မာတိကာဆီ ကျော်သွား

ဘယ်မှ ညာ- ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ်၊ ညီအစ်ကို အာတမ် ဘက်ဂရာဂျန်နဲ့ ဇနီး အာလစ်တီနာ၊ ညီအစ်ကို အန်ဒရေ ရစ်စကို့ဗ်

၂၀၂၁၊ မတ် ၁၆
ရုရှား

ကာ့စ်ခ်ပြည်နယ်က မောင်နှံတစ်စုံနဲ့ ညီအစ်ကို သုံးယောက် ယုံကြည်ချက်ကြောင့် ထောင်ကျနိုင်ဖွယ်ရှိ

ကာ့စ်ခ်ပြည်နယ်က မောင်နှံတစ်စုံနဲ့ ညီအစ်ကို သုံးယောက် ယုံကြည်ချက်ကြောင့် ထောင်ကျနိုင်ဖွယ်ရှိ

နောက်ဆုံးအချက်အလက် | ရုရှားတရားရုံးက ယေဟောဝါသက်သေ ငါးဦးရဲ့ အယူခံကို ပယ်ချ

၂၀၂၂၊ ဇန်နဝါရီ ၂၀ မှာ ကာ့စ်ခ်ပြည်နယ်၊ ခရိုင်တရားရုံးက ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ်၊ ညီအစ်ကို အန်ဒရေ ရစ်စကို့ဗ်၊ ညီအစ်ကို အလက်ဇန်ဒါ ဗော့စပီတန်ယုခ်နဲ့ ညီအစ်ကို အာတမ် ဘက်ဂရာဂျန်နဲ့ ဇနီး အာလစ်တီနာတို့ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူတို့ရဲ့ ပြစ်ဒဏ် မပြောင်းလဲပါ။

၂၀၂၁၊ ဇွန် ၃ မှာ ကာ့စ်ခ်ပြည်နယ်၊ ခရိုင် စက်မှုတရားရုံးက မောင်နှံတစ်စုံနဲ့ ညီအစ်ကို သုံးဦးရဲ့ အမှုကို စီရင်ချက် ချလိုက်တယ်။ ညီအစ်ကို အန်ဒရေယေ့ဗ်၊ ညီအစ်ကို ရစ်စကို့ဗ်တို့ကို လေးနှစ်ခွဲနဲ့ သုံးနှစ် အသီးသီး ထောင်ချလိုက်တယ်။ ညီအစ်ကို အာတမ် ဘက်ဂရာဂျန်နဲ့ ဇနီး အာလစ်တီနာကို နှစ်နှစ်ခွဲနဲ့ နှစ်နှစ် အသီးသီး ထောင်ချလိုက်တယ်။ ဒီအမှုထဲ ထပ်တိုးလာတဲ့ ညီအစ်ကို ဗော့စပီတန်ယုခ်က ခံဝန်ချက်နဲ့ လွတ်လာပေမဲ့ ကန့်သတ်ချက်တွေနဲ့ နေရတယ်။

ကိုယ်ရေးအကျဉ်း

အန်ဒရေ အန်ဒရေယေ့ဗ်

  • မွေးဖွားတဲ့နှစ်– ၁၉၇၆ (ကာစ်ခ့်ပြည်နယ်)

  • ဘဝအတ္ထုပ္ပတ္တိ– ၁၉၉၉ ခုနှစ်မှာ ဆဗက်လာနာနဲ့ လက်ထပ်တယ်။ သမီး နှစ်ယောက် ရှိတယ်။ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုတွေအကြောင်း သိလာတဲ့အခါ ကျမ်းစာကို စိတ်ဝင်စားလာပြီး ၂၀၀၂ ခုနှစ်မှာ နှစ်ခြင်းခံတယ်။

အာလစ်တီနာ ဘက်ဂရာဂျန်

  • မွေးဖွားတဲ့နှစ်– ၁၉၇၇ (ကာ့စ်ခ်ပြည်နယ်)

  • ဘဝအတ္ထုပ္ပတ္တိ– ကလေးဘဝကတည်းက အနုပညာ ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက ကျမ်းစာလေ့လာပြီး ၁၉၉၇ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၁၂ မှာ အာတမ်နဲ့ လက်ထပ်တယ်။ ဆံပင်ညှပ်တဲ့ အလုပ်လုပ်ရင်း မိခင်ကိုလည်း စောင့်ရှောက်နေတယ်။

