မာတိကာဆီ ကျော်သွား

ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ကို အီဒို (ဘယ်)၊ အီစန် (ညာ) စကားနဲ့ ထုတ်ဝေတဲ့အခါ နိုင်ဂျီးရီးယားက ညီအစ်ကို/မတွေ ဝမ်းသာပျော်ရွှင်နေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်
နိုင်ဂျီးရီးယား

အီဒို၊ အီစန် ဘာသာစကားတွေနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေ

အီဒို၊ အီစန် ဘာသာစကားတွေနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေ

နိုင်ဂျီးရီးယားနိုင်ငံ၊ ဘီနင်မြို့နဲ့ အက်ဘာမြို့မှာကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ “စိတ်ရှည်ကြပါ” ခရိုင်အစည်းအဝေးတွေမှာ နိုင်ဂျီးရီးယားဌာနခွဲကော်မတီဝင်တွေက ဒေသခံဘာသာစကားနှစ်မျိုးနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှာ ညီအစ်ကို အာချီဘွန် အီဘိုင်တီက အီဒိုစကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ ညီအစ်ကို မယ်ကွန် ဟောလ်က အီစန်စကားနဲ့ ထုတ်ဝေခဲ့တယ်။ တက်ရောက်သူတွေ ပုံနှိပ်ကျမ်းစာ ရရှိခဲ့ပြီး ဒီဂျစ်တယ်ပုံစံနဲ့လည်း ကူးယူနိုင်ခဲ့တယ်။ ကျမ်းစာအသံဖိုင်တွေလည်း နားဆင်နိုင်ပါပြီ။

အီဒို

အီဒိုစကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေတဲ့အစီအစဉ်ကို ၁,၆၇၈ ယောက် တက်ရောက်ခဲ့တယ်။ ကမ္ဘာတစ်ဝန်း အီဒိုစကားပြောသူ နှစ်သန်းဝန်းကျင်ရှိတယ်။ နိုင်ဂျီးရီးယားနိုင်ငံက အီဒိုစကားပြော အသင်းတော် ၂၃ ခုမှာ ညီအစ်ကို/မ ၉၀၀ ကျော် အမှုဆောင်နေတယ်။ ၂၀၁၄ ခုနှစ်မှာ အီဒိုစကားနဲ့ အချိန်ပြည့်ဘာသာပြန်အဖွဲ့ စတင်ဖွဲ့စည်းပြီး အဲဒီနှစ်မှာပဲ စာပေတွေကို jw.org ဝက်ဘ်ဆိုက်မှာ တင်နိုင်ခဲ့တယ်။

အီဒိုစကားနဲ့ တခြားကျမ်းစာဘာသာပြန်ကျမ်းတွေရှိပေမဲ့ ရှာရခက်ပြီး စျေးကြီးတယ်။ ဘာသာပြန်ကျမ်းအများစုမှာ ယေဟောဝါရဲ့နာမည် မပါဘူး။ ရှေးခေတ်စကားတွေလည်း သုံးနှုန်းထားတယ်။ ဒါကြောင့် ကျမ်းစာသတင်းစကားကို လူတွေ အလွယ်တကူ နားမလည်နိုင်ဘူး။ ယေဟောဝါကို အနှစ် ၅၀ ကျော် သစ္စာရှိရှိအမှုဆောင်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် ညီအစ်မ ပေးရှန့် အိုင်းဇက်ဘူဝါ အခုလိုပြောတယ်– “အီဒိုစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ရလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။”

အီစန်

အီစန်စကားနဲ့ ခရစ်ယာန်ဂရိကျမ်းစာ ထုတ်ဝေတဲ့အစီအစဉ်ကို ၆၉၂ ယောက် တက်ရောက်ခဲ့တယ်။ နိုင်ဂျီးရီးယားမှာ အီစန်စကားပြောသူ တစ်သန်းကျော် ရှိတယ်။ နိုင်ငံတစ်ဝန်းက အီစန်စကားပြော အသင်းတော် ၁၀ ခုမှာ ညီအစ်ကို/မ ၆၄၀ အမှုဆောင်နေပါတယ်။

ဒီဘာသာပြန်ကျမ်းဟာ အီစန်စကားနဲ့ ဦးဆုံးထုတ်ဝေတဲ့ ခရစ်ယာန်ဂရိကျမ်းစာ အပြည့်အစုံပါ။ ဒီကျမ်းစာမထုတ်ခင်ကဆိုရင် ညီအစ်ကို/မတွေက အင်္ဂလိပ်လိုရေးထားတဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကိုပဲ ဖတ်ခဲ့ရတယ်။ ၂ ကောရိန္သု ၄:၇ မှာ “မြေအိုးတွေလိုဖြစ်တဲ့ ကျွန်တော်တို့ဆီမှာ ဒီဘဏ္ဍာ ရှိနေတယ်” ဆိုပြီး သုံးနှုန်းထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက် အခုလိုပြောတယ်– “ဒီကျမ်းချက်ကို အင်္ဂလိပ်လိုဖတ်တုန်းက လုံးစေ့ပတ်စေ့ နားမလည်ဘူး။ အီစန်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာတော့ ‘ဘုရားသခင်က မြေအိုးတွေနဲ့ တူတဲ့ ကျွန်တော်တို့ကို ဒီအဖိုးတန်အမှုဆောင်လုပ်ငန်း ပေးအပ်ထားတယ်’ ဆိုပြီး ရေးထားတယ်။ အခုမှပဲ ရှင်းသွားတော့တယ်။ ရင်ထဲ ပိုထိသွားတယ်။ သိပ်ကောင်းတဲ့လက်ဆောင်ပါပဲ။”

အီဒိုနဲ့ အီစန် စကားပြော ညီအစ်ကို/မတွေ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ ရရှိကြလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ လူတွေ “အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိ” နိုင်ဖို့ ဆတက်ထမ်းပိုး ကူညီပေးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။—၁ တိမောသေ ၂:၃၊ ၄