မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

“ကျွန်တော့်ရဲ့ အပြုအမူက ကြမ်းတယ်”

“ကျွန်တော့်ရဲ့ အပြုအမူက ကြမ်းတယ်”
  • မွေးဖွားတဲ့နှစ်– ၁၉၆၀

  • နေရင်းနိုင်ငံ– ဖင်လန်

  • နောက်ခံ– ဟဲဗီးမက်တယ် အဆိုတော်

အတိတ်–

တာရ်ခူလို့ခေါ်တဲ့ ဆိပ်ကမ်းမြို့က အလုပ်သမားလူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်မှာ ကျွန်တော် ကြီးပြင်းလာတာပါ။ အဖေက လက်ဝှေ့ချန်ပီယံဖြစ်တဲ့အတွက် ကျွန်တော့်ညီနဲ့ ကျွန်တော်လည်း လက်ဝှေ့ထိုးတတ်လာတယ်။ ကျောင်းမှာဆိုရင် ကျောင်းသားတွေကို စိန်ခေါ်ပြီး ရန်ဖြစ်တယ်။ ရန်ဖြစ်တဲ့အခါ ကျွန်တော့်လက်သီးစွမ်းကို ပြဖို့ ဝန်မလေးဘူး။ ဆယ်ကျော်သက်အရွယ်မှာ နာမည်ကြီး လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပေါင်းမိပြီး ကြောက်စရာကောင်းတဲ့ ရန်ပွဲတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်။ ဒါ့အပြင် ဟဲဗီးမက်တယ် တေးဂီတကိုလည်း နှစ်သက်လာတဲ့အတွက် နာမည်ကြီး ရော့ခ်အဆိုတော် ဖြစ်ချင်လာတယ်။

ဒါနဲ့ ကျွန်တော် ဒရမ်ဆက်တစ်စုံ ဝယ်လိုက်တယ်။ ပြီးတော့ တီးဝိုင်းထောင်လိုက်တယ်။ မကြာခင်မှာပဲ ကျွန်တော်ဟာ တီးဝိုင်းရဲ့ပင်တိုင်အဆိုတော် ဖြစ်လာတယ်။ စင်ပေါ်မှာ စည်းလွတ်ဝါးလွတ် ခုန်ပေါက်ပြီး ဖျော်ဖြေရတာကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော်တို့ အဖွဲ့သားတွေရဲ့ ခပ်မိုက်မိုက်၊ ခပ်ကြမ်းကြမ်းပုံစံကြောင့် တဖြည်းဖြည်းနဲ့ လူသိများလာတယ်။ ဒါနဲ့ ပွဲကြီးတွေမှာ ဖျော်ဖြေတင်ဆက်ခွင့်ရခဲ့တယ်။ ပြီးတော့ သီချင်းတချို့ကို အသံသွင်းခဲ့ကြတယ်။ နောက်ဆုံးတစ်ခေါက် သွင်းထားတဲ့ သီချင်းတွေဆိုရင် ချီးမွမ်းခံရတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်တို့ရဲ့ တီးဝိုင်းကို လူသိများဖို့အတွက် အမေရိကန်နိုင်ငံကို ခရီးထွက်ခဲ့တယ်။ နယူးယောက်မြို့နဲ့ လော့စ်အိန်ဂျလစ်မြို့မှာ ဖျော်ဖြေခဲ့တယ်။ ဒီလိုနဲ့ ဖင်လန်နိုင်ငံကို မပြန်ခင် ဂီတလောကသားတချို့နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။

တီးဝိုင်းနဲ့အတူ ဖျော်ဖြေရတာကို ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ဘဝကို ကျွန်တော် တောင့်တမိတယ်။ ဂီတလောကမှာ အပြိုင်အဆိုင်တွေ၊ ရန်လိုမှုတွေကို တွေ့ရတော့ စိတ်ပျက်မိတယ်။ ပေါ့ပျက်ပျက်နိုင်တဲ့ ကျွန်တော့်ရဲ့ဘဝပုံစံကိုလည်း သဘောမကျဘူး။ ကျွန်တော်က လူမိုက်ဆိုတော့ မီးငရဲမှာ ဒဏ်ပေးခံမှာကို ကြောက်လာတယ်။ ဒါနဲ့ ဘာသာရေးစာအုပ်အမျိုးမျိုး ဝယ်ဖတ်ပြီး အဖြေရှာတယ်။ ဘုရားသခင်ရဲ့စိတ်တော်နဲ့ ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ဘူးလို့ ခံစားရပေမဲ့လည်း အကူအညီရဖို့ အပြင်းအထန် ဆုတောင်းခဲ့တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–

ကျွန်တော်ဟာ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ စာတိုက်မှာ အလုပ်လုပ်တယ်။ တစ်ရက်မှာ ကျွန်တော့်အလုပ်ဖော်တစ်ယောက်က ယေဟောဝါသက်သေ ခရစ်ယာန်ဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ သူ့ကို မေးခွန်းတွေ တရစပ်မေးခဲ့တယ်။ သူက ကျမ်းစာကို အသုံးပြုပြီး ယုတ္တိရှိရှိ ဖြေဆိုပေးတော့ ကျွန်တော် စိတ်ဝင်စားသွားတယ်။ ဒါနဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ အပတ်အနည်းငယ် လေ့လာပြီးတဲ့နောက်မှာ ကျွန်တော်တို့ တီးဝိုင်းအဖွဲ့ဟာ အမေရိကန်နိုင်ငံမှာ အခွေထုတ်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ ဒါက ဘဝမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပဲလို့ ကျွန်တော်ယူဆတယ်။

