မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်’

‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်’

“ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မ. ၂၈:၂၀

၁။ (က) ဂျုံစပါးပင်နဲ့ပေါင်းပင် ပုံဥပမာကို အတိုချုပ်ပြောပြပါ။ (ခ) အဲဒီပုံဥပမာရဲ့အဓိပ္ပာယ်ကို ယေရှု ဘယ်လိုရှင်းပြခဲ့သလဲ။

နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ ယေရှုရဲ့ပုံဥပမာတစ်ခုမှာ လယ်သမားတစ်ယောက်ဟာ ကောင်းတဲ့မျိုးစေ့တွေကို ကြဲပြီး ရန်သူက အဲဒီလယ်ကွက်ထဲမှာပဲ ပေါင်းမျိုးစေ့တွေကို လာကြဲသွားတယ်လို့ ဖော်ပြထားတယ်။ ပေါင်းပင်တွေဟာ ဂျုံစပါးပင်တွေနဲ့အတူ ကြီးလာတယ်၊ ဒါပေမဲ့ လယ်သမားက “စပါးရိတ်ချိန်အထိ နှစ်မျိုးစလုံးပေါက်ပါစေ” လို့ သူ့ကျွန်တွေကို ပြောတယ်။ စပါးရိတ်ချိန်ရောက်တဲ့အခါမှာ ပေါင်းပင်တွေကို ဖျက်ဆီးပစ်ပြီး စပါးပင်တွေကို စုသိမ်းမှာဖြစ်တယ်။ ယေရှုကိုယ်တိုင် ပုံဥပမာရဲ့အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၇-၄၃ ကိုဖတ်ပါ။) ဒီပုံဥပမာက ဘာကိုဖော်ပြသလဲ။ (“ဂျုံစပါးပင်နဲ့ ပေါင်းပင်” ပုံစံကားချပ်ကိုကြည့်ပါ။)

၂။ (က) စပါးပင်နဲ့ပေါင်းပင်ပုံဥပမာမှာ ဘယ်အဖြစ်အပျက်တွေကို ဖော်ပြထားသလဲ။ (ခ) ဒီဆောင်းပါးမှာ ပုံဥပမာရဲ့ ဘယ်အပိုင်းကို ဆွေးနွေးသုံးသပ်မလဲ။

ဒီပုံဥပမာမှာပါတဲ့ အဖြစ်အပျက်တွေက ယေရှုဟာ မိမိနဲ့အတူ နိုင်ငံတော်မှာ တွဲဖက်အုပ်ချုပ်မယ့် ဂျုံစပါးအတန်းအစားဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို လူသားတွေထဲကနေ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ရွေးချယ်မယ်ဆိုတာ ဖော်ပြတယ်။ ယေရှုဟာ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ စတင်မျိုးစေ့ကြဲခဲ့တယ်။ ဒီလောကစနစ်ရဲ့အဆုံးပိုင်းမှာ အသက်ရှင်နေတဲ့ ဘိသိက်ခံတွေ နောက်ဆုံးတံဆိပ်ခတ်ခြင်းခံရပြီး ကောင်းကင်ကိုခေါ်ဆောင်သွားခံရချိန်မှာ ဂျုံစပါးစုသိမ်းခြင်း ပြီးဆုံးမှာဖြစ်တယ်။ (မ. ၂၄:၃၁; ဗျာ. ၇:၁-၄) လူတစ်ယောက်ဟာ တောင်တစ်လုံးရဲ့ထိပ်ကနေ ပတ်ဝန်းကျင်ကိုကြည့်ရင် မြင်ကွင်းအားလုံးကို အပေါ်စီးကနေ မြင်ရသလိုပဲ ဒီပုံဥပမာက အနှစ် ၂,၀၀၀ ခန့်အတွင်းမှာဖြစ်ပျက်မယ့် အဖြစ်အပျက်အားလုံးကို မြင်တွေ့စေတယ်။ ပုံဥပမာမှာ မျိုးကြဲချိန်၊ ကြီးထွားချိန်နဲ့ စပါးရိတ်ချိန်အကြောင်း ဖော်ပြထားတယ်။ ဒီဆောင်းပါးမှာတော့ အဓိကအနေနဲ့ စပါးရိတ်ချိန်ကို ဖော်ပြမှာဖြစ်တယ်။ *

ယေရှုရဲ့ ဂရုစိုက်မှုအောက်မှာ

၃။ (က) ပထမရာစုနောက်ပိုင်းမှာ ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) မဿဲ ၁၃:၂၈ မှာ ဘယ်မေးခွန်းပေါ်လာသလဲ။ ဘယ်သူတွေက မေးတာလဲ။ (အောက်ခြေမှတ်ချက်ကိုလည်းကြည့်ပါ။)

