မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’

‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’

‘ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာဟောပြောကြ’

‘ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏စကားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။’—တ. ၄:၃၁

၁၊ ၂။ ခရစ်ယာန်ဓမ္မအမှုမှာ ထိရောက်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် ကြိုးစားသင့်သလဲ။

ယေရှုမသေဆုံးမီ သုံးရက်အလိုတွင် မိမိ၏တပည့်များအား ဤသို့ပြောခဲ့သည်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။” ထမြောက်ပြီးသောယေရှုသည် ကောင်းကင်သို့မတက်ကြွမီ နောက်လိုက်များအား ‘လူမျိုးတကာမှလူတို့ကို ကိုယ်တော့်တပည့်ဖြစ်စေလျက် ကိုယ်တော်မိန့်မှာသမျှကို စောင့်ရှောက်ရန် သွန်သင်ပေး’ ဖို့ တာဝန်ပေးခဲ့သည်။ “ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟု သူတို့ကို ကိုယ်တော်ကတိပေးခဲ့သည်။—မ. ၂၄:၁၄; ၂၆:၁၊ ၂; ၂၈:၁၉၊ ၂၀

ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ပထမရာစုကတည်းက စတင်ခဲ့သည့်လုပ်ငန်းတွင် တက်တက်ကြွကြွ ပါဝင်ကြသည်။ မည်သည့်အလုပ်ကမျှ အသက်ကယ်လုပ်ငန်းဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းလောက် အရေးမကြီးပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ထိရောက်မှုရှိရန် အရေးကြီးလှပေသည်။ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်စဉ် သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုကို ခံယူခြင်းက ရဲရင့်စွာဟောပြောရန် ကျွန်ုပ်တို့အား မည်သို့ကူညီပေးနိုင်ပုံကို ဤဆောင်းပါးတွင် တွေ့ရပါလိမ့်မည်။ နောက်ဆောင်းပါးနှစ်ခုက ကျွမ်းကျင်စွာသွန်သင်ပေးနိုင်ရန်နှင့် မပြတ်ဟောပြောရန် ယေဟောဝါ၏စွမ်းအားတော်က ကျွန်ုပ်တို့အား မည်သို့လမ်းညွှန်ပေးနိုင်ပုံကို ဖော်ပြပါမည်။

ကျွန်ုပ်တို့ရဲစွမ်းသတ္တိရှိဖို့လို

၃။ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘာကြောင့် ရဲစွမ်းသတ္တိရှိဖို့လိုသလဲ။

ဘုရားသခင်ပေးအပ်ထားသော ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းသည် အဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍မရသည့် အခွင့်ထူးဖြစ်သည်။ သို့သော် ယင်းလုပ်ငန်းသည် တစ်ခါတစ်ရံ ခက်ခဲသည်။ တချို့က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အလွယ်တကူလက်ခံကြသော်လည်း အများစုမှာ နောဧခေတ်မှလူများနှင့်တူကြသည်။ သူတို့သည် “ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်။” (မ. ၂၄:၃၈၊ ၃၉) ထို့ပြင် ကျွန်ုပ်တို့ကို ကဲ့ရဲ့လှောင်ပြောင်သူများနှင့် ဆန့်ကျင်သူများလည်းရှိသည်။ (၂ ပေ. ၃:၃) ဆန့်ကျင်မှုသည် အာဏာပိုင်များ၊ ကျောင်းနေဖက်များ၊ အလုပ်ဖော်များ သို့မဟုတ် မိသားစုဝင်များထံမှပင် လာနိုင်သည်။ ထို့ပြင် အရှက်အကြောက်ကြီးခြင်း၊ ငြင်းပယ်ခံရမည်ကိုစိုးရိမ်ခြင်း စသော ကျွန်ုပ်တို့ကိုယ်တိုင်၏ အားနည်းချက်များကို တိုက်လှန်နေရသည်။ “လွတ်လပ်စွာ ဟောပြော” ရာတွင်နှင့် ဘုရားသခင်၏တရားစကားတော်ကို “ရဲရင့်စွာ” ဟောပြောရာတွင် ကျွန်ုပ်တို့အား အခက်တွေ့စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်။ (ဧ. ၆:၁၉၊ ၂၀) ဘုရားသခင်၏စကားတော်ကို စွဲစွဲမြဲမြဲဟောပြောရန်မှာ ရဲစွမ်းသတ္တိရှိဖို့လိုသည်။ ရဲစွမ်းသတ္တိရှိရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။

