုင်းမဟုတ်ဘဲ ပိုလိုချင်နေတယ်။ ကျွန်မက မိဘတွေရဲ့ဆန္ဒအတိုင်း လုပ်ဖို့ ရွေးချယ်တော့ သူ ဒေါသပေါက်ကွဲပြီး သောင်းကျန်းတော့တာပဲ။ ဒီနေ့အချိန်အထိ ကျွန်မကို ပြစ်ပြစ်ခါခါ ဆက်ဆံနေတုန်းပဲ။”

ငွေနဲ့ တစ်ဖက်သတ်အစွဲ

ငွေအပေါ် မျှတတဲ့အမြင် မရှိသူတွေဟာ တခြားသူတွေကို အမြင်စောင်းနိုင်တယ်။ ဥပမာ၊ ချမ်းသာတဲ့သူဟာ ဆင်းရဲတဲ့သူကို ကိုယ့်ဘဝတိုးတက်အောင် မလုပ်ချင်တဲ့ ငပျင်း တွေလို့ ရှုမြင်နိုင်တယ်။ ဝင်ငွေနည်းသူကျပြန်တော့လည်း ဝင်ငွေဖြောင့်နေတဲ့သူတွေကို ရုပ်ဝါဒဆန်တဲ့သူ၊ လောဘကြီးသူလို့ သတ်မှတ်နိုင်တယ်။ အတော်လေးချမ်းသာတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် လီယန်ဟာ အဲဒီလို တစ်ဖတ်သတ်အစွဲနဲ့ ဆက်ဆံခံခဲ့ရတယ်။ သူဒီလိုပြောပြတယ်–

ငွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အကြံပြုချက်တွေဟာ မျှတမှုရှိတယ်၊ ကျမ်းစာရေးတဲ့အချိန်တုန်းကလိုပဲ ဒီနေ့အချိန်မှာလည်း လက်တွေ့ကျ

“ကျွန်မကို လူတွေက သူဌေးသမီးလို့ပဲ မြင်ကြတယ်။ ‘နင်က ဘာပဲလိုချင်လိုချင် နင့်အဖေဆီ တောင်းလိုက်ရုံပဲ၊’ ‘ဆောရီးပဲ၊ ငါတို့က နင့်လို မချမ်းသာဘူး၊ နင်တို့မိသားစု မှာရှိတဲ့ကားမျိုး ငါတို့မဝယ်နိုင်ဘူး’ လို့ ကျွန်မကို ခဏခဏ ပြောကြတယ်။ မခံနိုင်တော့တဲ့အဆုံး ကျွန်မကို အဲဒီလိုမပြောဖို့၊ သူတို့ အဲဒီလိုပြောတာကို ကျွန်မ စိတ်ထိခိုက်တဲ့အကြောင်း သူငယ်ချင်းတွေကို ရှင်းပြရတယ်။ ကျွန်မကို သူဌေးသမီးလို့ မြင်တာထက် တခြားသူတွေအပေါ် ကြင်နာတတ်တဲ့သူလို့ မြင်တာကို ပိုသဘောကျတယ်။”

သမ္မာကျမ်းစာပြောဆိုရာ

သမ္မာကျမ်းစာက ငွေကိုရော၊ ငွေကြေးချမ်းသာသူ၊ ကျိကျိတက်ချမ်းသာသူတွေကိုရော ပြစ်တင်ရှုတ်ချထားတာ မရှိပါဘူး။ ပြဿနာက လူတစ်ယောက်မှာရှိတဲ့ ပစ္စည်းဥစ္စာမဟုတ်ဘဲ အဲဒီဥစ္စာပစ္စည်းအပေါ် ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာအပေါ်ထားတဲ့ လူတစ်ယောက်ရဲ့သဘောထား ဖြစ်တယ်။ ငွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အကြံပြုချက်တွေဟာ မျှတမှုရှိတယ်၊ ကျမ်းစာရေးတဲ့အချိန်တုန်းကလိုပဲ ဒီနေ့အချိန်မှာလည်း လက်တွေ့ကျတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ကျမ်းစာအဆို– ‘စည်းစိမ်ဥစ္စာရဖို့ ရေကုန်ရေခန်း မကြိုးစားနဲ့။’—သုတ္တံ ၂၃:၄ကဘ။

ချမ်းသာဖို့ ကြိုးစားတဲ့သူတွေဟာ “စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပြဿနာတွေအပြင် လည်ချောင်းနာတာ၊ ကျောအောင့်၊ ခါးနာတာ၊ ခေါင်းကိုက်တာလိုမျိုး ကာယပိုင်းကျန်းမာရေးလည်း ထိခိုက်ပြီး အရက်သောက်ကြူး၊ မူးယစ်ဆေးစွဲတာ ဖြစ်ဖို့များတယ်။ ငွေကြေးချမ်းသာဖို့ ကြိုးစားနေသူတွေမှာ စိတ်သောကတွေများနိုင်တယ်” ဆိုပြီး စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ —The Narcissism Epidemic

ကျမ်းစာအဆို– “သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။”—ဟေဗြဲ ၁၃:၅

