မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ယောဟန် ၁၅:၁၃​—“ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ”

ယောဟန် ၁၅:၁၃​—“ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ”

 “မိတ်ဆွေတွေအတွက် အသက် စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး။”​—ယောဟန် ၁၅:​၁၃ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။”​—ယောဟန် ၁၅:​၁၃၊ ယုဒသန်ကျမ်း။

ယောဟန် ၁၅:၁၃ ရဲ့ အဓိပ္ပာယ်

 ယေရှုက တမန်တော်တွေကို တစ်ယောက်ကိုတစ်ယောက် လိုလိုလားလား အသက်ပေးတဲ့အထိ မေတ္တာရှိဖို့ ပြောနေတာပါ။

 အဲဒီစကားကို မပြောခင် “ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော်ပေးတဲ့ ပညတ်ချက်ပဲ” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၅:၁၂) တမန်တော်တွေအပေါ် ယေရှု ဘယ်လိုမေတ္တာမျိုး ပြခဲ့သလဲ။ တစ်ကိုယ်ကောင်းမဆန်တဲ့ ကိုယ်ကျိုးစွန့်မေတ္တာ ပြခဲ့တယ်။ ကမ္ဘာပေါ်မှာ ယေရှု အမှုဆောင်ခဲ့စဉ်က မိမိအကျိုးထက် နောက်လိုက်တွေရဲ့ အကျိုးကို ဦးစားထားခဲ့တယ်။ လူတွေရဲ့ရောဂါကို ကုသပေးပြီး ဘုရားနိုင်ငံတော်အကြောင်း သင်ကြားပေးခဲ့တယ်။ a တခြားသူတွေရဲ့ အကျိုးအတွက် အစေအပါးအလုပ်တွေကိုတောင် လုပ်ဆောင်ခဲ့တယ်။ (မဿဲ ၉:၃၅။ လုကာ ၂၂:၂၇။ ယောဟန် ၁၃:​၃-၅) ဒါပေမဲ့ ယောဟန် ၁၅:၁၃ မှာ ယေရှုက ပိုမွန်မြတ်တဲ့မေတ္တာလုပ်ရပ်အကြောင်း ရည်ညွှန်းနေတာ။ အဲဒီစကားတွေပြောပြီးနောက် နာရီအနည်းငယ်မှာ “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို” တလိုတလား ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈။ ၂၂:၃၉) ဒီနည်းအားဖြင့် ယေရှုဟာ ကိုယ့်ကိုယ်ကိုထက် တခြားသူတွေကို ပိုချစ်ကြောင်း ထူးခြားစွာ ပြသခဲ့တယ်။

 ယေရှုက လူတွေကို ချစ်တယ်။ အထူးသဖြင့် မိမိရဲ့သွန်သင်ချက်ကို လိုက်နာသူတွေကို ချစ်တယ်။ မိတ်ဆွေရင်းချာတွေလို သဘောထားတယ်။ သူတို့က ယေရှုရဲ့သွန်သင်ချက်ကို လိုက်နာပြီး ယေရှုစမ်းသပ်မှု ကြုံရချိန်မှာ မစွန့်ခွာကြလို့ပါ။ (လုကာ ၂၂:၂၈။ ယောဟန် ၁၅:​၁၄၊ ၁၅) ဒါကြောင့် သူတို့အတွက် ယေရှု တလိုတလား အသက်စွန့်ပေးခဲ့တာ။

 ပထမရာစုခရစ်ယာန်တွေဟာ ယေရှုပြောခဲ့တဲ့ စကားတွေကို ဘဝမှာ ကျင့်သုံးကြတယ်။ အချင်းချင်းအတွက် အသက်စွန့်ဖို့ အသင့်ရှိကြတယ်။ (၁ ယောဟန် ၃:၁၆) အမှန်ပါပဲ၊ ယေရှုပြသခဲ့တဲ့ ကိုယ်ကျိုးစွန့်မေတ္တာဟာ ခရစ်ယာန်စစ်တွေရဲ့ အဓိကအမှတ်အသား ဖြစ်လာပါလိမ့်မယ်။​—ယောဟန် ၁၃:​၃၄၊ ၃၅

ယောဟန် ၁၅:၁၃ ရဲ့ အထက်အောက်စကား

 ယေရှု မသေဆုံးခင်လေးမှာ သစ္စာရှိတမန်တော် ၁၁ ယောက်ကို ပြောခဲ့တဲ့စကားတွေ၊ သူတို့နဲ့အတူ နောက်ဆုံး ဆုတောင်းခဲ့တာတွေကို ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၃ ကနေ ၁၇ မှာ မှတ်တမ်းတင်ထားတယ်။ တပည့်တွေဟာ ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေဖို့လိုတယ်။ ဒါမှ ယေရှုရဲ့နောက်လိုက်စစ်တွေဖြစ်ကြောင်း သက်သေပြနိုင်မှာ။ အဲဒီအချက်ကို အခန်းကြီး ၁၅ မှာ စပျစ်ပင်နဲ့ဆက်နေတဲ့ အကိုင်းနဲ့ နှိုင်းယှဉ်ပြီး ယေရှု ပုံဥပမာပြခဲ့တယ်။ “အသီးများစွာသီး” ခြင်းဖြစ်တဲ့ အမူအကျင့်ကောင်းတွေပြဖို့ တပည့်တွေကို တိုက်တွန်းခဲ့တယ်။ (ယောဟန် ၁၅:​၁-၅၊ ၈) အမူအကျင့်ကောင်းပြနိုင်တဲ့ နည်းတစ်နည်းကတော့ ယေရှုလို “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ဟောပြောပြီး တခြားသူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာတင်ပြခြင်းပါပဲ။​—လုကာ ၄:၄၃။ ယောဟန် ၁၅:​၁၀၊ ၁၇

 ယောဟန်ကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်မှာ ဘုရားသခင်တည်ထောင်ထားတဲ့ အစိုးရဖြစ်တယ်။ ဘုရားနိုင်ငံတော်က ကမ္ဘာမြေကိုအုပ်ချုပ်ပြီး ကမ္ဘာမြေအတွက် ဘုရားအလိုတော်ကို ပြည့်စုံစေပါလိမ့်မယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:​၉၊ ၁၀) ထပ်သိချင်ရင် “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။