၄။ (က) ရဲစွမ်းသတ္တိရှိခြင်းဆိုတာ ဘာလဲ။ (ခ) သက်သာလောနိတ်မြို့သားတွေကိုဟောပြောဖို့ တမန်တော်ပေါလု ဘယ်လို သတ္တိမွေးခဲ့သလဲ။

“ရဲရင့်” ဟုပြန်ဆိုသော ဂရိစကားလုံးသည် “အတည့်အလင်းပြောခြင်း၊ ပွင့်ပွင့်လင်းလင်းပြောခြင်း၊ ရှင်းရှင်းလင်းလင်းပြောခြင်း” ဟူသော အဓိပ္ပာယ်ရှိသည်။ ယင်းစကားလုံးသည် “ရဲရင့်ခြင်း၊ ယုံကြည်စိတ်ချခြင်း၊ . . . ကြောက်ရွံ့မှုမရှိခြင်း” ဟူသော အဓိပ္ပာယ်သက်ရောက်သည်။ ရဲစွမ်းသတ္တိရှိခြင်းဟူသည် တဲ့တိုးပြောခြင်း သို့မဟုတ် ရိုင်းပျခြင်းကို မဆိုလိုပါ။ (ကော. ၄:၆) ရဲစွမ်းသတ္တိရှိသော်လည်း ကျွန်ုပ်တို့သည် လူအားလုံးနှင့် အသင့်အတင့်ရှိလိုကြသည်။ (ရော. ၁၂:၁၈) ထို့ပြင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောသောအခါ မရည်ရွယ်ဘဲ အခြားသူများအား မထိခိုက်စေရန် ရဲစွမ်းသတ္တိနှင့် လိမ္မာပါးနပ်မှုကို ဟန်ချက်ညီညီ တင်ပြရန်လိုသည်။ အမှန်မှာ တော်မှန်သောရဲစွမ်းသတ္တိရှိရန် အခြားအရည်အသွေးများကိုလည်း ကြိုးစားမွေးမြူဖို့လိုသည်။ သို့သော် ဤသို့သောရဲစွမ်းသတ္တိကို ကိုယ်ပိုင်အစွမ်းဖြင့် သို့မဟုတ် မိမိကိုယ်ကိုအားကိုးခြင်းဖြင့် မရနိုင်ပါ။ တမန်တော်ပေါလုနှင့် သူ၏အဖော်တို့သည် ‘ဖိလိပ္ပိမြို့တွင် စော်ကားပြောဆိုခံရ’ ပြီးနောက် သက်သာလောနိတ်မြို့တွင် ဟောပြောရန် မည်သို့ ‘သတ္တိမွေး’ ခဲ့ကြသနည်း။ ပေါလုက “ငါတို့၏ဘုရားသခင်အားဖြင့်” ဟုပြောခဲ့သည်။ (၁ သက်သာလောနိတ် ၂:၂ ကိုဖတ်ပါ။) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ကြောက်ရွံ့မှုကို ဖယ်ရှားပေးနိုင်ပြီး ထိုသို့ပင် ရဲစွမ်းသတ္တိရှိစေနိုင်သည်။

