မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဇီယွန်ဝါဒီ တွေလား

ယေဟောဝါသက်သေတွေက ဇီယွန်ဝါဒီ တွေလား

 ယေဟောဝါသက်သေတွေက ဇီယွန်ဝါဒီ (Zionists) လို့ခေါ်တဲ့ ဂျူးနိုင်ငံတည်ထောင်ရေး လှုပ်ရှားသူတွေ မဟုတ်ပါဘူး။ ခရစ်ယာန်တွေဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်ကို သမ္မာကျမ်းစာအပေါ်ပဲ လုံးလုံးလျားလျား အခြေပြုထားတယ်။ ဂျူးတွေ ပါလက်စတိုင်းမှာ စုဝေးခြင်းက ကျမ်းစာပရောဖက်ပြုချက်နဲ့ ဆက်နွှယ်နေတယ်လို့ တချို့ ဘာသာတွေက ဆိုကြပေမဲ့ ယေဟောဝါသက်သေတွေကတော့ အဲဒီလိုမရှုမြင်ဘူး။ အဲဒီနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအကြောင်း ကျမ်းစာမှာ တိတိကျကျ ကြိုဟောထားတယ်လို့ ယေဟောဝါသက်သေတွေ မယုံကြည်ကြပါဘူး။ တကယ်တော့၊ သမ္မာကျမ်းစာက လူ့အစိုးရတစ်ခုကို တစ်ခုထက် ချီးမြှောက်တာ၊ လူတစ်မျိုးကို တစ်မျိုးထက် ချီးမြှောက်တာ မလုပ်ဘူး။ ယေဟောဝါသက်သေတွေရဲ့ တရားဝင်မဂ္ဂဇင်းဖြစ်တဲ့ ကင်းမျှော်စင်မှာ ခုလို ပြတ်ပြတ်သားသား ဖော်ပြထားတယ်– “ဇီယွန်ဝါဒကို သမ္မာကျမ်းစာက မထောက်ခံပါ။”

 ဇီယွန်ဝါဒဟာ “ဂျူးအမျိုးသားရေးလှုပ်ရှားမှုဖြစ်ပြီး ပါလက်စတိုင်းမှာ ဂျူးနိုင်ငံတည်ထောင်တာကို အားပေးထောက်ခံဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်” လို့ ဗြိတိန်နီကာစွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။ ဒီဝါဒ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းမှာ ဘာသာရေးကော နိုင်ငံရေးပါ, ပါတယ်။ ယေဟောဝါသက်သေတွေဟာ ဇီယွန်ဝါဒကို ဘာသာရေး သွန်သင်ချက်အဖြစ် မထောက်ခံပါဘူး။ ဇီယွန်ဝါဒီတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း လုံးလုံးကြားနေကြတယ်။

 ယေဟောဝါသက်သေတွေဟာ ဘာသာရေးပဲလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဇီယွန်ဝါဒအပါအဝင် ဘယ်နိုင်ငံရေးလှုပ်ရှားမှုကိုမှ ထောက်ခံအားပေးတာမျိုး မရှိဘူး။ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံရေးကြားနေမှုအကြောင်း မှတ်တမ်းမှတ်ရာ များစွာရှိပါတယ်။ တချို့ နိုင်ငံတွေမှာရှိတဲ့ သက်သေခံတွေဆိုရင် နိုင်ငံရေးမှာ ကြားနေတဲ့အတွက် ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကိုတောင် ခါးစည်းခံကြရတယ်။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်ကသာ ကမ္ဘာပေါ် တည်မြဲတဲ့ငြိမ်းချမ်းရေး ဖြစ်ပေါ်စေနိုင်တယ်၊ ဘယ်လူ့အစိုးရ၊ ဘယ်လှုပ်ရှားမှုကမှ ဒါကို မဖြစ်ပေါ်စေနိုင်ဘူးလို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။

 ယေဟောဝါသက်သေတွေရဲ့ အခြေခံဘာသာရေး ယုံကြည်ချက်တစ်ခုကတော့ ဘယ်နေရာမှာပဲနေနေ၊ နေထိုင်ရာဒေသမှာရှိတဲ့ အစိုးရထုတ်ပြန်တဲ့ ဥပဒေတွေကို နာခံရမယ် ဆိုတဲ့အချက်ဖြစ်တယ်။ ယေဟောဝါသက်သေတွေဟာ အစိုးရအာဏာပိုင်တွေကို ဆန့်ကျင်ပုန်ကန်တာ ဒါမှမဟုတ် လက်နက်ကိုင်ပြီး ပဋိပက္ခတွေမှာ ပါဝင်တာမျိုး မလုပ်ကြပါဘူး။