မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

‘မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များ ထင်ရှားစွာ သိမြင်ရ’

‘မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များ ထင်ရှားစွာ သိမြင်ရ’

ဘုရားရှိတယ်ဆိုတာ သင် ယုံကြည်ပါသလား။ ယုံတယ်ဆိုရင် ဘုရားရှိကြောင်း အထောက်အထား ပြနိုင်သလား။ တကယ်တော့ ကျွန်ုပ်တို့ရဲ့ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် ဉာဏ်ပညာ၊ တန်ခိုးနဲ့ ချစ်ခြင်းမေတ္တာရှိတဲ့ ဖန်ဆင်းရှင်ရှိကြောင်း အထောက်အထားတွေ ပြည့်နှက်နေပါတယ်။ အဲဒီအထောက်အထားတွေက ဘာတွေလဲ။ ဘယ်လောက် ထင်ရှားပါသလဲ။ အဖြေရဖို့ ရောမမြို့ကခရစ်ယာန်တွေဆီ ပေါလုရေးခဲ့တဲ့စာကို သုံးသပ်ကြည့်ရအောင်။

ပေါလု ဒီလိုရေးခဲ့တယ်– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့် အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။ ထို့ကြောင့် သူတို့သည် ဆင်ခြေမပေးနိုင်ရာ။” (ရောမ ၁:၂၀) ပေါလုဖော်ပြတဲ့အတိုင်း ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ဖန်ဆင်းခြင်းလက်ရာတွေမှာ အထင်အရှားမြင်တွေ့နေရပါတယ်။ ပေါလုရဲ့စကားကို အသေးစိတ် သုံးသပ်ကြည့်ရအောင်။

“လောကဖန်ဆင်းချိန်မှစ၍” ဘုရားသခင့်ဂုဏ်ရည်တော်များကို တွေ့ မြင်နိုင်တယ်လို့ ပေါလု ဖော်ပြခဲ့တယ်။ အထက်အောက်စကားအရ ဒီကျမ်းချက်မှာ “လောက” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ ဒီကမ္ဘာကြီးကိုမဟုတ်ဘဲ လူသားတွေကို ရည်ညွှန်းနေတာဖြစ်တယ်။ a ဒါကြောင့် လူသားတွေဟာ ဖန်ဆင်းခံရချိန်ကနေစပြီး ဖန်ဆင်းခြင်းလက်ရာတွေထဲမှာ ဘုရားသခင်ရဲ့ဂုဏ်ရည်တော်တွေကို အထင်အရှား တွေ့ မြင်နိုင်ပါတယ်။

ဘုရားသခင့်ဂုဏ်ရည်တော်တွေဟာ ကျွန်ုပ်တို့ဝန်းကျင်မှာ သိသာပေါ်လွင်နေပါတယ်။ ဖန်ဆင်းခြင်းလက်ရာ အသေးဆုံးကနေ အကြီးဆုံးအထိကြည့်မယ်ဆိုရင် ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အထောက်အထားအပြင် ဖန်ဆင်းရှင်မှာ ကောင်းမြတ်တဲ့ ဂုဏ်ရည်တော်တွေ ရှိတယ်ဆိုတာကို တွေ့ မြင်နိုင်တယ်။ သဘာဝလောကမှာ ပေါ်လွင်ထင်ရှားနေတဲ့ အဆင့်မြင့်ဒီဇိုင်းတွေဟာ ဘုရားသခင်ဆီမှာ ဉာဏ်ပညာရှိတယ်ဆိုတာ ဖော်ပြနေတယ်မဟုတ်ဘူးလား။ ကြယ်အတိပြီးတဲ့ကောင်းကင်၊ ရေလှိုင်းကြီးတွေကိုကြည့်ရင် ဘုရားသခင်ဆီမှာ တန်ခိုးရှိတယ်ဆိုတာ ထင်ရှားနေတယ်မဟုတ်လား။ အရသာရှိတဲ့ အစာအမျိုးမျိုးနဲ့ အရုဏ်တက်ချိန်အလှ၊ နေဝင်ဆည်းဆာအလှမှာလည်း လူသားတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့မေတ္တာ ပေါ်လွင်နေတယ်မဟုတ်လား။—ဆာလံ ၁၀၄:၂၄; ဟေရှာယ ၄၀:၂၆