၅။ ပေတရု၊ ယောဟန်နဲ့ အခြားတပည့်တွေကို ယေဟောဝါ ဘယ်လိုရဲစွမ်းသတ္တိပေးခဲ့သလဲ။

“မင်းအရာရှိကြီးများ၊ လူကြီးများ၊ ကျမ်းတတ်များ” ၏တားမြစ်ခြင်းကို ခံရသောအခါ တမန်တော်ပေတရုနှင့် ယောဟန်က ဤသို့ပြောခဲ့သည်– “ဘုရားသခင်၏စကားထက် သင်တို့၏စကားကို နားထောင်သော် ဘုရားသခင်ရှေ့မှာ ကောင်းမည်၊ မကောင်းမည်ကို စီရင်ကြလော့။ ငါတို့မူကား ကြားခဲ့မြင်ခဲ့ရာများကို မဟောပြောဘဲ မနေနိုင်။” ညှဉ်းပန်းနှိပ်စက်မှုများကို ရပ်တန့်ပေးပါဟု ဆုတောင်းမည့်အစား သူတို့နှင့် သူတို့၏ယုံကြည်သူချင်းတို့က ‘ယေဟောဝါ၊ သူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏ကျွန်တို့အား တရားစကားတော်ကို အလွန်ရဲရင့်စွာဟောပြောနိုင်ခွင့် ပေးသနားတော်မူပါ’ ဟုတိုးလျှိုးအသနားခံကြ၏။ (တ. ၄:၅၊ ၁၉၊ ၂၀၊ ၂၉) သူတို့၏တောင်းဆိုမှုကို ယေဟောဝါ မည်သို့ဖြေကြားခဲ့သနည်း။ (တမန်တော် ၄:၃၁ ကိုဖတ်ပါ။) ယေဟောဝါသည် ကိုယ်တော်၏စွမ်းအားတော်ဖြင့် သူတို့ကို ရဲစွမ်းသတ္တိပေးခဲ့သည်။ ဘုရားသခင့်စွမ်းအားတော်သည် ကျွန်ုပ်တို့ကိုလည်း ထိုသို့ ပြုလုပ်ပေးနိုင်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင့်စွမ်းအားတော်ကို မည်သို့ရရှိနိုင်ပြီး ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ယင်း၏လမ်းညွှန်မှုကို မည်သို့ခံယူနိုင်သနည်း။

ရဲစွမ်းသတ္တိရှိနိုင်ပုံ

၆၊ ၇။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကို ဘယ်လိုနည်းနဲ့ တိုက်ရိုက်ရနိုင်သလဲ။ ဥပမာပေးပါ။

ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကို တိုက်ရိုက်ရနိုင်သည့်နည်းမှာ ယင်းကို တောင်းခံခြင်းဖြစ်သည်။ ယေရှုက နားထောင်နေသူများအား “သင်တို့သည် လူဆိုးဖြစ်လျက်ပင် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်ကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” ဟုမိန့်တော်မူခဲ့သည်။ (လု. ၁၁:၁၃) ကျွန်ုပ်တို့သည် သန့်ရှင်းသောစွမ်းအားတော်ရရန် အမှန်ပင် မခြားမလပ် ဆုတောင်းသင့်သည်။ လမ်းပေါ်သက်သေခံခြင်း၊ အလွတ်သဘောသက်သေခံခြင်း သို့မဟုတ် စီးပွားရေးရပ်ကွက်တွင် သက်သေခံခြင်းစသော ခရစ်ယာန်ဓမ္မအမှု၏ အသွင်တစ်မျိုးမျိုးတွင် ပါဝင်ရန် ကျွန်ုပ်တို့ စိုးရွံ့နေသည်ဆိုလျှင် ကိုယ်တော်၏စွမ်းအားတော်ရရန်နှင့် လိုအပ်သောရဲစွမ်းသတ္တိရှိဖို့ ကျွန်ုပ်တို့အား ကူညီပေးပါဟု ယေဟောဝါထံ တောင်းလျှောက်နိုင်သည်။—၁ သက်. ၅:၁၇

ရိုစာအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦး ထိုအတိုင်းပြုလုပ်ခဲ့သည်။ * တစ်နေ့တွင် ရိုစာသည် အလုပ်ခွင်တွင်ရှိနေစဉ် သူနှင့်အတူအလုပ်လုပ်သော ကျောင်းဆရာမတစ်ဦးက အခြားကျောင်းတစ်ကျောင်းတွင် ကလေးများအား မတရားနှိပ်စက်သည့်သတင်းကို ဖတ်နေသည်။ ထိုဆရာမသည် သူဖတ်နေသည့်အကြောင်းအရာကြောင့် အလွန်စိတ်ဆိုးကာ “ဒီလောကကြီး ဘယ်လိုဖြစ်နေပြီလဲ” ဟုအော်ပြောလိုက်သည်။ သက်သေခံနိုင်သည့် ဤအခွင့်အရေးကို ရိုစာလက်လွတ်မခံနိုင်ချေ။ စကားစမြည်စပြောနိုင်ရန် သူဘာပြုလုပ်ခဲ့သနည်း။ “စွမ်းအားတော်အကူအညီပေးဖို့ ယေဟောဝါထံ ကျွန်မ ဆုတောင်းလိုက်တယ်” ဟုရိုစာပြောပြခဲ့သည်။ သူသည် ကောင်းမွန်စွာသက်သေခံနိုင်ခဲ့ပြီး နောက်ထပ်အကြောင်းအရာများကို ဆွေးနွေးရန် စီစဉ်နိုင်ခဲ့သည်။ နယူယောက်စီးတီးတွင်နေထိုင်သည့် အသက်ငါးနှစ်အရွယ်မိန်းကလေး မီလာနီအကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ မီလာနီက “ကျွန်မကျောင်းမသွားခင် ကျွန်မနဲ့အမေ အမြဲ ယေဟောဝါထံဆုတောင်းတယ်” ဟုပြောပြသည်။ သူတို့အဘယ်အရာအတွက် တောင်းကြသနည်း။ အခိုင်အမာရပ်တည်ရန်နှင့် ဘုရားသခင်အကြောင်းပြောဖို့ ရဲစွမ်းသတ္တိရှိရန်ဖြစ်သည်။ “အဲဒါက ကျောင်းမှာကျင်းပတဲ့ မွေးနေ့ပွဲ၊ အခါကြီးရက်ကြီးတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ရပ်တည်ချက်နဲ့ အဲဒီပွဲတွေမှာ မပါဝင်တဲ့အကြောင်းတွေကို ရှင်းပြရာမှာ မီလာနီအတွက် အထောက်အကူဖြစ်ခဲ့တယ်” ဟုမိခင်ဖြစ်သူက ပြောပြသည်။ ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေကြောင်း ဤဥပမာများက ဖော်ပြသည်မဟုတ်လော။

