မာတိကာဆီ ကျော်သွား

၂၀၁၇ ခုနှစ်​တုန်း​က ဒဲနစ္စ ခရစ်​တန်​ဆန် တရား​ရင်ဆိုင်​စဉ်

မေ ၁၀၊ ၂၀၁၈
ရုရှား

ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့​အမှု ပထမ​အကြိမ် သက်သေ​ထွက်ဆိုချက်​ကို အို​ရွိုလ်​တရားရုံး ကြားနာ

ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့​အမှု ပထမ​အကြိမ် သက်သေ​ထွက်ဆိုချက်​ကို အို​ရွိုလ်​တရားရုံး ကြားနာ

၂၀၁၈၊ ဧပြီ ၂၃ ရက်​နေ့မှာ ဒဲနစ္စ ခရစ်​တန်​ဆန်​ရဲ့ အမှုကို အို​ရွိုလ်​မြို့၊ ရှ​လက်​ဇ​နာ ဒရော်​ဇ​က်​ဇ​နီ ခရိုင်​တရားရုံးမှာ ပြန်​စစ်ဆေးပါ​တယ်။ ဒိန်းမတ်​နိုင်ငံသား၊ ယေဟောဝါ​သက်သေ မစ္စတာ ခရစ်​တန်​ဆန်​ဟာ ၂၀၁၇၊ မေလ၊ ဘာသာရေး​အစည်းအဝေး​မှာ အဖမ်းခံရ​ချိန်​ကတည်းက စုံစမ်း​စစ်ဆေးခြင်း မရှိဘဲ ချုပ်နှောင်​ခံ​ထား​ရတယ်။

မစ္စတာ ခရစ်​တန်​ဆန်​ကို ‘အစွန်းရောက်​အဖွဲ့အစည်းရဲ့ လုပ်ငန်း စီမံ​ဆောင်ရွက်ပေး​မှု’ နဲ့ အစိုးရ​ရှေ့နေ မစ္စတာ ဖို​မင်​က တရားစွဲ​ထားပါ​တယ်။ အစွန်းရောက်​အဖွဲ့အစည်း​ဆိုတာ ၂၀၁၆၊ ဇွန်လမှာ ဖျက်သိမ်း​ထားတဲ့၊ အို​ရွိုလ်​မြို့ရှိ ယေဟောဝါသက်သေများရဲ့ ဒေသန္တရ ဘာသာရေး​အဖွဲ့အစည်း (LRO) ကို ဆိုလိုတယ်။ မစ္စတာ ခရစ်​တန်​ဆန်​ရဲ့ ရှေ့နေ​တွေ​က အို​ရွိုလ်​မြို့၊ ယေဟောဝါ​သက်သေ အသင်းတော်ဟာ အသင်းအဖွဲ့​အနေနဲ့ မဟုတ်ဘဲ အုပ်စု​အနေနဲ့ ကျမ်းစာ​လေ့လာဖို့ ငြိမ်သက်​အေးချမ်း​စွာ စုဝေးခြင်း​သာ​ဖြစ်ကြောင်း ချေပ​ခဲ့​ကြတယ်။ ရုရှား​အစိုးရက ယေဟောဝါ​သက်သေ ဘာသာရေး​ကို ပိတ်ပင်ခြင်း မဟုတ်​ကြောင်း၊ ရုရှား ဖွဲ့စည်းပုံ​အခြေခံ​ဥပဒေ​မှာ လူတစ်ယောက်ရဲ့ ဘာသာရေး ယုံကြည်ချက်ကို လေးစားပါ​မယ် aလို့ ပါရှိကြောင်း၊ ဒါကြောင့် မစ္စတာ ခရစ္စ​တန်​ဆန် ဝတ်ပြု​စည်းဝေး​မှာ ပါဝင်​နေတာ​က ယုံကြည်ချက်ကို ကျင့်သုံးခြင်း​သာ​ဖြစ်ကြောင်း ရှေ့နေ​တွေ​က အလေးအနက် ဖော်ပြခဲ့​ကြတယ်။