အေဒီ ၁၀၀ ခန့်မှာ ခရစ်ယာန်အတုအယောင်တွေဖြစ်တဲ့ ‘ပေါင်းပင်များ ပေါ်ထွက်လာ’ တယ်။ (မ. ၁၃:၂၆) အေဒီ ၃၀၀ ခန့်မှာ ပေါင်းပင်တွေနဲ့တူတဲ့ ခရစ်ယာန်အတုအယောင်တွေဟာ ဘိသိက်ခံခရစ်ယာန်တွေထက် အဆမတန်များပြားလာတယ်။ ပုံဥပမာထဲမှာ ကျွန်တွေက လယ်ထဲက “ပေါင်းပင်” တွေကို နုတ်ပစ်လိုက်ရမလားလို့ သခင်ကို မေးတယ်။ * (မ. ၁၃:၂၈) သခင် ဘယ်လို ပြန်ဖြေသလဲ။

၄။ (က) သခင်ယေရှုရဲ့အဖြေက ဘာကိုဖော်ပြသလဲ။ (ခ) ဘယ်အချိန်မှာ ဂျုံစပါးနဲ့တူတဲ့ခရစ်ယာန်တွေဟာ သိသာထင်ရှားလာခဲ့သလဲ။

သခင်ဖြစ်တဲ့ ယေရှုက ဂျုံစပါး၊ ပေါင်းပင်တွေနဲ့ပတ်သက်ပြီး “စပါးရိတ်ချိန်အထိ နှစ်မျိုးစလုံးပေါက်ပါစေ” ဆိုပြီး ပြောခဲ့တယ်။ ဒီစကားက ပထမရာစုကနေ ယနေ့အချိန်အထိ ဂျုံစပါးနဲ့တူတဲ့ ဘိသိက်ခံခရစ်ယာန်တွေ မြေကြီးပေါ်မှာ အမြဲရှိနေမယ်ဆိုတာကို ဖော်ပြတယ်။ ယေရှုက တပည့်တွေကို “ငါသည်လည်း ဤလောကစနစ် နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” လို့လည်း ပြောခဲ့တယ်။ (မ. ၂၈:၂၀) ဒါကြောင့် ယေရှုဟာ ဘိသိက်ခံခရစ်ယာန်တွေကို ဆုံးခန်းကာလအထိ အစဉ်မပြတ် ကာကွယ်ပေးသွားမှာဖြစ်မယ်။ ဒါပေမဲ့ ပေါင်းပင်နဲ့တူတဲ့ ခရစ်ယာန်အတုအယောင်တွေဟာ စပါးပင်တွေကို လွှမ်းမိုးထားလို့ အဲဒီကြာရှည်တဲ့ကာလအတွင်းမှာ ဘယ်သူက စပါးအတန်းအစားဖြစ်တယ်ဆိုတာ သဲသဲကွဲကွဲ မသိနိုင်ခဲ့ဘူး။ ဒါပေမဲ့ စပါးရိတ်ချိန်မတိုင်ခင် အနှစ် ၄၀ ခန့်မှာ စပါးအတန်းအစားဟာ သိသာထင်ရှားလာတယ်။ ဘယ်လို သိသာထင်ရှားလာသလဲ။

‘သွားရာလမ်းကို ပြင်ရသော’ တမန်

၅။ ပထမရာစုမှာ မာလခိရဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။

စပါးပင်နဲ့ပေါင်းပင် ပုံဥပမာကို ယေရှုမပြောခင် နှစ်ပေါင်းများစွာကတည်းက ယေရှုရဲ့ပုံဥပမာမှာပါတဲ့ အဖြစ်အပျက်တချို့ကို ကြိုဟောဖို့ ယေဟောဝါက ပရောဖက်မာလခိကို စွမ်းအားတော်နဲ့တိုက်တွန်းခဲ့တယ်။ (မာလခိ ၃:၁-၄ ကိုဖတ်ပါ။) နှစ်ခြင်းဆရာယောဟန်ဟာ ‘လမ်းခရီးကိုပြင်ဆင်မယ့် စေတမန်’ ဖြစ်တယ်။ (မ. ၁၁:၁၀၊ ၁၁) အေဒီ ၂၉ မှာ ယောဟန်ရောက်ရှိလာတဲ့အခါ အစ္စရေးလူမျိုးကို တရားစီရင်မယ့်အချိန် နီးကပ်နေပြီ။ မာလခိပရောဖက်ပြုချက်မှာပါတဲ့ ဒုတိယတမန် (ပဋိညာဉ်တမန်တော်) က ယေရှုဖြစ်တယ်။ သူဟာ ဂျေရုဆလင်မှာရှိတဲ့ဗိမာန်တော်ကို သန့်စင်ရှင်းလင်းရေး နှစ်ကြိမ်လုပ်ခဲ့တယ်။ ပထမတစ်ကြိမ်က သူ့ရဲ့အမှုဆောင်ချိန် အစပိုင်းမှာဖြစ်ပြီး ဒုတိယအကြိမ်က အမှုဆောင်ချိန် အဆုံးပိုင်းမှာဖြစ်တယ်။ (မ. ၂၁:၁၂၊ ၁၃; ယော. ၂:၁၄-၁၇) ဒါကြောင့် ယေရှုရဲ့ သန့်စင်ရှင်းလင်းရေးလုပ်ငန်းက အချိန်အတိုင်းအတာတစ်ခုထိ ကြာရှည်ခဲ့တယ်။

