မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက အမေရိကန်ဂိုဏ်းခွဲလား။

ယေဟောဝါသက်သေတွေက အမေရိကန်ဂိုဏ်းခွဲလား။

 ကျွန်ုပ်တို့ရဲ့ ကမ္ဘာ့ဌာနချုပ်က အမေရိကန်နိုင်ငံမှာ တည်ရှိပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အမေရိကန်ဂိုဏ်းခွဲ မဟုတ်ပါဘူး။ အကြောင်းရင်းတွေကို အောက်မှာ ဖော်ပြထားပါတယ်–

  •   တည်ထောင်ပြီးသား ဘာသာတရားတစ်ခုကနေ ခွဲထွက်လာတဲ့ အုပ်စုကို ဂိုဏ်းခွဲလို့ လူတချို့က သတ်မှတ်ကြတယ်။ ယေဟောဝါသက်သေတွေဟာ တခြားဘာသာတစ်ခုခုကနေ ခွဲထွက်လာတာမဟုတ်ပါဘူး။ အဲဒီအစား ပထမရာစုမှာ ရှိခဲ့တဲ့ ခရစ်ယာန်ဘာသာပုံစံအတိုင်း ပြန်လည်ဖွဲ့စည်းထားတာဖြစ်တယ်။

  •   ယေဟောဝါသက်သေတွေဟာ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၃၀ ကျော်မှာ တက်တက်ကြွကြွ အမှုဆောင်နေကြပါတယ်။ ကျွန်ုပ်တို့ ဘယ်နေရာမှာ နေထိုင်ပါစေ အမေရိကန်အစိုးရ ဒါမှမဟုတ် တခြားလူ့အစိုးရကိုမဟုတ်ဘဲ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်ကိုပဲ သစ္စာစောင့်သိတယ်။—ယောဟန် ၁၅:၁၉၊ ၁၇:၁၅၊ ၁၆

  •   ကျွန်ုပ်တို့ရဲ့သွန်သင်ချက် အားလုံးက အမေရိကန်နိုင်ငံက တခြားဘာသာရေးခေါင်းဆောင်တွေရဲ့ ရေးသားထားရာတွေအပေါ် မဟုတ်ဘဲ သမ္မာကျမ်းစာအပေါ်မှာပဲ အခြေခံထားတယ်။—၁ သက်သာလောနိတ် ၂:၁၃

  •   လူ့ခေါင်းဆောင်တွေနောက် မဟုတ်ဘဲ ယေရှုခရစ်နောက်ကိုပဲ လိုက်ကြတယ်။—မဿဲ ၂၃:၈–၁၀