မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမ်ဝိညာဉ်ဘုံက ဘယ်သူတွေနဲ့ ဆက်သွယ် သင့်သလဲ

နာမ်ဝိညာဉ်ဘုံက ဘယ်သူတွေနဲ့ ဆက်သွယ် သင့်သလဲ

နာမ်ဝိညာဉ်ဘုံက ဘယ်သူတွေနဲ့ ဆက်သွယ် သင့်သလဲ

အတိုင်းအဆမဲ့တန်ခိုးရှင်  ဘုရားသခင်ဟာ  တခြားနာမ်ဝိညာဉ်သတ္တဝါတွေကို တာဝန်တချို့ အပ်နှင်းထားတယ်။ ဥပမာ၊ ဘုရားသခင်ဟာ ယေရှုခရစ်ကို ကမ္ဘာကိုအုပ်ချုပ်ဖို့တာ၀န်ပေးအပ်ထားပြီး သစ္စာတည်ကြည်တဲ့ ကောင်းကင်တမန်တွေကို သတင်းကောင်းကြေညာခြင်းမှာ ညွှန်ကြားဖို့ တာဝန်ပေးထားတယ်။ (ဗျာ. ၁၄:၆) ဒါပေမဲ့ ဆုတောင်းခြင်းကိစ္စမှာတော့ အဲဒီလိုမဟုတ်ဘူး။ ဘုရားသခင်ဟာ ဘယ်သူ့ကိုမှ ဆုတောင်းချက်တွေ နားထောင်တဲ့တာဝန် မပေးအပ်ထားဘူး။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ဆီကိုပဲ တိုက်ရိုက်ဆုတောင်းရမှာပါ။

ယေဟောဝါဘုရားသခင်ဟာ ‘ဆုတောင်းစကားကို နားထောင်’ တဲ့အရှင်ဖြစ်တယ်။ (ဆာလံ ၆၅:၂) ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေကို ကိုယ်တော်နားထောင်ပေးပြီး ဖြေကြားပေးတယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး တမန်တော်ယောဟန်က ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဆီ ဒီလိုစာရေးခဲ့တယ်– ‘အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် [ဘုရားသခင်] နားညောင်းတော်မူ၏။ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း သိထားလျှင် ကိုယ်တော်ထံ တောင်းလျှောက်ထားရာများကို ရမည်ဟု ငါတို့သိကြ၏။’—၁ ယောဟန် ၅:၁၄၊ ၁၅

သစ္စာတည်ကြည်တဲ့ ကောင်းကင်တမန်တွေဟာ သူတို့နဲ့အဆက်အသွယ်လုပ်ဖို့ ဒါမှမဟုတ် သူတို့ဆီဆုတောင်းဖို့ အလိုမရှိကြဘူး။ သူတို့ဟာ ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်အစီအစဉ်ကို နားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြတယ်။ တစ်ခါတလေ သူတို့လည်းဆုတောင်းခြင်းမှာ  တိုက်ရိုက်ပါဝင်ပတ်သက်ကြတယ်။ ဘယ်လိုပတ်သက်ကြသလဲ။ ပရောဖက်ဒံယေလဟာ လူသူကင်းမဲ့နေတဲ့ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းတဲ့အခါ ဘုရားသခင်ဟာ ဒံယေလကိုအားပေးဖို့ ကောင်းကင်တမန် ဂါဗြေလကို စေလွှတ်ခြင်းအားဖြင့် ဆုတောင်းချက်ကို အဖြေပေးခဲ့တယ်။—ဒံယေလ ၉:၃၊ ၂၀-၂၂

