မာတိကာဆီ ကျော်သွား

ညီအစ်မ အဲန်နာ ဒဲန်စ် နဲ့ ညီအစ်ကို အဲရစ် ဖရော့စ်၊ ဂျာမနီနိုင်ငံက ဘာဒန်ဝူတန်ဘာ့ဂ် ပြည်နယ် ပါလီမန် အဆောက်အဦ

၂၀၂၁၊ ဖေဖော်ဝါရီ ၂၂
ဂျာမနီ

နာဇီတွေရဲ့ နှိပ်စက်မှုကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြတဲ့ ယေဟောဝါသက်သေတွေကို ဂျာမန် ပါလီမန်က ဂုဏ်ပြု

နာဇီတွေရဲ့ နှိပ်စက်မှုကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့ကြတဲ့ ယေဟောဝါသက်သေတွေကို ဂျာမန် ပါလီမန်က ဂုဏ်ပြု

အွန်လိုင်းက တစ်ဆင့်ကျင်းပတဲ့ အစီစဉ်မှာ မြင်တွေ့ရတဲ့ ဘာဒန်ဝူတန်ဘာ့ဂ် ပြည်နယ် ပါလီမန် ဥက္ကဋ္ဌ မူတာရမ် အာရက်စ်

၂၀၂၁၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ နှစ်စဉ် ကျင်းပတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့သူတွေအတွက် အခမ်းအနားမှာ ဂျာမနီနိုင်ငံ ဘာဒန်-ဝူတန်ဘာ့ဂ် ပြည်နယ် ပါလီမန်က ယေဟောဝါသက်သေတွေကို အာရုံစိုက်ခဲ့တယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကြောင့် ဒီအခမ်းအနားကို အွန်လိုင်းကနေ ကျင်းပခဲ့တယ်။ ဒီအစီစဉ်ကို သြစတီးယာ၊ ဂျာမနီ၊ နယ်သာလန် နဲ့ ဆွစ်ဇလန်က လူပေါင်း ၃၇၀၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ အဲဒီအစီအစဉ်ကို ခန့်မှန်းခြေ ၇၈၀၀၀ ကြိမ်လောက် ဝင်ရောက်ကြည့်ရှုကြတယ်။

ဘာဒန်-ဝူတန်ဘာ့ဂ် ပါလီမန် ဥက္ကဋ္ဌ မူတာရမ် အာရက်စ် ကလည်း “ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး သမိုင်းမှတ်တမ်း တော်တော်များများ ရှိပေမဲ့ လူအနည်းစု လောက်သာ ဒီအကြောင်းတွေကို ကောင်းကောင်း သိကြတယ်” လို့ အသိအမှတ်ပြုတယ်။ သူက သမိုင်းရဲ့ တကယ့် အဆိုးရွားဆုံး အချိန်မှာ အသက်ရှင်ခဲ့တဲ့ ယေဟောဝါသက်သေတွေဟာ “ဒီနေ့ ကြုံတွေ့နေရတဲ့ မုန်းတီးမှု၊ ဘက်လိုက်မှုနဲ့ အကြမ်းဖက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ကျွန်မတို့ အတွက် ပုံနမူနာပါပဲ” လို့ ဆက်ပြောတယ်။

ပြည်နယ် ပါလီမန် ဥက္ကဋ္ဌက ဘာဒန်ဝူတန်ဘာ့ဂ်ပြည်နယ် လော့ရ်အာခ်မြို့က ညီအစ်မ အဲန်နာ ဒဲန်စ် အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်။ သူ့ရဲ့ မိဘနှစ်ပါးဟာ ချွေးတပ်စခန်းမှာ သေဆုံးသွားခဲ့တယ်။ အဲန်နာဟာ ကျောင်းမှာ “ဟိုင်း၊ ဟစ်တလာ”လို့ နှုတ်ခွန်းဆက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်ဆုံး သူဟာ တခြားသက်သေခံတွေရဲ့ အကူအညီနဲ့ ဆွစ်ဇလန်ကို ထွက်ပြေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ အဲန်နာဟာ ခင်ပွန်းနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့သွားတယ်။ “အဲန်နာ ဒဲန်စ်ဟာ ခုခံတွန်းလှန်ဖို့ သတ္တိရှိခဲ့တယ်။ သူရဲ့ ယုံကြည်ခြင်းကနေ ခွန်အားရခဲ့တာပဲ” ဆိုပြီး ပြည်နယ် ပါလီမန် ဥက္ကဋ္ဌ မူတာရမ် အာရက်စ် ပြောသွားတယ်။