၆။ (က) မာလခိရဲ့ပရောဖက်ပြုချက်က ဘယ်လို အကြီးစားပြည့်စုံသလဲ။ (ခ) ဘယ်အချိန်အတွင်းမှာ ယေရှုဟာ ပုံဆောင်ဗိမာန်တော်ကို စစ်ဆေးခဲ့သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

မာလခိရဲ့ပရောဖက်ပြုချက်က ဘယ်လို အကြီးစားပြည့်စုံသလဲ။ ၁၉၁၄ ခုနှစ်မတိုင်ခင် နှစ်ပေါင်းများစွာအတွင်းမှာ စီတီ ရပ်စယ်လ်နဲ့ သူ့ရဲ့အပေါင်းပါတွေဟာ နှစ်ခြင်းဆရာယောဟန်လုပ်ခဲ့တဲ့အလုပ်မျိုး လုပ်ခဲ့တယ်။ သူတို့ဟာ သမ္မာကျမ်းစာကို လေ့လာပြီး အမှန်တရားကို ရှာဖွေခဲ့ကြတယ်။ သူတို့တွေဟာ ခရစ်တော်ရဲ့ရွေးနုတ်ဖိုးပူဇော်သက္ကာရဲ့ အဓိပ္ပာယ်အမှန်ကို သင်ပေးကြတယ်၊ မီးငရဲဆိုတာ မရှိကြောင်း ဖော်ထုတ်ခဲ့တယ်၊ လူမျိုးခြားတွေရဲ့အချိန် ကုန်ဆုံးမယ့်အချိန်ကို ကြေညာခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မိမိတို့ဟာ ခရစ်တော်ရဲ့နောက်လိုက်တွေပါလို့ ပြောတဲ့ တခြားဘာသာရေးအုပ်စုတွေ အများကြီးရှိနေတယ်။ ဒါဆိုရင် အဲဒီအုပ်စုတွေထဲက ဘယ်အုပ်စုက စပါးဖြစ်မလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့အတွက် ယေရှုဟာ ၁၉၁၄ ခုနှစ်မှာ ဝတ်ပြုရေးအစီအစဉ်ဖြစ်တဲ့ ပုံဆောင်ဗိမာန်တော်ကို စတင်စစ်ဆေးခဲ့တယ်။ အဲဒီစစ်ဆေးမှုနဲ့ သန့်စင်ရှင်းလင်းရေးလုပ်ငန်းဟာ ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ ခုနှစ်အစပိုင်းအထိ ကြာရှည်ခဲ့တယ်။ *

ဘိသိက်ခံတွေကို စစ်ဆေး၊ သန့်စင်ခြင်း

၇။ ၁၉၁၄ ခုနှစ်မှာ ယေရှု စတင်စစ်ဆေးတဲ့အခါ သူ ဘာတွေ့ခဲ့သလဲ။

ယေရှုရဲ့ သန့်စင်ရှင်းလင်းရေးလုပ်ငန်း ဘယ်အချိန်မှာ စတင်ခဲ့သလဲ၊ သူ ဘာတွေ့ခဲ့သလဲ။ ထက်သန်တဲ့ ကျမ်းစာကျောင်းသားအုပ်စုငယ်လေးကို တွေ့ရှိခဲ့တယ်။ သူတို့ဟာ သူတို့ရဲ့ခွန်အား၊ ငွေကြေးတွေကို အသုံးပြုပြီး သတင်းကောင်းကို အနှစ် ၃၀ ကျော် ကြေညာခဲ့ကြတယ်။ * ဒီစပါးအတန်းအစား အုပ်စုငယ်လေးဟာ ဆက်ကြံ့ခိုင်သန်စွမ်းနေပြီး ပေါင်းပင်တွေရဲ့လွှမ်းမိုးမှု မခံရတာကို တွေ့ရလို့ ယေရှုနဲ့ ကောင်းကင်တမန်တွေ ပျော်ရွှင်ကြမှာပဲ။ ဒါပေမဲ့ ဘိသိက်ခံတွေဖြစ်တဲ့ “လေဝိသား” တွေကို သန့်စင်ဖို့ လိုအပ်ခဲ့တယ်။ (မာလ. ၃:၂၊ ၃; ၁ ပေ. ၄:၁၇) ဘာကြောင့်လဲ။

