မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း

ဘုရားသခင်က လူတွေကို မီးငရဲမှာ အပြစ်ပေးသလား

ဘုရားသခင်က လူတွေကို မီးငရဲမှာ အပြစ်ပေးသလား

ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးရတာကို နှစ်သက်ကြပါတယ်။ သင် သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက် ဒါမှမဟုတ် ဘာသာရေးဓလေ့ ထုံးစံ တစ်ခုခုကို သင် မသိချင်ဘူးလား။ သိချင်တယ်ဆိုရင် သူတို့နဲ့ ထပ်တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က ဝမ်းသာအားရ ပြောပြကြမှာပါ။

အခု ဖော်ပြမယ့်ဆွေးနွေးခန်းက သက်သေခံတစ်ယောက်နဲ့ ခရစ်ယာန်အိမ်ရှင်တစ်ယောက်ရဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို ဦးခင်စိုး၊ ခရစ်ယာန်အိမ်ရှင်ရဲ့ နာမည်ကိုတော့ ဦးထွန်းမြင့်လို့ ဆိုကြပါစို့။

ဘုရားသခင်က လူဆိုးတွေကို အပြစ်ပေးမှာလား

ဦးခင်စိုး– ဦးထွန်းမြင့်နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။

ဦးထွန်းမြင့်– ကျွန်တော်လည်း ဝမ်းသာပါတယ်။

ဦးခင်စိုး– ပြီးခဲ့တဲ့အခေါက်က ခင်ဗျားပြောခဲ့တဲ့ အကြောင်းအရာကို မှတ်မိသေးသလား။

ဦးထွန်းမြင့်– ဘာများလဲ၊ ဦးခင်စိုး။

ဦးခင်စိုး– ယေဟောဝါသက်သေတွေက မီးငရဲရှိတယ်ဆိုတာကို မယုံဘူးလို့ သိလိုက်ရတော့၊ ခင်ဗျား တော်တော် အံ့သြသွားတယ်ဆိုတဲ့ အကြောင်းလေ။

ဦးထွန်းမြင့်– အော်၊ မှတ်မိပြီ။ အေးဗျာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ခင်ဗျားတို့ ယေဟောဝါသက်သေတွေ မီးငရဲရှိတယ်ဆိုတာကို မယုံဘူးလို့ သိလိုက်ရတော့၊ တော်တော် လက်ခံရခက်တယ်ဗျ။

ဦးခင်စိုး– အဲဒီလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မီးငရဲနဲ့ပတ်သက်ပြီး လူတွေက အမျိုးမျိုး ပြောနေတော့ တခြားသူတွေ ဘယ်လိုထင်သလဲဆိုတာ ကျွန်တော် သိချင်တယ်။ ခင်ဗျားကော၊ မီးငရဲနဲ့ပတ်သက်ပြီး ဘယ်လိုယုံကြည်ထားသလဲ။

ဦးထွန်းမြင့်– အင်း . . . လူဆိုးတွေက သေပြီးရင် ငရဲမှာ ထာဝစဉ် ညှဉ်းဆဲခံရတယ်လို့ ကျွန်တော် ယုံကြည်တယ်။

ဦးခင်စိုး– ဒါက လူအများ ယုံကြည်နေတဲ့အချက်ပဲ။ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ။ ခင်ဗျားရဲ့ဘဝမှာ ဝမ်းနည်းစရာအဖြစ်ဆိုးတွေ ကြုံဖူးသလား။

ဦးထွန်းမြင့်– ကြုံဖူးတာပေါ့။ လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်အစ်မ အသတ်ခံခဲ့ရတယ်။

ဦးခင်စိုး– ကျွန်တော် တကယ်စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား၊ အစ်မကို သတိရနေမှာပေါ့။

ဦးထွန်းမြင့်– ဟုတ်တယ်ဗျ။ ကျွန်တော် နေ့တိုင်း သတိရနေတယ်။

ဦးခင်စိုး– လူတချို့က လူဆိုးတွေရဲ့ လုပ်ရပ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့အတွက် လူဆိုးတွေကို ပြန်ပြီး မီးငရဲမှာ ညှဉ်းဆဲခံစေချင်တဲ့ဆန္ဒ ပြင်းပြကြတာကို ကျွန်တော် သတိပြုမိတယ်။

ဦးထွန်းမြင့်– မှန်လိုက်လေဗျာ။ အဲဒီလူသတ်သမားကို ကျွန်တော်တို့မိသားစု ခံစားခဲ့ရသလိုမျိုး ပြန်ခံစားစေချင်တယ်။