သက်သေ​ထွက်ဆိုချက်​ကို ၂၀၁၈၊ ဧပြီ ၂၄ ရက်​နေ့မှာ စတင်​ကြားနာ​တယ်။ အစိုးရ​ရှေ့နေ​က ဖယ်ဒရယ် လုံခြုံရေး​ဌာန ကိုယ်စားလှယ်​တစ်ယောက်ကို ဦးဆုံး မေးမြန်းတယ်။ ၂၀၁၇ ခုနှစ်၊ အို​ရွိုလ်​မြို့ ဝတ်ပြုရာ​ခန်းမ​ကို ဝင်စီး​ချိန် ဗီဒီယို မှတ်တမ်း​အကြောင်း ထွက်ဆို​တယ်။ ဗီဒီယို​မှတ်တမ်းမှာ အဆောက်အအုံ​ထဲ ဝင်လာ​သူတွေကို မစ္စတာ ခရစ်​တန်​ဆန် ကြိုဆို​ပုံကို​ပဲ မှတ်တမ်း​တင်ထားတဲ့​အတွက် အဆောက်အအုံ​အတွင်း ဖြစ်ရပ်ကို မဖော်​ပြ​နိုင်​ခဲ့​ဘူး။ ဒါကြောင့် အို​ရွိုလ်​မြို့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်သူ ဒေသခံ အမျိုးသမီး​တစ်ယောက်ကို အစိုးရ​ရှေ့နေ​က မေးမြန်းခဲ့​တယ်။ ဒါပေမဲ့ အို​ရွိုလ်​မြို့ LRO ကို မ​ဖျက်သိမ်း​ခင်​က အစည်းအဝေးတွေကို တက်ရောက်​ခဲ့​တာ​ဖြစ်လို့ မစ္စတာ ခရစ်​တန်​ဆန်​ရဲ့ လုပ်ဆောင်မှုတွေကို မပြောပြ​နိုင်​ခဲ့​ဘူး။

အီရီနာ ခရစ်​တန်​ဆန်

နောက်​နေ့မှာ အစိုးရ​ရှေ့နေ​က အသက် ၇၈ နှစ်အရွယ် ယေဟောဝါ​သက်သေ အမျိုးသမီးကို မေးမြန်းခဲ့​တယ်။ ပြစ်မှု​မြောက်​တဲ့ “အထောက်အထား” ရှာတွေ့​ဖို့ အစိုးရ​ရှေ့နေ​က နှစ်နာရီ​ခွဲ​ကြာ စစ်ဆေး​မေးမြန်းခဲ့​ပေမဲ့ ယေဟောဝါသက်သေတွေ​မှာ ဒါရိုက်တာ​တွေ၊ ခေါင်းဆောင်တွေ မရှိကြောင်း၊ အစည်းအဝေးတွေမှာ ရုရှား​အစိုးရ ပိတ်ပင်​ထားတဲ့ ဘာသာရေး​စာပေတွေကို တစ်ခါ​မှ အသုံးမပြု​ခဲ့​ကြောင်း​သာ ထွက်ဆို​ခဲ့တယ်။

၂၀၁၈၊ မေ ၁၄ ရက်​နေ့မှာ ပြန်လည်​ကြားနာ​ပြီး မေလ​အတွင်း ရက်​ဆက် ကြားနာ​သွားပါမယ်။ မစ္စတာ ခရစ်​တန်​ဆန်​ကို အပြစ်​ရှိတယ်လို့ စီရင်ချက်ချ​ရင် ထောင်ဒဏ် ၆ နှစ်​ကနေ ၁၀ နှစ်အထိ ကျ​ခံနိုင်​ပါတယ်။ ဒါကြောင့် ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေတွေဟာ မစ္စတာ ခရစ်​တန်​ဆန်​နဲ့ ဇနီး အီရီနာ​အတွက် စိတ်ပူ​နေကြပါတယ်။

a အို​ရွိုလ်​မြို့၊ ယေဟောဝါသက်သေများရဲ့ LRO ကို ပိတ်ပင်​တဲ့ ဆုံးဖြတ်ချက် အတည်ပြု​ချိန်မှာ တရားရုံးချုပ်​က ဒီလို ဖော်ပြခဲ့တယ်– “အစွန်းရောက် ဘာသာရေး​စာပေတွေ ဖြန့်ဝေ​တာ မဟုတ်​ရင် လွတ်လပ်​စွာ ဝတ်ပြု​စည်းဝေး​ပိုင်ခွင့် ရှိလို့ အသင်းသားတွေရဲ့ ဘာသာရေး ရွေးချယ်ပိုင်ခွင့် ချိုးဖောက်​မခံရ​ပါ။”