အာတမ် ဘက်ဂရာဂျန်

  • မွေးဖွားတဲ့နှစ်– ၁၉၇၂ (အဘိုဗီရမ်၊ အာမေးနီးယား)

  • ဘဝအတ္ထုပ္ပတ္တိ– အာမေးနီးယားကနေ ရုရှားကို ပြောင်းရွှေ့လာသူ ဖြစ်တယ်။ ကာ့စ်ခ်မှာ အာလစ်တီနာနဲ့ ဆုံတယ်။ သူတို့ဇနီးမောင်နှံက ဖန်ဆင်းရာတွေကို နှစ်သက်တယ်။ ၂၀၀၀ ပြည့်နှစ်မှာ နှစ်ခြင်းခံတယ်။

အန်ဒရေ ရစ်စကို့ဗ်

  • မွေးဖွားတဲ့နှစ်– ၁၉၈၇ (ကာစ်ခ့်ပြည်နယ်)

  • ဘဝအတ္ထုပ္ပတ္တိ– ငယ်ငယ်ကတည်းက ဖခင် ဆုံးသွားတယ်။ အမေက အလုပ်နှစ်ခု လုပ်တဲ့အတွက် အဘိုးနဲ့ပဲ အနေများတယ်။ နှစ်ပေါင်းများစွာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေကို တွေ့ရှိပြီးနောက် ကျမ်းစာကို စိတ်ဝင်စားလာပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ ၂၀၁၆ မှာ မာရီနာနဲ့ လက်ထပ်တယ်။ လူနေတိုက်ခန်းတွေ ပြုပြင်ထိန်းသိမ်းတဲ့ အလုပ် လုပ်တယ်။

အမှုနောက်ကြောင်း

၂၀၁၉၊ အောက်တိုဘာ ၁၆ မှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) ရဲတွေဟာ ကာ့စ်ခ်ပြည်နယ်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အိမ်ထဲ အုပ်စုလိုက် ဝင်ရောက်ရှာဖွေ၊ စစ်ဆေးမေးမြန်းကြပြီး ညီအစ်ကို အန်ဒရေ အန်ဒရေယေ့ဗ်နဲ့ ဘက်ဂရာဂျန်တို့ကို ဖမ်းသွားတယ်။ ၂၀၂၀၊ ဇန်နဝါရီ ၂၁ မှာ ညီအစ်ကို ရစ်စကို့ဗ်ကို ဖမ်းဆီးတယ်။ ယာယီထိန်းသိမ်းရေး စခန်းမှာ ဆယ့်သုံးလကျော် ချုပ်ထားခံရပြီးနောက် ညီအစ်မ အာလစ်တီနာ ဘက်ဂရာဂျန်ဟာ ၂၀၂၀၊ ဒီဇင်ဘာ ၁၇ မှာ ပြန်လွတ်လာတယ်။ အခုတော့ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေတယ်။ ညီအစ်ကို သုံးယောက်ကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်။

အာတမ် ဘက်ဂရာဂျန်ဟာ ဆီးချိုရောဂါ ခံစားနေရတယ်။ ခင်ပွန်းနဲ့ ခွဲပြီး သီးခြား အချုပ်ခန်းတွေမှာ ထိန်းသိမ်းခံရစဉ်ကအကြောင်း အာလစ်တီနာ ဒီလိုပြောပြတယ်– “သူ ဘယ်လို နေမလဲ၊ သူ့ကျန်းမာရေး အခြေအနေ ပိုဆိုးလာမလား ဆိုတာတွေ အချိန်အတော်ကြာ မသိခဲ့ရဘူး။ ကျွန်မ သူ့ကို သိပ်သတိရတယ်။”

အာလစ်တီနာက ထိန်းသိမ်းခံရချိန်မှာ သူနဲ့ ညီအစ်ကိုတွေကို ယေဟောဝါ ဂရုစိုက်ပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်လို့ ပြန်ပြောပြတယ်။ “ယေဟောဝါဘုရားက ကျွန်မကို အမြဲ ခွန်အားပေးတယ်။ ဆက်ပြီးလည်း ပေးနေဦးမယ်ဆိုတာ အမြဲ ယုံကြည်စိတ်ချတယ်” လို့ ပြောတယ်။

တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေချိန်အတွင်း ယေဟောဝါဘုရားဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကို သုံးယောက်နဲ့ ညီအစ်မအတွက် ခိုင်ခံ့တဲ့ ရဲတိုက်အဖြစ် ဆက်ရှိနေပေးမယ်ဆိုတာ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။—ပညာအလိမ္မာ ၁၈:၁၀