၈။ ရဲစွမ်းသတ္တိရှိနိုင်ပုံနဲ့ပတ်သက်ပြီး ပရောဖက်ယေရမိထံကနေ ကျွန်ုပ်တို့ဘာသင်ယူနိုင်သလဲ။

ရဲစွမ်းသတ္တိရှိလာရန် ယေရမိအား ကူညီပေးခဲ့သည့်အရာကိုလည်း သုံးသပ်ကြည့်ပါ။ ယေဟောဝါသည် ယေရမိအား အစ္စရေးလူမျိုး၏ပရောဖက်အဖြစ် ခန့်အပ်သောအခါ သူက “အကျွန်ုပ်သည် မဟောမပြောတတ်ပါ။ သူငယ်ဖြစ်ပါ၏” ဟုပြန်လျှောက်ခဲ့သည်။ (ယေ. ၁:၄-၆) သို့သော် အချိန်တန်သည့်အခါ ယေရမိသည် စွဲစွဲမြဲမြဲ အားမာန်ပါပါ ဟောပြောခဲ့သောကြောင့် ဖျက်ဆီးခြင်းသတင်းကိုသာ ဟောသူအဖြစ် ရှုမြင်ခံခဲ့ရသည်။ (ယေ. ၃၈:၄) သူသည် ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကို ၆၅ နှစ်ကျော် ရဲစွမ်းသတ္တိရှိရှိဟောပြောခဲ့၏။ သူသည် အစ္စရေးပြည်တွင် မကြောက်မရွံ့ဘဲ သတ္တိရှိရှိဟောပြောရာတွင် ထင်ရှားခဲ့သောကြောင့် အနှစ် ၆၀၀ ကြာပြီးနောက် ယေရှု ရဲစွမ်းသတ္တိရှိရှိဟောပြောသည့်အခါ ယေရမိ အသက်ပြန်ရှင်လာသည်ဟု လူတို့ယူဆခဲ့ကြသည်။ (မ. ၁၆:၁၃၊ ၁၄) အစပိုင်းတွင်တွန့်ဆုတ်ခဲ့သော ပရောဖက်ယေရမိသည် သူ၏ရှက်ကြောက်မှုကို မည်သို့အနိုင်ယူခဲ့သနည်း။ သူဤသို့ပြောပြသည်– ‘ငါ့အရိုးတို့၌ ချုပ်ထား၍ လောင်သောမီးကဲ့သို့ နှုတ်မြွက်တော်သည် ငါ့နှလုံး၌ဖြစ်သောကြောင့် အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်။’ (ယေ. ၂၀:၉) မှန်ပါသည်၊ ယေဟောဝါနှုတ်မြွက်စကား၏ တန်ခိုးအရှိန်သည် ယေရမိအပေါ်သက်ရောက်ခဲ့ပြီး ဟောပြောရန် သူ့အား လှုံ့ဆော်ခဲ့သည်။

၉။ ဘုရားသခင့်စကားတော်က ယေရမိအပေါ် အကျိုးသက်ရောက်ခဲ့တဲ့နည်းအတိုင်း ကျွန်ုပ်တို့အပေါ်လည်း ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

