မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၆၊ ၂၀၁၉
ဒိန်းမတ်

ယေဟောဝါသက်သေတွေ ဒိန်းမတ်နိုင်ငံမှာ ကျမ်းစာပြတိုက်အသစ် ဖွင့်လှစ်

ယေဟောဝါသက်သေတွေ ဒိန်းမတ်နိုင်ငံမှာ ကျမ်းစာပြတိုက်အသစ် ဖွင့်လှစ်

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဂေဟင်မြို့ကနေ မိုင် ၄၀ (၆၅ ကီလိုမီတာ) ခန့်အကွာမှာ တည်ရှိတဲ့ ဟိုးဘက်မြို့က ယေဟောဝါသက်သေတွေရဲ့ စကင်ဒီနေဗီးယား ဌာနခွဲရုံးမှာ ၂၀၁၉၊ ဇူလိုင်လတုန်းက ကျမ်းစာပြတိုက်အသစ်တစ်ခု ဖွင့်လှစ်လိုက်တယ်။ ပြတိုက်ရဲ့ အဓိကအကြောင်းက “စကင်ဒီနေဗီးယားမှာ သမ္မာကျမ်းစာနဲ့ ဘုရားသခင့် နာမတော်” ဖြစ်တယ်။

ဒိန်းမတ်၊ ဖရိုးကျွန်းစု၊ ဂရင်းလန်၊ အိုက်စလန်၊ နော်ဝေ၊ စာမီ၊ ဆွီဒင် ဘာသာစကားတွေနဲ့ ရှားပါးပြီး ထူးခြားတဲ့ ကျမ်းစာများစွာကို ပြတိုက်မှာ ပြသထားပါတယ်။ ကျမ်းစာအုပ်ပေါင်း ၅၀ ကျော် ပြသထားတယ်။

အထူးခြားဆုံး ကျမ်းစာကတော့ ၁၅၄၁ ခုနှစ်ထုတ် ဂူစတာ့ဖ် ဗာဆာ ဘိုင်ဘယ် မူရင်းကျမ်း ဖြစ်တယ်။ စကင်ဒီနေဗီးယားမှာရှိတဲ့ ဘာသာစကားတွေထဲမှာ ဦးဆုံးထုတ်ဝေခဲ့တဲ့ လုံးချင်းကျမ်းစာအုပ် ဖြစ်တယ်။ ဂူစတာ့ဖ် ဗာဆာ ဘိုင်ဘယ်ဟာ ဆွီဒင်ဘာသာစကားရဲ့ သဒ္ဒါနဲ့ ဝေါဟာရများစွာအတွက် စံကျမ်းစာ ဖြစ်တယ်။ နောက်ပိုင်း အနှစ် ၃၀၀ အတွင်း ထုတ်ဝေခဲ့တဲ့ ဆွီဒင်ကျမ်းစာတွေအတွက်လည်း စံကျမ်းစာဖြစ်ခဲ့တယ်။

၁၅၄၁ ခုနှစ်ထုတ် ဂူစတာ့ဖ် ဗာဆာ ဘိုင်ဘယ် မူရင်းကျမ်းကို ပြတိုက်မှာ ပြသထားစဉ်

ရှားပါးပြီး မူရင်းကျမ်းဖြစ်တဲ့ ၁၅၅၀ ပြည့်နှစ်ထုတ် ခရစ်စတန် ၃ ကျမ်းစာကိုလည်း ပြသထားတယ်။ ဒီကျမ်းဟာ ဒိန်းမတ်ဘာသာစကားနဲ့ ထုတ်ဝေခဲ့တဲ့ ပထမဆုံး လုံးချင်းကျမ်းစာ ဖြစ်တယ်။ ခရစ်စတန် ၃ ကျမ်းစာဟာ ဒိန်းမတ်ဘာသာစကားအတွက် စံကျမ်းစာ ဖြစ်ခဲ့တဲ့အပြင် ဥရောပမြောက်ပိုင်း ဒေသအများစုအတွက် အရေးပါခဲ့တယ်။

၁၅၅၀ ပြည့်နှစ်ထုတ် ခရစ်စတန် ၃ မူရင်းကျမ်းစာ

စကင်ဒီနေဗီးယား ဌာနခွဲရုံးက အဲရစ် ဂျော်ဂင်ဆင် ဒီလိုပြောတယ်– “ရာစုနှစ်တွေတစ်လျှောက် ဘုရားစကားတော် သမ္မာကျမ်းစာနဲ့ ကြီးမြတ်တဲ့ နာမတော် ယေဟောဝါကို စကင်ဒီနေဗီးယားကလူတွေ အထူးလေးမြတ်ကြတယ်ဆိုတာ ဒီကျမ်းစာပြတိုက်အသစ်က ဖော်ပြပါတယ်။”