၈။ ၁၉၁၄ ခုနှစ်နောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။

၁၉၁၄ ခုနှစ်အကုန်ပိုင်းမှာ ကျမ်းစာကျောင်းသားတချို့ဟာ ကောင်းကင်မသွားရလို့ စိတ်ဓာတ်ကျခဲ့ကြတယ်။ ၁၉၁၅ နဲ့ ၁၉၁၆ ခုနှစ်အတွင်းမှာ အဖွဲ့အစည်းအပြင်ကလာတဲ့ ဆန့်ကျင်မှုကြောင့် ဟောပြောခြင်းလုပ်ငန်း အရှိန်လျော့သွားတယ်။ အဲဒီအပြင် ၁၉၁၆၊ အောက်တိုဘာလမှာ ညီအစ်ကို ရပ်စယ်လ် သေဆုံးသွားတဲ့အခါ ဆန့်ကျင်မှုက အဖွဲ့အစည်းအထဲကနေ ပေါ်လာတယ်။ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ဒါရိုက်တာ ခုနစ်ဦးထဲက လေးဦးဟာ အဖွဲ့အစည်းကို ညီအစ်ကိုရပ်သဖော့ဒ် ဦးဆောင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတယ်။ ညီအစ်ကိုတွေအချင်းချင်း ကွဲပြားအောင် သူတို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၁၇ ခုနှစ်၊ ဩဂုတ်လမှာ ဗေသလကနေ သူတို့ ထွက်သွားကြတယ်။ ဒါက အဖွဲ့အစည်းကို သန့်စင်တဲ့နည်းလမ်းတစ်ခုပဲ။ ဒါ့အပြင် တချို့ကျမ်းစာကျောင်းသားတွေက လူကိုကြောက်လို့ ဘုရားသခင့်အမှုတော်ကို ဆက်မဆောင်ကြတော့ဘူး။ ကျမ်းစာကျောင်းသားအများစုကတော့ ယေရှုရဲ့ သန့်စင်ရှင်းလင်းရေးလုပ်ငန်းကို တလိုတလား တုံ့ပြန်ခဲ့ကြပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့် ယေရှုက သူတို့ကို စပါးနဲ့တူတဲ့ စစ်မှန်တဲ့ခရစ်ယာန်အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ခရစ်ယာန်ဘောင်ချာ့ခ်ျက အသင်းသားတွေအပါအဝင် ခရစ်ယာန်အတုအယောင်အားလုံးကို သူ ငြင်းပယ်ခဲ့တယ်။ (မာလ. ၃:၅; ၂ တိ. ၂:၁၉) နောက်ထပ် ဘာဆက်ဖြစ်ခဲ့သလဲ။ အဲဒါကိုသိနိုင်ဖို့ ဂျုံစပါးနဲ့ ပေါင်းပင်ပုံဥပမာကို ပြန်သုံးသပ်ကြည့်ကြစို့။

စပါးရိတ်ချိန်စတင်ပြီးနောက် ဘာဖြစ်ပျက်သလဲ

၉၊ ၁၀။ (က) စပါးရိတ်ချိန်နဲ့ပတ်သက်ပြီး အခု ဘာကိုဆွေးနွေးကြမလဲ။ (ခ) စပါးရိတ်ချိန်အတွင်းမှာ ဦးဆုံး ဘာဖြစ်ပျက်ခဲ့သလဲ။

“ရိတ်သိမ်းချိန်သည် လောကစနစ်နိဂုံးပိုင်းဖြစ်၏” လို့ ယေရှုပြောခဲ့တယ်။ (မ. ၁၃:၃၉) ရိတ်သိမ်းချိန်က ၁၉၁၄ ခုနှစ်မှာ စတင်တယ်။ စပါးရိတ်ချိန်အတွင်းမှာ ဖြစ်ပျက်မယ်လို့ ယေရှုကြိုပြောခဲ့တဲ့ အဖြစ်အပျက်ငါးခုကို လေ့လာကြည့်ကြစို့။

၁၀ ဦးဆုံး၊ ပေါင်းပင်တွေကို နုတ်တယ်။ ယေရှုက ‘စပါးရိတ်ချိန်ရောက်မှ ပေါင်းပင်များကို ဦးစွာနုတ်ပြီး စည်းထားကြဟု စပါးရိတ်သူများကို ငါမှာကြားမည်’ လို့ပြောခဲ့တယ်။ ၁၉၁၄ ခုနှစ်နောက်ပိုင်းမှာ ကောင်းကင်တမန်တွေဟာ ဘိသိက်ခံ “နိုင်ငံတော်သား” တွေထဲကနေ ပေါင်းပင်နဲ့တူတဲ့ ခရစ်ယာန်အတုအယောင်တွေကို ခွဲထုတ်ခြင်းအားဖြင့် စတင် “နုတ်” ခဲ့တယ်။—မ. ၁၃:၃၀၊ ၃၈၊ ၄၁