ဘုရားသခင့်ဂုဏ်ရည်တော်တွေက ဘယ်လောက်အထိ ပေါ်လွင်ထင်ရှားနေပါသလဲ။ အဲဒီဂုဏ်ရည်တော်တွေကို မမြင်ဘူး၊ ဘုရားသခင် တည်ရှိတာကို မယုံဘူးလို့ ‘ဆင်ခြေပေးလို့မရ’ တဲ့အထိပါပဲ။ ပညာရှင်တစ်ဦးက ဒီလို ဥပမာပေးခဲ့တယ်– ကားမောင်းတဲ့သူဟာ “လမ်းလွှဲအတိုင်း ဘယ်ဘက်ကွေ့ပါ” လို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ဂရုမစိုက်ဘဲ မောင်းသွားတယ်ဆိုပါစို့။ အဲဒီအခါ ရဲအရာရှိက သူ့ကိုတားလိုက်ပြီး ဒဏ်ငွေရိုက်ဖို့လုပ်နေတုန်း သူက ဒီဆိုင်းဘုတ်ကို မမြင်ပါဘူးလို့ ဆင်ခြေပေးတယ်။ ဒါပေမဲ့ ရဲအရာရှိက သူပြောတာကို လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆိုင်းဘုတ်က သိသာထင်ရှားနေပြီး ကားမောင်းသူရဲ့ အမြင်အာရုံကလည်း ကောင်းနေတဲ့အတွက်ဖြစ်တယ်။ ဒါ့အပြင် ကားမောင်းတဲ့သူမှာ အဲဒီလိုသတိပေးဆိုင်းဘုတ်တွေကို ကြည့်ပြီး လိုက်နာဖို့တာဝန်ရှိတယ်။ ဘုရားသခင်တည်ရှိတယ်ဆိုတဲ့ အထောက်အထားဆိုင်းဘုတ်ကလည်း သဘာဝလောကမှာ သိသာထင်ရှားနေပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ လူသားတွေဟာလည်း အဲဒီအထောက်အထားကို တွေ့ မြင်နိုင်စွမ်းရှိကြပါတယ်။ မသိဘူး၊ မမြင်ဘူးလို့ ဆင်ခြေပေးလို့ မရပါဘူး။

ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ဖန်ဆင်းခြင်းလက်ရာတွေမှာ အထင်အရှားတွေ့မြင်နေရ

ဖန်ဆင်းခြင်းလက်ရာတွေကနေ ဖန်ဆင်းရှင်ဘုရားသခင်အကြောင်း အများကြီး သင်ယူသိရှိနိုင်တယ်။ ဒါပေမဲ့ ဖန်ဆင်းရှင်အကြောင်း ဒီထက်မကဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါက သမ္မာကျမ်းစာပါ။ သမ္မာကျမ်းစာကို အစအဆုံး ဖတ်မယ်ဆိုရင် ကမ္ဘာမြေကြီးနဲ့ လူသားတွေကို ဘုရားသခင် ဘာကြောင့်ဖန်ဆင်းထားရတာလဲဆိုတဲ့ အရေးကြီးမေးခွန်းရဲ့အဖြေကို သိရှိလာမှာဖြစ်တယ်။ အဲဒီမေးခွန်းရဲ့အဖြေကို သင် သိရှိလာမယ်ဆိုရင် “မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များ” ကိုတွေ့ မြင်လာပြီး ကိုယ်တော့်အကြောင်း ပိုသိလာမယ့်အပြင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာမှာဖြစ်တယ်။

ဩဂုတ်လအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

ရောမ ၁–၁၆

a “လောက” ဟာ အပြစ်ရှိတယ်၊ ကယ်တင်ရှင်လိုအပ်တယ်ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်ဆိုရင်လည်း “လောက” ဆိုတဲ့စကားလုံးက ကမ္ဘာကိုမဟုတ်ဘဲ လူသားတွေကို ပြောနေကြောင်း သိသာတယ်။—ယောဟန် ၁:၂၉; ၄:၄၂; ၁၂:၄၇