ဒေါက်တာ ဟန့် ဟက်စယ်

သမိုင်းပညာရှင် ဒေါက်တာ ဟန့် ဟက်စယ်ကလည်း ၁၉၃၃ ခုနှစ် ဂျာမနီမှာ နာဇီတွေ အာဏာရပြီး နောက်နှစ်လအကြာ ယေဟောဝါသက်သေတွေကို ပိတ်ပင်ခဲ့ပုံအကြောင်း ရှင်းပြတယ်။ ဒေါက်တာ ဟက်စယ်က ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ “လက်ကမ်း စာစောင်တွေ ဝေငှတာ ဒါမှမဟုတ် ဟောပြောခြင်း လုပ်ငန်းတွေကို ဆက်လုပ်ခြင်းအားဖြင့် ပိတ်ပင်မှုကို ဆန့်ကျင်ခဲ့တယ်” လို့ ကြည့်ရှုသူတွေကို ရှင်းပြတယ်။

သမိုင်းပညာရှင်က ညီအစ်ကို ဂူစတပ် စတိန်းရဲ့ အတွေ့အကြုံကိုလည်း ပြန်ပြောပြတယ်။ စစ်မှုထမ်းဖို့ ငြင်းဆိုသူအဖြစ် ရုံးတင်စစ်ဆေး ခံနေရချိန်မှာ ညီအစ်ကို စတိန်းကို အစိုးရ ရှေ့နေတွေက- “လူတိုင်းသာ ခင်ဗျား လုပ်သလို လိုက်လုပ်ကြရင် ဘယ်လို ဖြစ်ကုန်မလဲ” လို့ မေးတဲ့အခါ ညီအစ်ကိုက “စစ်ပွဲတွေ ချက်ခြင်း ပြီးသွားလိမ့်မယ်” ဆိုပြီး ပြန်ပြောလိုက်တယ်။

ဒီအွန်လိုင်း အခမ်းအနား အစီစဉ်မှာ “အသင်သက်သေများ ရှေ့သို့ချီ” ဆိုတဲ့ နိုင်ငံတော်သီချင်းကို အသုံးပြုခဲ့တယ်။ ဒီသီချင်းရဲ့ မူလစာသားတွေကို ဂီတပညာရှင်တစ်ဦး ဖြစ်တဲ့ ညီအစ်ကို အဲရစ် ဖရော့စ်က ၁၉၄၂ ခုနှစ် ဇာခ်စင်ဟောင်ဇင် ချွေးတပ်စခန်းမှာ အကျဉ်းကျနေစဉ် ရေးခဲ့တာ ဖြစ်ကြောင်း ဗဟိုဥရောပ ဌာနခွဲက သတင်းအချက်အလက် ဝန်ဆောင်မှု ဌာနစိတ်ရဲ့ ကြီးကြပ်မှူး ညီအစ်ကို ဝေါဖရမ် ဆလူပီနာ ရှင်းပြတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်တဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ညီအစ်ကို ဖရော့စ်က “ချွေးတပ်စခန်းမှာ နှိပ်စက်မှုတွေ များလာတဲ့အတွက်” အကျဉ်းသားချင်း အားပေးမှု ဖြစ်စေဖို့ ဒီသီချင်းကို ရေးခဲ့တာလို့ ပြောပြတယ်။

ယေဟောသက်သေတွေ ဖြစ်တဲ့ အသက် ၁၃ နှစ်နဲ့ ၁၅ အရွယ် မာရာနဲ့ ဖဲန် ကမ်ပါ တို့ကလည်း နာဇီတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ အသက်ရှင် လွှတ်မြောက်ခဲ့တဲ့ ညီအစ်မ ဆီမွန် အာနယ်လ် လိဘ်စတာကို လူတွေ့မေးမြန်းခဲ့ကြတယ်။ ညီအစ်မ လိဘ်စတာဟာ ကလေးဘဝကတည်းက ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံခဲ့ရတယ်။ နာဇီနဲ့ ပူးပေါင်းဖို့ ငြင်းဆန်တဲ့အတွက် အာဏာပိုင်တွေက သူ့ကို ပြုပြင်ပြောင်းလဲရေးကျောင်း ပို့လိုက်တယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်ပြီး ဆက်သစ္စာရှိနိုင်ခဲ့လို့ “တကယ့်ကို ပျော်ရွှင်မှု ခံစားခဲ့ရတယ်” ဆိုပြီး သူ ပြောပြတယ်။

အခမ်းအနားကျင်းပနေချိန်အတွင်း မာရာနဲ့ ဖဲန် ကမ်ပါ မောင်နှမ နှစ်ဦးက ညီအစ်မ အာနယ်လ် လိဘ်စတာကို လူတွေ့မေးမြန်းနေ

ဒီအခမ်းအနားက လူများစွာကို ယေဟောဝါဘုရားဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရချိန်မှာ ယုံကြည်စိတ်ချနိုင်တဲ့ ထောက်မပေးသူ ဖြစ်ကြောင်း သက်သေခံချက် ဖြစ်ခဲ့လို့ ကျွန်တော်တို့ ကျေးဇူးတင်ကြပါတယ်။—ဟီဘရူး ၁၃:၆