၁၁။ ဘယ်အရာက ခရစ်ယာန်စစ်တွေနဲ့ ခရစ်ယာန်အတုအယောင်တွေကို ခွဲခြားသိရှိစေသလဲ။

၁၁ ပေါင်းပင်နုတ်တဲ့လုပ်ငန်း တဖြည်းဖြည်းတိုးတက်လာတာနဲ့အမျှ အုပ်စုနှစ်ခုရဲ့ကွဲပြားမှုက သိသိသာသာ ထင်ရှားလာတယ်။ (ဗျာ. ၁၈:၁၊) ၁၉၁၉ ခုနှစ်မှာ မဟာဗာဗုလုန်ကျဆုံးသွားပြီဆိုတာ သိသာထင်ရှားလာတယ်။ ဘယ်အရာက အထူးသဖြင့် ခရစ်ယာန်စစ်တွေနဲ့ အတုအယောင်တွေကို ခွဲခြားသိရှိစေသလဲ။ ဟောပြောခြင်းလုပ်ငန်းပါပဲ။ အသင်းတော်မှာရှိတဲ့သူအားလုံး နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရမယ်ဆိုတာ ကျမ်းစာကျောင်းသားတွေကို ဦးဆောင်တဲ့သူတွေ စတင်သိရှိလာတယ်။ ဥပမာ၊ ၁၉၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မည်သူ့ထံတွင် အလုပ်အပ်နှံထားသနည်း ဆိုတဲ့ စာအုပ်ငယ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်မှာ တစ်အိမ်တက်ဆင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ကြဖို့ ဘိသိက်ခံခရစ်ယာန်အားလုံးကို တိုက်တွန်းထားတယ်။ “လုပ်ငန်းမှာ မဖြစ်နိုင်ဟု ထင်ရသည်၊ သို့သော် ယင်းသည် သခင်၏လုပ်ငန်းဖြစ်သည်။ ကိုယ်တော်ပေးသောခွန်အားဖြင့် ယင်းလုပ်ငန်းကို ကျွန်ုပ်တို့ လုပ်ဆောင်ကြပါမည်။ ယင်းလုပ်ငန်းတွင် သင်ပါဝင်ရန် အခွင့်အရေးရထားသည်” လို့ အဲဒီစာအုပ်ထဲမှာ ရေးထားတယ်။ ကျမ်းစာကျောင်းသားတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့တွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ခါတိုင်းထက် ပိုပြီး ကြိုးစားအားထုတ် ပါဝင်ခဲ့ကြတယ်လို့ ၁၉၂၂ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။ သိပ်မကြာခင်မှာ တစ်အိမ်တက်ဆင်း ဟောပြောခြင်းဟာ အဲဒီသစ္စာရှိခရစ်ယာန်တွေရဲ့ အမှတ်အသားဖြစ်လာပြီး ယနေ့အချိန်ထိ ဖြစ်နေဆဲပဲ။

၁၂။ ဘယ်အချိန်ကတည်းက ဂျုံစပါးအတန်းအစားကို စုသိမ်းခဲ့သလဲ။

၁၂ ဒုတိယအချက်က စပါးကို စုသိမ်းခြင်းဖြစ်တယ်။ ယေရှုက သူရဲ့ကောင်းကင်တမန်တွေကို “စပါးကို ကျီထဲစုသိမ်းကြ” လို့ အမိန့်ပေးခဲ့တယ်။ (မ. ၁၃:၃၀) ၁၉၁၉ ခုနှစ်ကတည်းက ဘိသိက်ခံခရစ်ယာန်တွေဟာ သန့်စင်ထားတဲ့ခရစ်ယာန်အသင်းတော်ထဲကို စုသိမ်းခံနေကြရတယ်။ ဒါဆိုရင် ဒီလောကစနစ်အဆုံးပိုင်းမှာ အသက်ရှင်နေတဲ့ ဘိသိက်ခံခရစ်ယာန်တွေကော။ သူတို့တွေ ကောင်းကင်ရောက်သွားတဲ့အခါမှာ နောက်ဆုံးစုသိမ်းခြင်းလုပ်ငန်း ပြီးဆုံးပါလိမ့်မယ်။—ဒံ. ၇:၁၈၊ ၂၂၊ ၂၇

၁၃။ ဗျာဒိတ် ၁၈:၇ မှာ ခရစ်ယာန်ဘောင်ပါဝင်တဲ့ ပြည့်တန်ဆာ မဟာဗာဗုလုန်ရဲ့ လက်ရှိသဘောထားကို ဘယ်လိုဖော်ပြထားသလဲ။

၁၃ တတိယ၊ ငိုကြွေးခြင်း၊ အံကြိတ်ခံပြင်းခြင်း။ ကောင်းကင်တမန်တွေ ပေါင်းပင်တွေကို နုတ်ယူ စည်းပြီးတဲ့နောက် ဘာဖြစ်မလဲ။ ပေါင်းပင်တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ယေရှုက “ငိုကြွေးခြင်း၊ အံကြိတ်ခံပြင်းခြင်းရှိ” မယ်လို့ ပြောခဲ့တယ်။ (မ. ၁၃:၄၂) အခုချိန်မှာ အဲဒီအချက် ပြည့်စုံနေပြီလား။ မပြည့်စုံသေးပါဘူး။ ယနေ့အချိန်မှာ ပြည့်တန်ဆာရဲ့အစိတ်အပိုင်းဖြစ်တဲ့ ခရစ်ယာန်ဘောင်ဟာ မိမိကိုယ်ကို “ငါသည် ဘုရင်မအဖြစ် နန်းစံ၏။ မုဆိုးမမဟုတ်။ ငါသည် မည်သည့်အခါမျှ မြည်တမ်းရမည်မဟုတ်” လို့ ပြောနေတယ်။ (ဗျာ. ၁၈:၇) အမှန်ပါပဲ၊ ခရစ်ယာန်ဘောင်ဟာ လွှမ်းမိုးချုပ်ကိုင်နိုင်သူလို့ မိမိကိုယ်ကို ယူဆပြီး နိုင်ငံရေးခေါင်းဆောင်တွေအပေါ်မှာ အာဏာပြနေတယ်။ လက်ရှိအချိန်မှာတော့ ပေါင်းပင်နဲ့ခိုင်းနှိုင်းခံရတဲ့ ခရစ်ယာန်အတုအယောင်တွေဟာ ငိုကြွေးမနေဘဲ ဝါကြွားနေပါတယ်။ ဒါပေမဲ့ မကြာခင် အပြောင်းအလဲဖြစ်ပါတော့မယ်။

နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ခရစ်ယာန်ဘောင်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ မကြာခင်အဆုံးတိုင်ပါတော့မယ် (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၄။ (က) ခရစ်ယာန်အတုအယောင်တွေဟာ ဘယ်အချိန်မှာ “အံကြိတ်ခံပြင်း” ကြမလဲ၊ ဘာကြောင့်လဲ။ (ခ) မဿဲ ၁၃:၄၂ ရဲ့ ရှင်းပြချက်အသစ်က ဆာလံ ၁၁၂:၁၀ နဲ့ ဘယ်လိုကိုက်ညီသလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၄ ကြီးစွာသောဒုက္ခအတွင်းမှာ အယူမှားဘာသာအားလုံး ဖျက်ဆီးခံရပြီးတဲ့အချိန်မှာ အဲဒီဘာသာရေးအဖွဲ့အစည်းတွေရဲ့ ယခင်နောက်လိုက်တွေဟာ ပုန်းခိုဖို့နေရာကို အပြေးအလွှားရှာဖွေကြမှာဖြစ်တယ်၊ ဒါပေမဲ့ လုံခြုံတဲ့နေရာကို ရှာတွေ့မှာမဟုတ်ဘူး။ (လု. ၂၃:၃၀; ဗျာ. ၆:၁၅-၁၇) သူတို့မလွတ်မြောက်နိုင်ဘူးဆိုတာ သိသွားတဲ့အခါမှာ စိတ်ပျက်လက်ပျက် ငိုကြွေးရင်း ဒေါသနဲ့ “အံကြိတ်ခံပြင်း” ကြမှာဖြစ်တယ်။ ကြီးစွာသောဒုက္ခနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကြိုတင်ဟောကြားချက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ အဲဒီအချိန်မှာ သူတို့ဟာ “ငိုကြွေးမြည်တမ်း” ကြပါလိမ့်မယ်။ *မ. ၂၄:၃၀; ဗျာ. ၁:၇

၁၅။ ပေါင်းပင်တွေ ဘာဖြစ်သွားမလဲ၊ ဘယ်အချိန်မှာ အဲဒီလိုဖြစ်မလဲ။

၁၅ စတုတ္ထ၊ မီးဖိုထဲကို ချပစ်မယ်။ စည်းထားတဲ့ပေါင်းပင်တွေ ဘာဖြစ်သွားမလဲ။ ကောင်းကင်တမန်တွေ အဲဒါတွေကို “မီးဖိုထဲသို့ချ” ပစ်ပါလိမ့်မယ်။ (မ. ၁၃:၄၂) အဓိပ္ပာယ်ကတော့ လုံးဝအပြီးသတ်ပျက်စီးခြင်းပဲ။ ဒါကြောင့် အယူမှားဘာသာရေးအဖွဲ့အစည်းတွေမှာ ပါဝင်သူတွေဟာ ကြီးစွာသောဒုက္ခရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အာမဂေဒုန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။—မာလ. ၄:၁

၁၆၊ ၁၇။ (က) ယေရှုပြောတဲ့ပုံဥပမာမှာ နောက်ဆုံးအဖြစ်အပျက်က ဘာလဲ။ (ခ) အဲဒီအဖြစ်အပျက်က အနာဂတ်မှာဖြစ်မယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် ကောက်ချက်ချသလဲ။

၁၆ ပဉ္စမ၊ ထွန်းလင်းကြလိမ့်မယ်။ ယေရှုက သူ့ရဲ့ပရောဖက်ပြုချက်ကို “ထိုအခါ၊ ဖြောင့်မတ်သူတို့သည် မိမိတို့အဖ၏နိုင်ငံတော်တွင် နေကဲ့သို့ထွန်းလင်းကြလိမ့်မည်” လို့ပြောပြီး နိဂုံးချုပ်လိုက်တယ်။ (မ. ၁၃:၄၃) ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ထွန်းလင်းကြမလဲ။ ပရောဖက်ပြုချက်ရဲ့ ဒီအပိုင်းက အနာဂတ်မှာ ပြည့်စုံမှာဖြစ်တယ်။ အဲဒါက မြေကြီးပေါ်မှာ ပြည့်စုံမှာမဟုတ်ဘဲ ကောင်းကင်မှာ ပြည့်စုံမှာဖြစ်တယ်။ * အဲဒီလိုကောက်ချက်ချရတဲ့ အကြောင်းရင်းနှစ်ခုကို လေ့လာကြည့်ကြစို့။