ဦးခင်စိုး– ဒီလိုခံစားချက်တွေက ဖြစ်တတ်ပါတယ်။ ဘုရားသခင်လည်းပဲ လူဆိုးတွေကြောင့် အပြစ်မဲ့တဲ့သူတွေ ဒုက္ခရောက်တဲ့အခါမှာ ဒေါသထွက်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ပြီးတော့ လူဆိုးတွေကို အပြစ်ပေးမယ်လို့လည်း ကတိပေးထားတယ်။ ဟေရှာယ ၃:၁၁ မှာ ဒီလိုဖော်ပြထားတယ်– “မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား သူကျင့်သောအကျင့်တို့၏ အပြစ်ကို သူ၌ဆပ်ပေးရလိမ့်မည်။” ဒါကြောင့် လူဆိုးတွေကို ဘုရားသခင် အပြစ်ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။

ဦးထွန်းမြင့်– ဒါပေမဲ့၊ ခင်ဗျားပြောသလို မီးငရဲမရှိဘူးဆိုရင် ဘယ်လိုလုပ် အပြစ်ပေးနိုင်မှာလဲ။

ဦးခင်စိုး– ဒါ မေးသင့်တဲ့ မေးခွန်းပါပဲ။ လိုရင်းပြောရရင်တော့ ဘုရားသခင်က လူဆိုးတွေကို ထာဝရပျက်စီးခြင်းနဲ့ အပြစ်ပေးမှာဖြစ်တယ်။ ၂ သက်သာလောနိတ် ၁:၉ မှာဖော်ပြထားတာကို ဖတ်ကြည့်ရအောင်။ ကျေးဇူးပြုပြီး ဖတ်ပေးနိုင်မလား။

ဦးထွန်းမြင့်– ရပါတယ်။ ‘ထိုသူတို့သည် ထာဝရပျက်စီးခြင်း အပြစ်ဒဏ်စီရင်ချက်ကို ခံရကြလိမ့်မည်။’

ဦးခင်စိုး– အခုဖတ်သွားတဲ့ ကျမ်းချက်အရ၊ ဘုရားသခင်က လူဆိုးတွေကို ထာဝရသေခြင်းနဲ့ အပြစ်ပေးမှာဖြစ်လို့ သူတို့အတွက် ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ဟာ အနာဂတ်မှာ အသက်ပြန်ရှင်ခွင့်ရကြမှာ မဟုတ်ဘူး။

ဦးထွန်းမြင့်– ကျမ်းချက်ရဲ့ ဆိုလိုရင်းကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့၊ တရားမျှတမှု မရှိဘူးထင်တယ်။ လူအားလုံးက သေကြမှာပဲ။ လူဆိုးတွေအတွက် ဒီထက်ဆိုးတဲ့ အပြစ်ဒဏ်မရှိဘူးလား။

တရားမျှတမှုဆိုတာ ဘာလဲ

ဦးခင်စိုး– ခင်ဗျားက တရားမျှတမှုကို တော်တော်လေး ချစ်မြတ်နိုးတဲ့သူပဲ။

ဦးထွန်းမြင့်– ဟုတ်ကဲ့။ ကျွန်တော် တရားမျှတမှုကို သိပ်မြတ်နိုးပါတယ်။

ဦးခင်စိုး– ဒီအတွက် ခင်ဗျားကို ကျွန်တော် လေးစားပါတယ်။ တကယ်တော့ လူတွေကို ဘုရားသခင် ဖန်ဆင်းတုန်းက အမှားနဲ့အမှန်ကို ပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ် ထည့်ထားပေးခဲ့တယ်။ ဘုရားသခင်ကလည်း တရားမျှတမှုနဲ့ ပတ်သက်လာရင် အရမ်းကို အလေးအနက်ထားတယ်။ ဒါပေမဲ့ လူတွေကို မီးငရဲမှာ ဘုရားသခင် အပြစ်ပေးတယ်လို့ ဘာသာရေးခေါင်းဆောင်တွေ သွန်သင်ပေးတာက တကယ်ဆိုရင် ဘုရားသခင်ကို တရားမမျှတတဲ့အရှင်အဖြစ် သူတို့ပုံဖော်လိုက်တာပဲ။