ကျွန်တော် အခွေတစ်ခွေ ထုတ်ချင်တယ်၊ ပြီးမှ ကျမ်းစာမူတွေကို အလေးအနက် လိုက်နာပါ့မယ်လို့ ကျမ်းစာသင်ပေးတဲ့ သက်သေခံကို ပြောပြလိုက်တယ်။ သူ့အမြင်ကို ပြောမယ့်အစား ကျွန်တော့်ကို မဿဲ ၆:၂၄ မှာပါတဲ့ “မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်” ဆိုတဲ့ ယေရှုရဲ့စကားကို ဖတ်ခိုင်းတယ်။ ယေရှု ဘာကို ဆိုလိုနေတယ်ဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တဲ့အတွက် အံ့ဩသွားတယ်။ ရက်အနည်းငယ်အကြာမှာ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့သက်သေခံ အံ့သြရတဲ့ အလှည့်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယေရှုနောက်ကို ကျွန်တော်လိုက်ချင်တဲ့အတွက် တီးဝိုင်းကနေ ထွက်လိုက်ပြီလို့ သူ့ကို ပြောပြလိုက်လို့ပါ။

သမ္မာကျမ်းစာက မှန်တစ်ချပ်နဲ့တူတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့အားနည်းချက်တွေကို သိမြင်အောင် ကူညီပေးလို့ပါပဲ။ (ယာကုပ် ၁:၂၂-၂၅) ကျွန်တော့်ရဲ့ အပြုအမူက ကြမ်းတယ်။ ဘဝင်မြင့်ပြီး ရည်မှန်းချက်လည်း ကြီးတယ်။ ဆဲဆိုတတ်တယ်၊ ရန်တွေဖြစ်တယ်။ ဆေးလိပ်တွေ၊ အရက်တွေ သောက်တယ်။ ကျွန်တော့်ရဲ့ ဘဝပုံစံက ကျမ်းစာမူတွေနဲ့ မကိုက်ညီဘူးဆိုတာ သိမြင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ ဒါပေမဲ့ လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ ကျွန်တော် အသင့်ရှိခဲ့ပါတယ်။—ဧဖက် ၄:၂၂-၂၄

“ယေဟောဝါဟာ သနားကြင်နာတတ်တဲ့ ဘုရားသခင်ဖြစ်တယ်၊ ကိုယ့်အမှားကြောင့် နောင်တရနေတဲ့သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တော် ကုစားပေးချင်တယ်”

အစပိုင်းမှာ အတိတ်က အမှားတွေကြောင့် ကျွန်တော် အကြီးအကျယ် ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ သက်သေခံက အများကြီး ကူညီပေးခဲ့တယ်။ သူက ကျွန်တော့်ကို ဟေရှာယ ၁:၁၈ ဖတ်ခိုင်းတယ်– “သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။” ယေဟောဝါဟာ သနားကြင်နာတတ်တဲ့ ဘုရားသခင်ဖြစ်တယ်၊ ကိုယ့်အမှားကြောင့် နောင်တရနေတဲ့သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တော် ကုစားပေးချင်တယ် ဆိုတာတွေကို ဒီကျမ်းချက်နဲ့ တခြားကျမ်းချက်တွေကနေ သိလာရတယ်။

ယေဟောဝါဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးလို သိကျွမ်းပြီး ချစ်မြတ်နိုးလာတဲ့အခါ ကျွန်တော့်အသက်တာကို ကိုယ်တော့်လက်ထဲ အပ်နှံချင်စိတ် ပေါက်လာတယ်။ (ဆာလံ ၄၀:၈) ဒါနဲ့ ၁၉၉၂ ခုနှစ်ရောက်တော့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံလိုက်တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ–

ယေဟောဝါဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေထဲမှာ မိတ်ဆွေကောင်းတွေ အများကြီး ရရှိခဲ့ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ စုဆုံပြီး သင့်တော်တဲ့ တေးသီချင်းတွေကို အတူတူ တီးခတ်သီဆိုကြတယ်။ အဲဒီလိုသီဆို တီးခတ်နိုင်တာဟာ ဘုရားသခင်ဆီကရရှိတဲ့ ဆုလက်ဆောင်တစ်ခုပါ။ (ယာကုပ် ၁:၁၇) နောက်ကောင်းချီးတစ်ခုကတော့ ကျွန်တော့်ရဲ့ချစ်ဇနီး ခရစ္စတီးနားပါ။ ကျွန်တော်တို့နှစ်ယောက် အေးအတူပူအမျှ၊ ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဘဝကို အတူတူ ရင်ဆိုင်ကြတယ်။

ကျွန်တော်သာ ယေဟောဝါသက်သေတစ်ယောက် ဖြစ်မလာခဲ့ဘူးဆိုရင် ကနေ့အချိန်အထိ အသက်ရှင်ချင်မှ ရှင်နေမှာ။ အရင်ကဆိုရင် ပြဿနာတွေနဲ့ လုံးချာလိုက်ပြီး စိတ်လေခဲ့ရတာ။ အခုတော့ ကျွန်တော့်ဘဝဟာ စစ်မှန်တဲ့ရည်ရွယ်ချက် ရှိလာပြီ၊ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေတယ်လို့ ခံစားလာရပါပြီ။