၁၇ ဦးဆုံး၊ အဲဒီအချက်က ဘယ်အချိန်မှာ ပြည့်စုံမလဲ။ ယေရှုက ‘ထိုအခါ၊ ဖြောင့်မတ်သူတို့သည် ထွန်းလင်းကြလိမ့်မည်’ လို့ ပြောခဲ့တယ်။ “ထိုအခါ” ဆိုတဲ့ အသုံးအနှုန်းက ယေရှု ခုလေးတင်ဖော်ပြခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကြောင်း ထင်ရှားတယ်၊ အဲဒီအဖြစ်အပျက်က ‘ပေါင်းပင်တွေကို မီးဖိုထဲသို့ချ’ ပစ်တာဖြစ်တယ်။ အဲဒီအဖြစ်အပျက်က ကြီးစွာသောဒုက္ခရဲ့ အဆုံးသတ်အပိုင်းမှာဖြစ်မယ်။ ဒါကြောင့် ဘိသိက်ခံတွေဟာ အဲဒီအနာဂတ်အချိန်မှာလည်း “ထွန်းလင်း” ရမှာဖြစ်တယ်။ ဒုတိယ၊ ဘယ်နေရာမှာ ထွန်းလင်းမလဲ။ ဖြောင့်မတ်သူတွေဟာ ‘နိုင်ငံတော်မှာ ထွန်းလင်း’ ကြမယ်လို့ ယေရှု ပြောခဲ့တယ်။ ဘာကို ဆိုလိုတာလဲ။ ကြီးစွာသောဒုက္ခ အစပိုင်းပြီးတဲ့နောက်မှာ မြေကြီးပေါ် ကျန်ရှိနေသေးတဲ့ သစ္စာရှိဘိသိက်ခံတွေအားလုံးဟာ နောက်ဆုံးတံဆိပ်ခတ်ခြင်းကို ခံရပြီးဖြစ်ပါလိမ့်မယ်။ အဲဒီနောက်မှာ သူတို့ဟာ ယေရှုကြိုတင်ဟောထားတဲ့အတိုင်း ကောင်းကင်ကို စုသိမ်းခံရမယ်။ (မ. ၂၄:၃၁) အဲဒီနေရာမှာ သူတို့ဟာ ‘သူတို့အဖရဲ့နိုင်ငံတော်မှာ နေကဲ့သို့ ထွန်းလင်းကြ’ ပါလိမ့်မယ်။ အာမဂေဒုန်စစ်ပွဲပြီးနောက် မကြာခင်မှာ သူတို့ဟာ “သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲ” မှာ ပျော်ရွှင်တဲ့သတို့သမီး ဖြစ်ပါလိမ့်မယ်။—ဗျာ. ၁၉:၆-၉

ကျွန်ုပ်တို့ အကျိုးခံစားရပုံ

၁၈၊ ၁၉။ ပေါင်းပင်နဲ့စပါးပင်ပုံဥပမာကို နားလည်ခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားရသလဲ။

၁၈ ဒီပုံဥပမာကို လေ့လာခြင်းကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးခံစားရသလဲ။ နည်းလမ်းသုံးခုနဲ့ အကျိုးခံစားရပါတယ်။ ဦးဆုံး၊ ယေဟောဝါ ဘာကြောင့် ဆိုးသွမ်းမှုတွေကို မဖျက်ဆီးသေးတာလဲဆိုတာ နားလည်စေတယ်။ စပါးအဖြစ် တင်စားခံရတဲ့ သစ္စာရှိသူတွေကို “သနားတော်မူခြင်းခံရာအိုးများ” ဖြစ်စေဖို့ ကိုယ်တော် စိတ်ရှည်သည်းခံခဲ့တယ်။ * (ရော. ၉:၂၂-၂၄) ဒုတိယ၊ ကျွန်ုပ်တို့ ပိုပြီး ယုံကြည်စိတ်ချမှုရှိလာတယ်။ အဆုံးနီးလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ရန်သူတွေက ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာဖြစ်တယ်၊ ဒါပေမဲ့ သူတို့ အနိုင်ရမှာမဟုတ်ဘူး။ (ယေရမိ ၁:၁၉ ကိုဖတ်ပါ။) ယေဟောဝါဟာ စပါးအတန်းအစားကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ကောင်းကင်ဖခင်ဟာ ယေရှုနဲ့ ကောင်းကင်တမန်တွေနဲ့အတူ ကျွန်ုပ်တို့နဲ့ အဆုံးအထိ “အစဉ်မပြတ်ရှိ” နေမှာဖြစ်တယ်။—မ. ၂၈:၂၀

၁၉ တတိယ၊ စပါးအတန်းအစားက ဘယ်သူတွေလဲဆိုတာကို ပုံဥပမာက ကျွန်ုပ်တို့ကို ခွဲခြားသိရှိစေတယ်။ အဲဒီအချက်က ဘာကြောင့် အလွန်အရေးကြီးသလဲ။ အကြောင်းကတော့ နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်မှာ ယေရှုမေးခဲ့တဲ့ နောက်မေးခွန်းတစ်ခုရဲ့အဖြေကို သိချင်တယ်ဆိုရင် စပါးနဲ့တူတဲ့ ခရစ်ယာန်တွေဟာ ဘယ်သူတွေလဲဆိုတာ ကျွန်ုပ်တို့သိဖို့လိုတယ်။ ယေရှုက “သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း” လို့ မေးခဲ့တယ်။ (မ. ၂၄:၄၅) လာမယ့်ဆောင်းပါးနှစ်ခုမှာ အဲဒီမေးခွန်းရဲ့ ရှင်းလင်းတဲ့အဖြေကို ဖြေဆိုပေးပါလိမ့်မယ်။

