မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

လိမ်လည်မှု ၂– ဘုရားသခင်အကြောင်း လူ့ဉာဏ်နဲ့ နားမလည်နိုင်ဘူး

လိမ်လည်မှု ၂– ဘုရားသခင်အကြောင်း လူ့ဉာဏ်နဲ့ နားမလည်နိုင်ဘူး

လူအများယုံကြည်ရာ–

ခရစ်ယာန်ဘာသာကြီး “သုံးခုဖြစ်တဲ့ ရိုမန်ကက်သလစ်၊ အရှေ့ပိုင်းသြသဒေါက်စ်နဲ့ ပရိုတက်စတင့်တွေက ပုဂ္ဂိုလ်သုံးပါးပေါင်းမှ ဘုရားတစ်ဆူဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီပုဂ္ဂိုလ်သုံးပါးက ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ ဖြစ်ကြတယ်။ အဲဒီသုံးပါးဟာ ဘုရားသုံးပါးမဟုတ်ဘဲ သုံးပါးပေါင်းမှ ဘုရားတစ်ဆူဖြစ်တယ်လို့ ခရစ်ယာန်ဓမ္မပညာမှာ ဖော်ပြထားတယ်။”—ဗြိတိန်နီကာစွယ်စုံကျမ်းသစ်။

ကျမ်းစာအမှန်တရား–

ဘုရားသခင့်သားတော်ဖြစ်တဲ့ ယေရှုက မိမိဟာ ခမည်းတော်နဲ့ ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်တယ် ဒါမှမဟုတ် တန်းတူဖြစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အဲဒီအစား၊ ခုလိုပြောခဲ့တယ်– ‘ခမည်းတော်ထံ ငါသွားမည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။’ (ယောဟန် ၁၄:၂၈) ကိုယ်တော်က တပည့်တစ်ဦးကိုလည်း ခုလိုပြောခဲ့တယ်– “ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်။”—ယောဟန် ၂၀:၁၇

ရှေးခေတ်ခရစ်ယာန်တွေဟာ “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” ခဲ့ကြတယ်။ ယေဟောဝါဘုရားကလည်း “လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်” လို့ပြောခဲ့တယ်။ (တမန်တော် ၂:၁-၄၊ ၁၇သမ္မာကျမ်း) ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ပုဂ္ဂိုလ်တစ်ပါး မဟုတ်သလို သုံးပါးပေါင်းတစ်ဆူဘုရားရဲ့ အစိတ်အပိုင်းဝင်လည်း မဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင့်စွမ်းအားတော် ဖြစ်ပါတယ်။

ကျမ်းစာအမှန်တရားသိဖို့ အရေးကြီးရတဲ့အကြောင်းရင်း–

သုံးပါးပေါင်းတစ်ဆူကို “ဘုရားသခင် မရှင်းပြဘူးဆိုရင် နားမလည်နိုင်ဘူး။ ရှင်းပြပြီးရင်တောင် အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး” လို့ ကက်သလစ်ဓမ္မပညာရှင် ကားလ်ရာနာနဲ့ ဟာဘတ်ဖော့ဂရင်မ်လာတို့က ပြောတယ်။ သင်ကော ကိုယ်မသိတဲ့၊ ကိုယ်နားမလည်နိုင်တဲ့သူကို ချစ်နိုင်ပါ့မလား။ တကယ်တော့ သုံးပါးပေါင်းတစ်ဆူအယူဝါဒဟာ ဘုရားသခင်ကို မသိအောင်၊ မချစ်နိုင်အောင် တားဆီးထားတဲ့ တံတိုင်းကြီးတစ်ခုလိုပါပဲ။

ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ မာကိုလည်း သုံးပါးပေါင်းတစ်ဆူအယူဝါဒကြောင့် ဒီလိုပြောခဲ့တယ်– “ဘုရားသခင်က သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကျွန်တော့်ကို မသိစေချင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒီလိုနဲ့ ဘုရားသခင်ဆိုတာ လူသားတွေကို စိတ်မဝင်စားတဲ့၊ လူ့ဉာဏ်နဲ့နားမလည်နိုင်တဲ့၊ လုံးဝမရင်းနှီးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးပဲလို့ ကျွန်တော် မြင်လာတယ်။” ဒါပေမဲ့ “ဘုရားသခင်သည် ရှုပ်ထွေးခြင်း၏ ဘုရားမဟုတ်” ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၁၄:၃၃ကက်သလစ်ကျမ်းစာတော်မြတ်) ဘုရားသခင်က မိမိဘယ်သူဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ကို သိစေချင်တယ်။ ဒါကြောင့် ယေရှုက “ငါတို့မူကား သိသောအရာကို ကိုးကွယ်ကြ၏” လို့ပြောခဲ့တယ်။—ယောဟန် ၄:၂၂

မာကို ခုလိုဆက်ပြောပြတယ်– “ဘုရားသခင်က သုံးပါးပေါင်းတစ်ဆူအဝင် မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ ကိုယ်တော်နဲ့ ရင်းနှီးလာတယ်။” ယေဟောဝါဘုရားကို လူ့ဉာဏ်နဲ့ နားမလည်နိုင်တဲ့ပုဂ္ဂိုလ်အဖြစ် မဟုတ်ဘဲ ကောင်းကောင်းသိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ရှုမြင်မယ်ဆိုရင် ကိုယ်တော့်ကို ချစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကို မသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။”—၁ ယောဟန် ၄:၈