ဟေဗြဲလူတို့ထံရေးသော တမန်တော်ပေါလု၏စာတွင် ဤသို့ရေးခဲ့သည်– ‘ဘုရားသခင်၏စကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ မည်သည့်သန်လျက်ထက်မဆိုထက်၍ လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏။’ (ဟေဗြဲ ၄:၁၂) ဘုရားသခင်၏သတင်းစကား သို့မဟုတ် နှုတ်မြွက်တော်သည် ယေရမိအပေါ် အကျိုးသက်ရောက်ခဲ့သကဲ့သို့ ကျွန်ုပ်တို့အပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်သည်။ သမ္မာကျမ်းစာကို ရေးသားရန် လူသားများကို အသုံးပြုခဲ့သော်လည်း ဘုရားသခင့်စွမ်းအားတော်၏ တိုက်တွန်းမှုဖြင့် ရေးသားခဲ့သောကြောင့် လူ့ဉာဏ်ပညာကိုစုစည်းထားသည့် စာအုပ်မဟုတ်ကြောင်း သတိရပါ။ ၂ ပေတရု ၁:၂၁ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော်တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ပရောဖက်ပြုခြင်းဖြစ်၏။” ကျွန်ုပ်တို့သည် အကျိုးရှိရှိ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုပြုလုပ်ရန် အချိန်ယူသောအခါ သန့်ရှင်းသောစွမ်းအားတော်တိုက်တွန်းခြင်းဖြင့် ရေးသားထားသည့် သတင်းစကားများသည် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ပြည့်လာမည်ဖြစ်သည်။ (၁ ကောရိန္သု ၂:၁၀ ကိုဖတ်ပါ။) ယင်းသတင်းစကားသည် ကျွန်ုပ်တို့အတွင်းတွင် “လောင်သောမီးကဲ့သို့” ဖြစ်လာပြီး အခြားသူများအား မပြောဘဲမနေနိုင်အောင် ဖြစ်လာမည်။

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့ ရဲစွမ်းသတ္တိရှိရှိ ဟောပြောချင်တယ်ဆိုရင် သမ္မာကျမ်းစာကို ဘယ်လိုလေ့လာသင့်သလဲ။ (ခ) သင့်ကိုယ်ပိုင်လေ့လာမှု အရည်အသွေးကို တိုးတက်စေဖို့ သင်လုပ်ဆောင်မယ်လို့စိတ်ကူးထားတဲ့ အနည်းဆုံးအချက်တစ်ချက်ကိုဖော်ပြပါ။

၁၀ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု ပြုလုပ်ခြင်း၏အစွမ်းတန်ခိုး ကျွန်ုပ်တို့အပေါ် သက်ရောက်စေရန် သမ္မာကျမ်းစာသတင်းတရား ကျွန်ုပ်တို့၏နှလုံးထဲသို့ရောက်ရှိစေသော၊ ကျွန်ုပ်တို့၏ အတွင်းစိတ်သဘောကို ထိမိစေသောနည်းဖြင့် လေ့လာသင့်သည်။ ဥပမာ၊ ပရောဖက်ယေဇကျေလသည် ရူပါရုံတစ်ခု ရရှိခဲ့သည်၊ ထိုရူပါရုံတွင် လက်မခံသူများအား ကြေညာရမည့် ပြင်းထန်သည့်သတင်းစကားပါရှိသော စာလိပ်ကိုစားရန် သူတောင်းဆိုခံခဲ့ရသည်။ ယေဇကျေလသည် သတင်းစကားကို အပြည့်အ၀လက်ခံရမည်ဖြစ်ပြီး ယင်းကို သူ့အသက်တာ၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်စေရမည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် သတင်းတရားဟောပြောရမည့်တာဝန်သည် ပျားရည်ကဲ့သို့ ချိုသည့်အလား နှစ်သက်ဖွယ်ဖြစ်လာမည်။—ယေဇကျေလ ၂:၈-၃:၄၊ ၇-၉ ကိုဖတ်ပါ။

