မာတိကာဆီ ကျော်သွား

အမှုကြားနာခဲ့တဲ့ ဆွီဒင် စီမံခန့်ခွဲရေး တရားရုံးချုပ် အဆောက်အအုံကို တွေ့ရစဉ်

ဒီဇင်ဘာ ၁၈၊ ၂၀၁၉
ဆွီဒင်

ယေဟောဝါသက်သေတွေဟာ လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးပြုတဲ့ ဘာသာရေးအဖွဲ့ဖြစ်ကြောင်း ဆွီဒင် စီရင်ဆုံးဖြတ်

ယေဟောဝါသက်သေတွေဟာ လူ့အသိုင်းအဝိုင်းကို ကောင်းကျိုးပြုတဲ့ ဘာသာရေးအဖွဲ့ဖြစ်ကြောင်း ဆွီဒင် စီရင်ဆုံးဖြတ်

၂၀၀၀၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ဆွီဒင်အစိုးရဟာ ဘာသာရေးအသိုင်းအဝိုင်း ပံ့ပိုးမှု ဥပဒေအရ ဘာသာရေးအဖွဲ့အစည်းတွေကို ရန်ပုံငွေထောက်ပံ့ဖို့ ကမ်းလှမ်းခဲ့တယ်။ “လူ့အသိုင်းအဝိုင်းအတွက် ထုတ်ပြန်ထားတဲ့ အခြေခံစည်းမျဉ်းတွေကို ထိန်းသိမ်းအောင်၊ ကိုင်စွဲအောင် အထောက်အကူပြုတဲ့၊” “လူ့အသိုင်းအဝိုင်းကို တည်ငြိမ်အေးချမ်းစေတဲ့၊ ကောင်းကျိုးပြုတဲ့” ဘာသာရေးအဖွဲ့အစည်းကိုပဲ ရန်ပုံငွေ ပေးမှာဖြစ်တယ်။

ဆွီဒင်နိုင်ငံမှာ ဘာသာရေး အများစုကို အစိုးရက ရန်ပုံငွေပေးပေမဲ့ ယေဟောဝါသက်သေတွေကိုတော့ နိုင်ငံရေးမှာ ကြားနေတဲ့ ဘာသာရေး ယုံကြည်ချက်ကို အပြစ်ရှာပြီး ၂၀၀၇ ခုနှစ်ကစလို့ အစိုးရက ရန်ပုံငွေပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်။

တခြားရွေးချယ်စရာ မရှိတော့တဲ့အဆုံး ညီအစ်ကိုတွေဟာ ဆွီဒင်အစိုးရ တရားမျှတစွာ ဆက်ဆံပေးဖို့ သုံးကြိမ်တိုင်တိုင် တရားရုံးတက် တောင်းဆိုခဲ့ကြတယ်။ သုံးကြိမ်စလုံး စီမံခန့်ခွဲရေး တရားရုံးချုပ်က ကျွန်တော်တို့အဖွဲ့အစည်းကို အစိုးရ ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ခြင်းဟာ ဥပဒေနဲ့မညီတဲ့အတွက် ပြန်သုံးသပ်သင့်ကြောင်း စီရင်ဆုံးဖြတ်ပေးခဲ့တယ်။

၂၀၁၉၊ အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ဆွီဒင်အစိုးရက ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးခဲ့ပြီး ယေဟောဝါသက်သေတွေဟာ “ဥပဒေတောင်းဆိုချက်အားလုံးကို ပြည့်မီတဲ့အတွက်” အစိုးရဆီက ရန်ပုံငွေ ရသင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

မကြာသေးခင်တုန်းက နော်ဝေနိုင်ငံမှာလည်း အလားတူကိစ္စမျိုး ပေါ်ပေါက်ခဲ့တယ်။ နော်ဝေနိုင်ငံမှာ ယေဟောဝါသက်သေတွေ အပါအဝင် ဘာသာရေးအဖွဲ့အစည်း အားလုံးကို အစိုးရက ရန်ပုံငွေ ပုံမှန်ပေးတယ်။ ဒါပေမဲ့ မကြာသေးမီလတွေမှာတော့ နိုင်ငံရေးမှာ ကြားနေတဲ့ ယေဟောဝါသက်သေတွေကို အစိုးရက ရန်ပုံငွေပေးသင့်မသင့် ပြန်ဆန်းစစ်ဖို့ တောင်းဆိုခံရတယ်။ နိုင်ငံရေးမှာ ကြားနေရတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အချက်အလက်တွေကို နော်ဝေအာဏာပိုင်တွေဆီ ညီအစ်ကိုတွေ တင်သွင်းခဲ့တယ်။ အဲဒီအပြင် ဆွီဒင် စီမံခန့်ခွဲရေး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်၊ အလားတူကိစ္စတွေနဲ့ ပတ်သက်ပြီး ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်ခဲ့တဲ့ ဂျာမနီ၊ အီတလီနိုင်ငံက အစိုးရဆုံးဖြတ်ချက် မိတ္တူတွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တယ်။

၂၀၁၉၊ နိုဝင်ဘာ ၁၈ ရက်နေ့မှာ နော်ဝေအာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို ရန်ပုံငွေ ဆက်ပေးသင့်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တဲ့အပြင် ဒီဖော်ပြချက်ကို ထည့်သွင်းပေးသွားတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်– “ရွေးကောက်ပွဲမှာ မဲပေးခြင်းဟာ နော်ဝေနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ဖြစ်တယ်။ ဒါပေမဲ့ မဲမထည့်မနေရတော့ မဟုတ်ပါ။ အဲဒီ အခြေခံအခွင့်အရေးကို ယေဟောဝါသက်သေတွေ မယူခြင်းက သူတို့ရဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပုံရတယ်။ . . . အဲဒါက သူတို့ကို ရန်ပုံငွေမပေးသင့်တဲ့ ဥပဒေအကြောင်းပြချက်လို့ [အစိုးရဘက်က] ယူမှတ်လို့ မရနိုင်ပါ။”

အဲဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး စကင်ဒီနေးဗီးယား ဌာနခွဲရုံးက ညီအစ်ကို ဒါ့ဂ် အဲရစ် ခရစ္စတိုဖာဆန် ဒီလိုပြောတယ်– “ကျွန်တော်တို့ကို လူ့အသိုင်းအဝိုင်းအတွက် ကောင်းကျိုးပြုနေသူတွေအဖြစ် အသိအမှတ်ပြုပေးလို့ ဝမ်းသာပါတယ်။ ဒီဆုံးဖြတ်ချက်ကို အလားတူအစီအစဉ်တွေရှိတဲ့ တခြားနိုင်ငံတွေလည်း သတိပြုမိကြပါစေလို့ မျှော်လင့်ပါတယ်။” ဒါတွေအားလုံးအတွက် အကြီးမြတ်ဆုံး ပညတ်ပြဋ္ဌာန်းရှင် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ဟေရှာယ ၃၃:၂၂