ဦးထွန်းမြင့်– ခင်ဗျား ဘာကို ဆိုလိုတာလဲ။

ဦးခင်စိုး– ကောင်းပြီ။ ကျွန်တော် ဥပမာတစ်ခု ပြောပြမယ်။ အာဒံနဲ့ဧဝတို့ရဲ့အကြောင်းကို ခင်ဗျား သိမှာပေါ့။

ဦးထွန်းမြင့်– ဟာ၊ သိတာပေါ့။ ဘုရားသခင်က အပင်တစ်ပင်ရဲ့အသီးကို မစားဖို့ သူတို့ကို တားမြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ နားမထောင်ခဲ့ကြဘူး။

ဦးခင်စိုး– မှန်ပါတယ်။ ကမ္ဘာဦး ၂:၁၆၊ ၁၇ မှာပါတဲ့ အကြောင်းကို ဖတ်ကြည့်ရအောင်။ “ထာဝရအရှင် ဘုရားသခင်ကလည်း ‘ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်’ ဟု လူကို ပညတ်ထားတော်မူ၏။” တားမြစ်ထားတဲ့အသီးကို အာဒံ စားလိုက်မယ်ဆိုရင် ဘာဖြစ်သွားမယ်လို့ ဘုရားသခင် ပြောသလဲ။

ဦးထွန်းမြင့်– သေမယ်လို့ ဘုရားသခင် ပြောတယ်။

ဦးခင်စိုး– မှန်တယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ လူသားမျိုးနွယ်တစ်ရပ်လုံးဟာ အာဒံရဲ့အပြစ်ကြောင့် အပြစ်သားတွေအဖြစ် မွေးဖွားလာကြတယ်။ * ဒါပေမဲ့၊ ဒီနေရာမှာ ဘုရားသခင်က မီးငရဲမှာ အပြစ်ပေးမယ်ဆိုပြီး ပြောခဲ့လို့လား။

ဦးထွန်းမြင့်– မပြောခဲ့ဘူး။

ဦးခင်စိုး– အာဒံနဲ့ဧဝဟာ မီးငရဲမှာ ထာဝစဉ် ညှဉ်းဆဲခံရမယ့်အန္တရာယ်ထဲ ကျရောက်နိုင်တယ်ဆိုရင် သူတို့ကို ဘုရားသခင် ကြိုသတိပေးသင့်တာပေါ့။ အဲဒီလိုကြိုသတိပေးမှ တရားမျှတပြီး မေတ္တာရှိရာကျမှာပေါ့။

ဦးထွန်းမြင့်– ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။

ဦးခင်စိုး– အာဒံနဲ့ဧဝ အပြစ်ပြုပြီးတဲ့နောက် သူတို့ကို ဘုရားသခင် ဘာပြောသလဲဆိုတာ ကြည့်ရအောင်။ ကျေးဇူးပြုပြီး ကမ္ဘာဦး ၃:၁၉ ကို ခင်ဗျား ဖတ်ပေးနိုင်မလား။

ဦးထွန်းမြင့်– ကောင်းပါပြီ။ “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။”

ဦးခင်စိုး– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်အရ၊ အာဒံ သေဆုံးပြီးတဲ့နောက် သူ ဘယ်ကိုရောက်သွားသလဲ။

ဦးထွန်းမြင့်– အာဒံဟာ မြေမှုန့်ပြန်ဖြစ်သွားမယ်လို့ ဘုရားသခင်ပြောတယ်။

ဦးခင်စိုး– အတိအကျပဲ။ လူတစ်ယောက်ဟာ နေရာတစ်နေရာကို ပြန်တော့မယ်ဆိုတာက အဲဒီနေရာမှာ သူ အရင်က နေခဲ့ဖူးလို့ပဲ မဟုတ်ဘူးလား။

ဦးထွန်းမြင့်– သိပ်ဟုတ်တာပေါ့။

ဦးခင်စိုး– အာဒံကို ဘုရားသခင် မဖန်ဆင်းခင်တုန်းက သူ ဘယ်မှာရှိခဲ့သလဲ။

ဦးထွန်းမြင့်– ဘယ်မှာမှ မရှိခဲ့ဘူး။

ဦးခင်စိုး– မှန်ပါတယ်။ ဘုရားသခင့်တရားစီရင်ချက်ထဲမှာ မီးငရဲအကြောင်း မပါဘူးဆိုတာ ခင်ဗျား သတိပြုမိမှာပါ။ ဘုရားသခင်က အာဒံကို အရင်နေရာဖြစ်တဲ့ မြေမှုန့်ကို ပြန်သွားပါလို့ ပြောတာက မီးငရဲကို သွားခိုင်းနေတာဖြစ်တယ်ဆိုရင် တရားမျှတရာကျပါ့မလား။