သေလွန်သူတွေဆီကလာတဲ့ သတင်းစကားတွေလား

သေလွန်သူတွေနဲ့ဆက်သွယ်ဖို့  ကြိုးစားသင့်သလား။  လူတွေဟာ သေသွားတဲ့သူတွေရဲ့ ဝိညာဉ်နဲ့စကားပြောဆိုခဲ့ကြတယ်လို့ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိတယ်။ ဥပမာ၊ အိုင်ယာလန်နိုင်ငံက အမျိုးသမီးတစ်ယောက်ကို နတ်ဝင်သည်တစ်ယောက် လာဆက်သွယ်တယ်။ မနေ့ညက အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ ဖရက်ဒ်နဲ့ စကားပြောခဲ့တယ်လို့ သူကပြောပြတယ်။ တကယ်တော့ ဖရက်ဒ်ဟာ လွန်ခဲ့တဲ့အပတ်အနည်းငယ်က သေဆုံးသွားခဲ့ပါပြီ။ ဇနီးသည်တစ်ယောက်ပဲ သိထားတဲ့ အကြောင်းအရာတွေကို ကွယ်လွန်သူဖရက်ဒ်က မိမိကို ပြောပြခဲ့တယ်ဆိုပြီး အဲဒီနတ်ဝင်သည်က ဆက်ပြောပြတယ်။ ဖရက်ဒ်ဟာ နာမ်ဝိညာဉ်ဘုံမှာ အသက်ရှင်နေသေးတယ်၊  အဲဒီနတ်ဝင်သည်ကနေတစ်ဆင့် မိမိနဲ့ဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုပြီး ဇနီးသည်က လွယ်လွယ်နဲ့ လက်ခံသွားနိုင်တယ်။ ဒါပေမဲ့ အဲလိုလက်ခံလိုက်မယ်ဆိုရင် လူသေတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း  ဖော်ပြထားတဲ့ သမ္မာကျမ်းစာအဆိုနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။—အောက်မှာဖော်ပြထားတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

အဲလိုဖြစ်ရပ်မျိုးနဲ့ဆင်တူတဲ့  တခြားဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုရှင်းပြမလဲ။ လူတွေကိုလှည့်ဖြားဖို့ နတ်ဆိုးတွေ ကြိုးစားနေတဲ့ နည်းတစ်နည်းက ဖရက်ဒ်ကိစ္စမှာလိုပဲ သေလွန်သူတွေရဲ့အယောင်ကိုဆောင်ခြင်း ဖြစ်တယ်။ နတ်ဆိုးတွေရဲ့ ရည်ရွယ်ချက်က  ဘာလဲ။ လူတွေ သမ္မာကျမ်းစာသွန်သင်ချက်တွေကို လက်မခံအောင်၊  ယေဟောဝါဘုရားသခင်အပေါ်  ယုံကြည်ကိုးစားမှု လျော့နည်းသွားအောင် လုပ်ဖို့ဖြစ်တယ်။ စာတန်နဲ့ နတ်ဆိုးတွေဟာ “တန်ခိုးပြသည့်အလုပ်အမျိုးမျိုး၊ မုသာနှင့်ဆိုင်သော အတိတ်နိမိတ်နှင့် လက္ခဏာအမျိုးမျိုး၊ မတရားသော လှည့်ဖြားမှုအမျိုးမျိုး” တို့နဲ့ လူတွေ လမ်းလွဲသွားအောင် ပြုလုပ်နေကြတယ်။—၂ သက်သာလောနိတ် ၂:၉၊ ၁၀

သေချာတာကတော့ နတ်ဝင်သည်တွေ၊ သူတို့နဲ့ပတ်သက်နေသူတွေ ရှိတယ်ဆိုတာပါပဲ။ သေလွန်သူတွေနဲ့ မိမိတို့အဆက်အသွယ်လုပ်နေတယ်လို့ နတ်ဝင်သည်တွေက ယုံကြည်ထားကြတာ။ နတ်ဝင်သည်တွေဟာ တစ်စုံတစ်ယောက်နဲ့ တကယ် ဆက်သွယ်နေမယ်ဆိုရင် သူတို့ဟာ ယေဟောဝါဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်တဲ့ နာမ်ဝိညာဉ်သတ္တဝါနဲ့ ဆက်သွယ်နေတာပဲဖြစ်ရမယ်။ အဲဒီလိုပဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေတယ်လို့ ထင်ပေမဲ့ လမ်းလွဲနေတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက ဒီလိုပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်– “လူမျိုးခြားတို့ ပူဇော်သောယဇ်သည် ဘုရားသခင်အား ပူဇော်ခြင်းမဟုတ်။ နတ်ဆိုးတို့ကို ပူဇော်ခြင်းဖြစ်၏။”—၁ ကောရိန္သု ၁၀:၂၀၊ ၂၁

ကျွန်ုပ်တို့ကိုချစ်ပြီး ဂရုစိုက်တဲ့ အကြီးမြတ်ဆုံးအရှင်ဆီ ဆုတောင်းနိုင်တယ်လို့ သိထားတယ်ဆိုရင် ဘာကြောင့် တခြားတစ်ယောက်ဆီ ဆုတောင်းချင်ရတာလဲ။ ဒါထက် သမ္မာကျမ်းစာက ဒီလိုအာမခံထားတယ်– ‘ထာဝရဘုရားသခင်သည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။’—၂ ရာဇဝင်ချုပ် ၁၆:၉