၁၁ ယေဇကျေလ၏အခြေအနေနှင့် ကျွန်ုပ်တို့၏အခြေအနေမှာ ဆင်တူသည်။ ယနေ့၊ လူအများသည် သမ္မာကျမ်းစာပြောဆိုရာများကို နားမထောင်လိုကြချေ။ ထို့ကြောင့် ဘုရားသခင့်စကားတော်ကို ဟောပြောခြင်းတွင် ကျွန်ုပ်တို့ စွဲစွဲမြဲမြဲပါဝင်လိုလျှင် သမ္မာကျမ်းစာကို ကောင်းစွာနားလည်စေသည့်၊ ယင်းတွင်ပါဝင်ရာများကို ယုံကြည်စေသည့်နည်းဖြင့် လေ့လာရန်အရေးကြီးသည်။ ပြတ်တောင်းပြတ်တောင်းမဟုတ်ဘဲ ပုံမှန်လေ့လာသင့်သည်။ ကျွန်ုပ်တို့၏ဆန္ဒသည် ဤသို့သီဆိုခဲ့သော ဆာလံဆရာကဲ့သို့ဖြစ်သင့်သည်– ‘အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အို၊ ယေဟောဝါ၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရွေးနုတ်တော်မူသောဘုရားသခင်။’ (ဆာ. ၁၉:၁၄) ကျမ်းစာအမှန်တရား ကျွန်ုပ်တို့၏စိတ်နှလုံးအထဲသို့ စိမ့်ဝင်စေရန် ကျွန်ုပ်တို့ဖတ်ရှုရာကို တွေးတောဆင်ခြင်ရာတွင် အချိန်ယူဖို့ အလွန်အရေးကြီးလှသည်တကား။ ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှု အရည်အသွေးကို တိုးတက်စေရန် ကြိုးစားလုပ်ဆောင်သင့်သည်မှာ သေချာသည်။ *

၁၂။ သန့်ရှင်းသောစွမ်းအားတော်နဲ့ ကျွန်ုပ်တို့ လမ်းညွှန်ခံရဖို့ ခရစ်ယာန်အစည်းအဝေးတွေက ဘယ်လို ကူညီပေးသလဲ။

၁၂ ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်မှ အကျိုးရရှိနိုင်သည့် နောက်နည်းလမ်းတစ်ခုမှာ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာ” မှုပြနိုင်သည့် “အတူတကွစည်းဝေးခြင်းအမှုကို လျစ်လျူမရှု” ခြင်းဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်အစည်းအဝေးများကို ပုံမှန်တက်ရောက်ရန်ကြိုးစားခြင်း၊ အာရုံစိုက်နားထောင်ခြင်းနှင့် သင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးခြင်းတို့သည် စွမ်းအားတော်လမ်းညွှန်မှုကို ခံယူနိုင်သည့် နည်းလမ်းကောင်းများဖြစ်သည်။ ယေဟောဝါ၏စွမ်းအားတော်သည် အသင်းတော်မှတစ်ဆင့် လမ်းညွှန်မှုများ ပေးနေသည်မဟုတ်လော။—ဗျာ. ၃:၆ ကိုဖတ်ပါ။

ရဲစွမ်းသတ္တိရှိခြင်း၏ အကျိုးကျေးဇူးများ

၁၃။ ပထမရာစုခရစ်ယာန်တွေ ဟောပြောခြင်းလုပ်ငန်းကို အောင်မြင်ပြီးမြောက်ခဲ့ခြင်းကနေ ကျွန်ုပ်တို့ ဘယ်အရာ သိရှိရသလဲ။

၁၃ စကြ၀ဠာတွင် အင်အားအကြီးဆုံးစွမ်းအားမှာ သန့်ရှင်းသောစွမ်းအားတော်ဖြစ်ပြီး ယင်းသည် ယေဟောဝါ၏အလိုတော်ဆောင်ရန် လူတို့အား အစွမ်းသတ္တိရှိစေသည်။ ယင်း၏လမ်းညွှန်မှုဖြင့် ပထမရာစုခရစ်ယာန်များသည် အလွန်ကျယ်ပြန့်သော ဟောပြောခြင်းလုပ်ငန်းကို အောင်မြင်ပြီးမြောက်နိုင်ခဲ့သည်။ သူတို့သည် သတင်းကောင်းကို “ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့” သည်။ (ကော. ၁:၂၃) သူတို့ထဲမှအများစုသည် “ပညာတတ်များမဟုတ်၊ သာမန်လူများသာဖြစ်” သည်ကိုကြည့်ခြင်းအားဖြင့် သူတို့သည် အစွမ်းတန်ခိုးကြီးသော အင်အားတစ်ခု၏ လှုံ့ဆော်မှုကို ခံရခြင်းဖြစ်ကြောင်း ထင်ရှားသည်။—တ. ၄:၁၃

၁၄။ “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြ” ရန် ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