ဦးထွန်းမြင့်– ဘယ်တရားမျှတပါ့မလဲ။

ဘုရားသခင့်အလိုတော်ကို မာရ်နတ် လုပ်ဆောင်ပါသလား

ဦးခင်စိုး– မီးငရဲသွန်သင်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စဉ်းစားရမယ့် နောက်အချက်တစ်ချက် ရှိသေးတယ်။

ဦးထွန်းမြင့်– ဘာများလဲ။

ဦးခင်စိုး– ငရဲမင်းက ဘယ်သူလို့ လူတွေ ပြောတတ်ကြသလဲ။ ငရဲမှာရှိတဲ့သူတွေကို ဘယ်သူက အပြစ်ပေးမှာလဲ။

ဦးထွန်းမြင့်– မာရ်နတ်ပေါ့။

ဦးခင်စိုး– ဒါပေမဲ့ မာရ်နတ်က ဘုရားသခင်ရဲ့ အဆိုးဆုံးရန်သူလေ။ ဘုရားသခင်က မာရ်နတ်ကို မီးငရဲမှာရှိတဲ့သူတွေကို ညှဉ်းဆဲခိုင်းတယ်ဆိုရင် ဘုရားသခင်နဲ့ မာရ်နတ်က ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ သဘောမသက်ရောက်သွားဘူးလား။

ဦးထွန်းမြင့်– အင် . . . ကျွန်တော် တစ်ခါမှ အဲဒီလို မစဉ်းစားဖူးဘူး။

ဦးခင်စိုး– ဒီအချက်ကို နားလည်အောင် ဥပမာတစ်ခု ပေးချင်တယ်။ ခင်ဗျားက ဖခင်တစ်ယောက်၊ ဟုတ်တယ်နော်။

ဦးထွန်းမြင့်– ဟုတ်တယ်။ ကျွန်တော့်မှာ သားတစ်ယောက်ရှိတယ်။ သူက အခု ၁၅ နှစ်ထဲမှာ။

ဦးခင်စိုး– ခင်ဗျားရဲ့သားက တော်တော့်ကို ဆိုးလာတယ်လို့ ဆိုပါစို့။ ခင်ဗျားကို စိတ်ထိခိုက်စေတဲ့ လုပ်ရပ်တွေကို သူလုပ်လာတယ်။ အဲဒီလိုဆိုရင် ခင်ဗျား သူ့ကို ဘယ်လိုလုပ်မလဲ။

ဦးထွန်းမြင့်– သူလိမ္မာလာအောင် ကြိုးစားပြီး ဆုံးမမှာပေါ့။

ဦးခင်စိုး– သူလမ်းမှန်ပေါ်ရောက်အောင် ကူညီပေးဖို့ ခင်ဗျား အကြိမ်ကြိမ် ကြိုးစားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ဦးထွန်းမြင့်– ဒါပေါ့။

ဦးခင်စိုး– ခင်ဗျား ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ခင်ဗျားပြောတာတွေကို သူက နားမထောင်ဘူးဆိုရင်ကော။ နောက်ဆုံးတော့ သူ့ကို တစ်နည်းနည်းနဲ့ အပြစ်ပေးမှ ဖြစ်တော့မယ်လို့ ခင်ဗျား ခံစားလာနိုင်တယ်။

ဦးထွန်းမြင့်– ဟုတ်ပါတယ်။

ဦးခင်စိုး– တကယ်လို့ လူဆိုးတစ်ယောက်က ခင်ဗျားရဲ့သားကို မကောင်းမှုတွေလုပ်ဖို့ နောက်ကွယ်ကနေ ခိုင်းနေတယ်ဆိုတာ ခင်ဗျား သိသွားပြီဆိုရင်ကော။

ဦးထွန်းမြင့်– အဲဒီလူဆိုးကို ကျွန်တော် ဒေါသထွက်မှာပေါ့။

ဦးခင်စိုး– ဟုတ်ပြီ၊ ကျွန်တော်ဆိုလိုချင်တာ အဲဒါပဲ။ အဲဒီအကျင့်ပျက်လူဆိုးက ခင်ဗျားရဲ့သား ဆိုးသွမ်းလာအောင် နောက်ကွယ်ကနေ ခိုင်းနေတာကို ခင်ဗျား သိသိကြီးနဲ့ သူ့ဆီသွားပြီး ခင်ဗျားရဲ့သားကို အပြစ်ပေးခိုင်းမှာလား။