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့ကိုချစ်ပြီး ဂရုစိုက်တဲ့ အကြီးမြတ်ဆုံးအရှင်ဆီ ဆုတောင်း နိုင်တယ်လို့ သိထားတယ်ဆိုရင် ဘာကြောင့် တခြားတစ်ယောက်ဆီ ဆုတောင်းချင်ရတာလဲ

[စာမျက်နှာ ၈၊ ၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

မှန်သလား၊ မှားသလား

စာတန် တကယ်ရှိတယ်– မှန်တယ်

“စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။”—၂ ကောရိန္သု ၁၁:၁၄

‘သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ သင်တို့၏ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကိုမျိုရန် လှည့်လည်ရှာဖွေလျက်ရှိ၏။’ —၁ ပေတရု ၅:၈

‘အပြစ်ကို ပြုလေ့ရှိသူမူကား စာတန်နှင့်စပ်ဆိုင်၏။ အကြောင်းမှာ စာတန်သည် အစအဦးကပင် အပြစ်ပြုလေ့ ရှိ၏။’—၁ ယောဟန် ၃:၈

‘သို့ဖြစ်၍ ဘုရားသခင်ကို လက်အောက်ခံကြလော့။ စာတန်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ ထံမှ ထွက်သွားလိမ့်မည်။’—ယာကုပ် ၄:၇

‘စာတန်သည် ရှေးဦးစွာမှစ၍ လူ့အသက်ကို သတ်သောသူဖြစ်၏။ သူ၌ အမှန်တရားမရှိသောကြောင့် အမှန်တရား၌ မတည်မနေ။ သူသည် လိမ်လည်သောစကားကိုပြောသောအခါ မိမိ၏စိတ်ရင်းအတိုင်း ပြောတတ်၏။ အကြောင်းမူကား သူသည် လိမ်လည်သူဖြစ်၏။ လိမ်လည်ခြင်း၏အဖလည်းဖြစ်၏။’—ယောဟန် ၈:၄၄

လူသေအားလုံး နာမ်ဝိညာဉ်ဘုံမှာ အသက်ရှင်နေတယ်– မှားတယ်

“သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော် မူ၏။”—ကမ္ဘာဦး ၃:၁၉

“အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။”—ဒေ. ၉:၅

“ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင် ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ [သင်္ချိုင်း] ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—ဒေ. ၉:၁၀

“သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”—ဆာလံ ၁၄၆:၄

လူသားတွေကို သစ္စာတည်ကြည်တဲ့ ကောင်းကင်တမန်တွေ ကြည့်ရှုစောင့်ရှောက်နေတယ်– မှန်တယ်

‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏။’—ဆာလံ ၃၄:၇; ၉၁:၁၁

“ကောင်းကင်တမန်များသည် ကယ်တင်ခြင်းရမည့်သူတို့အတွက် အမှုထမ်းရန် စေလွှတ်ခံရသော နာမ်ဝိညာဉ်သတ္တဝါများ ဖြစ်သည်မဟုတ်လော။”—ဟေဗြဲ ၁:၁၄

‘ကောင်းကင်အလယ်တွင် အခြားကောင်းကင်တမန်တစ်ဦး ပျံဝဲနေသည်ကို ငါမြင်၏။ မြေကြီးပေါ်တွင်နေထိုင်သော သူတို့အားလည်းကောင်း၊ လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား၊ လူစုအသီးသီးတို့အားလည်းကောင်း ဝမ်းမြောက်ဖွယ်သတင်းအဖြစ် ကြေညာရန် ထာဝရသတင်းကောင်း သူ၌ရှိ၏။ သူက “ဘုရားသခင်အားကြောက်ရွံ့၍ ထည်ဝါသော. . . ကို ချီးမွမ်းကြလော့” ဟုကျယ်သောအသံဖြင့် မြွက်ဆို၏။’—ဗျာ. ၁၄:၆၊ ၇

ယေရှုဟာ ဘုရားသခင်နဲ့တန်းတူဖြစ်တယ်– မှားတယ်

“ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်ကြောင်း၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်ကြောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏။”—၁ ကောရိန္သု ၁၁:၃

“အရာခပ်သိမ်းကို သားတော်အောက်၌ ချထားတော်မူပြီးနောက် အရာခပ်သိမ်းကို ချထားတော်မူသောအရှင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံတော်မူလိမ့်မည်။ ထိုအခါ ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်တော်မူမည်။”—၁ ကောရိန္သု ၁၅:၂၈

“ငါအမှန်အကန်ဆိုသည်ကား၊ သားတော်သည် ခမည်းတော်ပြုတော်မူသည်ကို မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။”—ယောဟန် ၅:၁၉