ရောင့်ရဲတတ်သူတစ်ဦးမှာ ငွေကြေးနဲ့ပတ်သက်ပြီး ပူပန်စရာတွေ ပေါ်လာတတ်ပေမဲ့ အဲဒါထက် အရေးကြီးတာတွေကို သိထားတဲ့အတွက် အလွန်အမင်း စိုးရိမ်ပူပန်တာမျိုး မရှိဘူး။ ဥပမာ၊ ငွေကြေးဆုံးရှုံးသွားတဲ့အခါ ရောင့်ရဲတတ်သူဟာ လွန်လွန်ကဲကဲ တုံ့ပြန်မှာမဟုတ်ဘူး။ ဒီလိုရေးသားခဲ့တဲ့ တမန်တော်ပေါလုရဲ့ သဘောထားကို သူကြိုးစားတင်ပြပါလိမ့်မယ်– “ငါသည် နည်းပါးခြင်းနှင့်လည်းကောင်း၊ ပိုလျှံခြင်းနှင့်လည်းကောင်း နေတတ်၏။ ဝပြောခြင်းနှင့် မွတ်သိပ်ခြင်း၊ ကြွယ်ဝခြင်းနှင့် ချို့တဲ့ခြင်းတို့ကို အရာရာတိုင်းနှင့် အခြေအနေတိုင်းတွင် မည်သို့ကိုင်တွယ်ရမည်ကို ငါသင်ယူခဲ့ပြီ။”—ဖိလိပ္ပိ ၄:၁၂

ကျမ်းစာအဆို– “မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့်မည်။”—သုတ္တံ ၁၁:၂၈

အိမ်ထောင်သည် အတော်များများ အိမ်ထောင်ပြိုကွဲတာက ငွေကြေးပြဿနာကြောင့်လို့ သုတေသီတွေ ပြောကြတယ်။ ငွေကြေးပြဿနာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေလည်း ရှိတယ်။ တချို့သူတွေအတွက် ငွေက ကိုယ့်ရဲ့အိမ်ထောင်ရေးကတိသစ္စာ၊ ကိုယ့်ရဲ့အသက်ထက် ပိုအရေးကြီးသလို ဖြစ်နေတယ်။ ဒါပေမဲ့ ငွေအပေါ် မျှတတဲ့အမြင်ရှိသူတွေဟာ ငွေကို မကိုးစားကြဘူး။ အဲဒီအစား ယေရှုခရစ်ရဲ့ ပညာရှိဒီအကြံပေးချက်ကို အသိအမှတ်ပြုကြတယ်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—လုကာ ၁၂:၁၅

ငွေကို ဘယ်လိုရှုမြင်ပါသလဲ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တာက ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိစေဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

  • အလျင်အမြန်ချမ်းသာနည်းတွေကို စိတ်ဝင်စားသလား။

  • ကိုယ့်ရဲ့ငွေနဲ့ တခြားသူတွေကို ကူညီပေးဖို့ တွန့်တိုသလား။

  • ငွေအကြောင်း၊ ကိုယ့်ရဲ့ရုပ်ပစ္စည်းတွေအကြောင်း တစ်ချိန်လုံးပြောတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ချင်သလား။

  • ငွေရဖို့ဆိုရင် လိမ်ညာတဲ့စကား ဒါမှမဟုတ် တခြားမရိုးသားတဲ့နည်းတွေကို သုံးသလား။

  • ငွေက အရေးပါတဲ့သူဖြစ်စေတယ်လို့ ခံစားရသလား။

  • တစ်ချိန်လုံး ငွေအကြောင်းပဲ တွေးနေသလား။

  • ကိုယ့်ကျန်းမာရေး၊ ကိုယ့်ရဲ့မိသားစုအတွက် အချိန်မကျန်တော့တဲ့အထိ ငွေရဖို့ပဲ လုံးပန်းနေသလား။

    တခြားသူတွေကို ပေးကမ်းခြင်းအားဖြင့် ရက်ရောတဲ့စိတ်ကို မွေးမြူပါ

မေးခွန်းတစ်ခုခုကို ဟုတ်တယ်လို့ ဖြေတယ်ဆိုရင် ရုပ်ဝါဒဆန်တဲ့ အတွေးတွေ၊ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ကြိုးစားပါ။ ငွေနဲ့ ပစ္စည်းဥစ္စာတွေကို အရမ်းအလေးထားတဲ့သူတွေနဲ့ ပေါင်းသင်းတာကို ရှောင်ပါ။ ပစ္စည်းဥစ္စာတွေထက် ကိုယ်ကျင့်တရားကောင်းဖို့ ပိုအလေးထားတဲ့သူတွေနဲ့ ပေါင်းသင်းဖို့ ကြိုးစားပါ။

ကိုယ့်ရဲ့စိတ်နှလုံးထဲမှာ ငွေကိုတပ်မက်တဲ့စိတ် လုံး၀အ၀င်မခံပါနဲ့။ ငွေကို သူ့နေရာနဲ့သူထားပါ၊ မိတ်ဆွေ၊ မိသားစု၊ ကိုယ့်ရဲ့စိတ်ပိုင်း၊ ကာယပိုင်းကျန်းမာရေးကို အဓိကထားပြီး ငွေကို အဲဒါတွေရဲ့နောက်မှာ ထားပါ။ အဲဒီလိုလုပ်တယ်ဆိုရင် ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိသူ ဖြစ်ပါလိမ့်မယ်။

^ စာပိုဒ်၊ 7 ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။