ဦးထွန်းမြင့်– ဘာလို့ အပြစ်ပေးခိုင်းရမှာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ။

ဦးခင်စိုး– အဲဒီလိုပါပဲ၊ စာတန်မာရ်နတ်က လူတွေကို ဆိုးသွမ်းလာအောင် နောက်ကွယ်ကနေ ခိုင်းနေတာကို ဘုရားသခင်က သိသိကြီးနဲ့ လူဆိုးတွေကို အပြစ်ပေးဖို့ သူ့ကိုခိုင်းမယ်ဆိုရင် ယုတ္တိရှိပါ့မလား။

ဦးထွန်းမြင့်– ဘယ်ယုတ္တိရှိပါ့မလဲ။

ဦးခင်စိုး– တစ်ဖက်ကပြန်ကြည့်ရင်၊ ဘုရားသခင်က လူဆိုးတွေကို အပြစ်ပေးချင်တယ်ပဲ ထားဦးတော့၊ ဘုရားသခင့်မဟာရန်သူကြီး မာရ်နတ်က ဘာကြောင့် ဘုရားသခင့်အလိုတော်ကိုလိုက်ပြီး လူဆိုးတွေကို ညှဉ်းဆဲရမှာလဲ။

ဦးထွန်းမြင့်– ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မစဉ်းစားမိဘူး။

ဆိုးသွမ်းမှုအားလုံးကို ယေဟောဝါဘုရားသခင် အဆုံးတိုင်စေတော့မယ်

ဦးခင်စိုး– ခေါင်းမာတဲ့ လူဆိုးတွေကို ဘုရားသခင် အရေးယူတော့မယ်။ ဒီအချက်ကို ပိုရှင်းသွားအောင်၊ နောက်ဆုံးအနေနဲ့ ကျမ်းချက်တစ်ချက် ဖတ်ကြည့်ရအောင်။ အဲဒါကတော့ ဆာလံ ၃၇:၉ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဖတ်ပေးနိုင်မလား။

ဦးထွန်းမြင့်– ကောင်းပြီ။ ‘ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားသခင်ကို မျှော်လင့်သောသူတို့မူကား ပြည်တော်ကို အမွေခံရကြလိမ့်မည်။’

ဦးခင်စိုး– ကျေးဇူးတင်ပါတယ်။ ပြစ်မှားသူတွေဖြစ်တဲ့ လူဆိုးတွေကို ယေဟောဝါဘုရားသခင် ဘာလုပ်တော့မလဲ။

ဦးထွန်းမြင့်– ကျမ်းချက်ထဲမှာ ဘုရားသခင်က သူတို့ကို ပယ်ရှင်းတော့မယ်လို့ ပြောထားတယ်။

ဦးခင်စိုး– မှန်ပါတယ်။ နောက်တစ်နည်းနဲ့ပြောရရင် ဘုရားသခင်က သူတို့ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်တော့မယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ကို မျှော်လင့်ကြတဲ့ လူကောင်းတွေကတော့ ဒီကမ္ဘာပေါ်မှာ ထာဝစဉ် ပျော်ရွှင်စွာ အသက်ရှင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့စိတ်ထဲမှာ မေးစရာမေးခွန်း တချို့ရှိမှာပဲ။ ဥပမာ၊ ဘုရားသခင်က ဘာဖြစ်လို့ အစကတည်းကနေ လူတွေကို မကောင်းမှုတွေမလုပ်ဖို့ မတားဆီးခဲ့တာလဲ။ တကယ်လို့ ဘုရားသခင်က လူဆိုးတွေကို အပြစ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုရင် ဘာဖြစ်လို့ အပြစ်မပေးသေးတာလဲ။

ဦးထွန်းမြင့်– စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

ဦးခင်စိုး– နောက်တစ်ခါ ကျွန်တော်တို့တွေ့တဲ့အခါ ကျမ်းစာထဲမှာ အဖြေတွေ ရှာကြမယ်။ *

ဦးထွန်းမြင့်– ကျွန်တော်လည်း သိချင်ပါတယ်။

^ အပိုဒ်၊ 79 ထပ်သိချင်တယ်ဆိုရင်၊ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁၁ ကိုကြည့်ပါ။