၁၄ သန့်ရှင်းသောစွမ်းအားတော်၏ ဦးဆောင်မှုနှင့်အညီ အသက်ရှင်ခြင်းက ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ရဲစွမ်းသတ္တိရှိရှိ ထမ်းဆောင်စေနိုင်သည်။ စွမ်းအားတော်ရရန် စွဲစွဲမြဲမြဲဆုတောင်းခြင်းနှင့်အတူ လုံ့လဝီရိယဖြင့် အဓိပ္ပာယ်ရှိသော ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်း၊ ဖတ်ရှုရာကို ဆုတောင်းကာ တွေးတောဆင်ခြင်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းတို့က “စွမ်းအားတော်နှင့်စိတ်ထက်သန်” စေရန် အထောက်အကူပြုနိုင်သည်။ (ရော. ၁၂:၁၁) ဧဖက်မြို့သို့ရောက်လာသော အဟောအပြောကောင်းသည့် အာပေါလုအမည်ရှိ အလက်ဇန္ဒြားမြို့သား ဂျူးတစ်ဦးအကြောင်း သမ္မာကျမ်းစာက ဤသို့ဆိုသည်– “စွမ်းအားတော်နှင့်စိတ်ထက်သန်သဖြင့် ယေရှုနှင့်ဆိုင်သောအကြောင်းအရာများကို မှန်ကန်စွာ ဟောပြောသွန်သင်၏။” (တ. ၁၈:၂၄၊ ၂၅) ကျွန်ုပ်တို့သည် “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြ” ခြင်းဖြင့် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုနှင့် အလွတ်သဘော သက်သေခံသောအခါ ပို၍ရဲစွမ်းသတ္တိရှိလာနိုင်သည်။—ရော. ၁၂:၁၁

၁၅။ ပိုပြီးရဲစွမ်းသတ္တိရှိရှိ ဟောပြောခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ။

၁၅ သက်သေခံရာတွင် ပို၍ရဲစွမ်းသတ္တိရှိလာခြင်းက ကျွန်ုပ်တို့အပေါ် ကောင်းကျိုးသက်ရောက်စေသည်။ ကျွန်ုပ်တို့လုပ်ငန်း၏ အကျိုးကျေးဇူးနှင့် အရေးပါမှုကို ရှင်းရှင်းလင်းလင်း နားလည်လာသောကြောင့် ကျွန်ုပ်တို့ ပို၍အပြုသဘောရှိလာသည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် ထိရောက်မှုရှိသောအခါ ပို၍ပျော်ရွှင်လာသောကြောင့် ကျွန်ုပ်တို့ ပို၍အားတက်သရောရှိလာသည်။ ထို့ပြင် ဟောပြောခြင်းလုပ်ငန်း၏ အရေးတကြီးဖြစ်မှုကို ကျွန်ုပ်တို့ပို၍ သိရှိလာသောကြောင့် ကျွန်ုပ်တို့၏ဇွဲ ပို၍ထက်သန်လာသည်။

၁၆။ ခရစ်ယာန်ဓမ္မအမှုနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့ ဇွဲ တဖြည်းဖြည်းလျော့နည်းသွားတယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၁၆ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဇွဲ ပျောက်ဆုံးသွားမည်ဆိုလျှင် သို့မဟုတ် ယခင်ကရှိခဲ့သောစိတ်အားထက်သန်မှု လျော့နည်းသွားမည်ဆိုလျှင် အသို့နည်း။ သို့ဆိုလျှင် မိမိကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ရန်လိုသည်။ ပေါလုက “သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေကြလော့။ သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” ဟုရေးခဲ့သည်။ (၂ ကော. ၁၃:၅) မိမိကိုယ်ကို ဤသို့မေးပါ– ‘ငါဟာ စွမ်းအားတော်နဲ့ စိတ်ထက်သန်နေသေးသလား။ ကိုယ်တော့်စွမ်းအားတော်ရဖို့ ငါ ယေဟောဝါထံ ဆုတောင်းသလား။ ကိုယ်တော့်အလိုတော်ဆောင်ဖို့ ကိုယ်တော့်ကို မှီခိုအားကိုးကြောင်း ငါ့ရဲ့ဆုတောင်းချက်တွေက ဖော်ပြသလား။ အပ်နှင်းထားတဲ့ ခရစ်ယာန်ဓမ္မအမှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြတဲ့စကားလုံးတွေ ငါ့ရဲ့ဆုတောင်းချက်မှာ ပါသလား။ ငါ့ရဲ့ ကိုယ်ပိုင်လေ့လာမှု အလေ့အထက ဘယ်လိုရှိသလဲ။ ငါဖတ်ရှုတာတွေနဲ့ ကြားခဲ့ရာတွေကို တွေးတောဆင်ခြင်ဖို့ ငါ အချိန်ဘယ်လောက်ယူသလဲ။ အသင်းတော်အစည်းအဝေးတွေမှာ ငါ ဘယ်လိုပါဝင်နေသလဲ။’ ဤသို့သောမေးခွန်းများကို တွေးတောဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့အားနည်းနေသည့်ကဏ္ဍများကို သိရှိပြီး ပြုပြင်နိုင်သည်။