 

^ စာပိုဒ်၊ 2 အပိုဒ် ၂– [၁] ပုံဥပမာရဲ့ တခြားအပိုင်းတွေရဲ့ အဓိပ္ပာယ်ကို သင်ပြန်သတိရဖို့အတွက် မတ် ၁၅၊ ၂၀၁၀ ကင်းမျှော်စင်မှာပါတဲ့ ‘ဖြောင့်မတ်သောသူတို့သည် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်’ ဆိုတဲ့ဆောင်းပါးကိုဖတ်ဖို့ ကျွန်ုပ်တို့ အားပေးပါတယ်။

^ စာပိုဒ်၊ 3 အပိုဒ် ၃– [၂] တမန်တော်တွေက သေဆုံးသွားပြီ၊ ကမ္ဘာပေါ်မှာ အသက်ရှင်နေဆဲဖြစ်တဲ့ ဘိသိက်ခံတွေကိုတော့ ပုံဥပမာမှာ စပါးအဖြစ် ဖော်ပြထားတယ်၊ ကျွန်တွေအဖြစ် မဖော်ပြထားဘူး။ ဒါကြောင့် ဒီပုံဥပမာမှာပါတဲ့ကျွန်တွေက ကောင်းကင်တမန်တွေကို ပုံဆောင်တယ်။ ပုံဥပမာရဲ့နောက်ပိုင်းမှာ ရိတ်သိမ်းသူတွေကို ကောင်းကင်တမန်တွေလို့ ဖော်ပြထားတယ်။—မ. ၁၃:၃၉

^ စာပိုဒ်၊ 6 အပိုဒ် ၆– [၃] ဒါက နားလည်မှုအသစ်ဖြစ်တယ်။ အရင်ကတော့ ယေရှုဟာ ဗိမာန်တော်ကို ၁၉၁၈ ခုနှစ်မှာ စစ်ဆေးတယ်လို့ ကျွန်ုပ်တို့ ယူဆခဲ့ကြတယ်။

^ စာပိုဒ်၊ 7 အပိုဒ် ၇– [၄] ၁၉၁၀ ခုနှစ်ကနေ ၁၉၁၄ ခုနှစ်အတွင်းမှာ ကျမ်းစာကျောင်းသားတွေဟာ စာအုပ် ၄,၀၀၀,၀၀၀ နီးပါးနဲ့ ဝေစာနဲ့ လက်ကမ်းစာစောင် ၂၀၀,၀၀၀,၀၀၀ ကျော် ဝေငှခဲ့ကြတယ်။

^ စာပိုဒ်၊ 14 အပိုဒ် ၁၄– [၅] ဒါက မဿဲ ၁၃:၄၂ ရဲ့ ရှင်းပြချက်အသစ်ဖြစ်တယ်။ အရင်ကတော့ ကျွန်ုပ်တို့ရဲ့စာပေတွေထဲမှာ “နိုင်ငံတော်သားများ” က ပေါင်းပင်တွေဟာ “ဆိုးညစ်သူ၏သားများ” ဖြစ်တယ်လို့ ဖော်ထုတ်လိုက်လို့ ခရစ်ယာန်အတုအယောင်တွေဟာ နှစ်ပေါင်းများစွာ “ငိုကြွေးခြင်း၊ အံကြိတ်ခံပြင်း” ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ (မ. ၁၃:၃၈) ဒါပေမဲ့ ကျမ်းစာမှာ ဖျက်ဆီးခံရတဲ့သူတွေအကြောင်း ပြောတဲ့အခါမှာ အံကြိတ်ခံပြင်းခြင်းကို အသုံးပြုတယ်။—ဆာ. ၁၁၂:၁၀

^ စာပိုဒ်၊ 16 အပိုဒ် ၁၆– [၆] “ထိုးထွင်းဉာဏ်ရှိတဲ့သူတွေ [ဘိသိက်ခံခရစ်ယာန်တွေ] က ကောင်းကင်ဟင်းလင်းပြင်လို ထွန်းလင်းတောက်ပနေလိမ့်မယ်” လို့ ဒံယေလ ၁၂:၃ (ကဘ) မှာ ဖော်ပြထားတယ်။ သူတို့တွေဟာ မြေကြီးပေါ်ရှိနေချိန်မှာ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ထွန်းလင်းတောက်ပကြတယ်။ ဒါပေမဲ့ မဿဲ ၁၃:၄၃ က အဲဒီလိုမပြောဘူး။ ကောင်းကင်နိုင်ငံတော်မှာ သူတို့ တောက်ပစွာထွန်းလင်းမယ့်အချိန်ကို ပြောနေတာဖြစ်တယ်။ အရင်တုန်းကတော့ ဒီကျမ်းချက်နှစ်ချက်စလုံးက ဟောပြောခြင်းလုပ်ငန်းအကြောင်းကိုပဲ ပြောတာလို့ ကျွန်ုပ်တို့ ယူဆခဲ့ကြတယ်။

^ စာပိုဒ်၊ 18 အပိုဒ် ၁၈– [၇] ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်၊ စာမျက်နှာ ၂၈၈-၂၈၉ ကိုကြည့်ပါ။