ဘုရားသခင့်စွမ်းအားတော်ဖြင့် ရဲစွမ်းသတ္တိရှိပါ

၁၇၊ ၁၈။ (က) ယနေ့ ဟောပြောခြင်းလုပ်ငန်းကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်နေသလဲ။ (ခ) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရာမှာ ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့ “အလွန်လွတ်လပ်စွာ ဟောပြောသွန်သင်” နိုင်ကြသလဲ။

၁၇ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုက မိမိတပည့်တော်များအား ဤသို့ပြောခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော်သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။” (တ. ၁:၈) ထိုအချိန်မှအစပြုခဲ့သောလုပ်ငန်းသည် တစ်ခါမျှမကြုံဖူးသည့်အတိုင်းအတာဖြင့် ယနေ့လုပ်ဆောင်လျက်ရှိသည်။ ခုနစ်သန်းနီးပါးရှိသော ယေဟောဝါ၏သက်သေများသည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် တစ်နှစ်လျှင် နာရီပေါင်း ၁.၅ ဘီလီယံအသုံးပြု၍ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်နေကြသည်။ နောက်ထပ် ဘယ်တော့မျှ ပြန်လုပ်ဆောင်တော့မည်မဟုတ်သည့်လုပ်ငန်းတွင် ဇွဲဖြင့်ပါဝင်ရခြင်းသည် မည်မျှစိတ်လှုပ်ရှားစရာပါတကား။

၁၈ ပထမရာစုအချိန်ကကဲ့သို့ပင် ယနေ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းသည် ဘုရားသခင့်စွမ်းအားတော် ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်လျက်ရှိသည်။ စွမ်းအားတော်၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ တုံ့ပြန်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုတွင် “အလွန်လွတ်လပ်စွာ ဟောပြောသွန်သင်လျက်နေ” ပါလိမ့်မည်။ (တ. ၂၈:၃၁) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့ကြေညာစဉ် စွမ်းအားတော်၏လမ်းညွှန်မှုကို ခံယူကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အမည်များကို ပြောင်းထားသည်။

^ အပိုဒ်၊ 11 သင့်သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုမှ အကျိုးအများဆုံးရရှိစေရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာအုပ်၏ စာမျက်နှာ ၂၁-၃၂ ပါ “ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ” နှင့် “လေ့လာမှုသည် ဆုကျေးဇူးမည်၏” ခေါင်းစဉ်ရှိ အခန်းများကိုဖတ်ပါ။

သင်အဘယ်အရာ သင်ယူသိရှိခဲ့သနည်း

• ဘုရားသခင့်စကားတော်ကို ဟောပြောရာမှာ ဘာကြောင့် ရဲစွမ်းသတ္တိရှိဖို့လိုသလဲ။

• ရဲစွမ်းသတ္တိရှိရှိဟောပြောဖို့ အစောပိုင်းတပည့်တွေကို ဘာက အကူအညီပေးခဲ့သလဲ။

• ကျွန်ုပ်တို့ ဘယ်လိုနည်းနဲ့ ရဲစွမ်းသတ္တိရှိနိုင်သလဲ။

• ရဲစွမ်းသတ္တိရှိခြင်းက ကျွန်ုပ်တို့ကို ဘယ်လို အကျိုးပြုသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၇ ပါရုပ်ပုံ]

သားသမီးတွေ ရဲစွမ်းသတ္တိရှိလာအောင် မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ

[စာမျက်နှာ ၈ ပါရုပ်ပုံ]

ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တဲ့အခါ တိုတိုတုတ်တုတ်ဆုတောင်းခြင်းက သင့်ကို ရဲစွမ်းသတ္တိရှိစေနိုင်