မာတိကာဆီ ကျော်သွား

ပညာရှင်တွေက ယေရှု တကယ်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ကြသလား။

ပညာရှင်တွေက ယေရှု တကယ်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ကြသလား။

 ယေရှုတကယ်အသက်ရှင်ခဲ့တယ်ဆိုတာ ယုံကြည်ဖို့ ပညာရှင်တွေမှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိတယ်။ ယေရှုနဲ့ ပထမရာစုအစောပိုင်းခရစ်ယာန်တွေအကြောင်း ပထမနဲ့ ဒုတိယရာစုက သမိုင်းပညာရှင်တွေရဲ့ ကိုးကားချက်နဲ့ပတ်သက်ပြီး ၂၀၀၂ ခုနှစ်ထုတ် စွယ်စုံကျမ်းတစ်အုပ် (Encyclopædia Britannica) မှာ ခုလိုရေးထားတယ်– “ရှေးခေတ်က ခရစ်ယာန်ဘာသာကို ဆန့်ကျင်သူတွေတောင် သမိုင်းမှာ ယေရှုအမှန်တကယ်အသက်ရှင်ခဲ့တယ်ဆိုတဲ့အချက်ကို ယုံကြည်ကြကြောင်း ဘက်မလိုက်တဲ့ဒီမှတ်တမ်းတွေက သက်သေထူနေပေမဲ့ ၁၈ ရာစုအဆုံးပိုင်း၊ ၁၉ ရာစုအတွင်းနဲ့ ၂၀ ရာစုအစပိုင်းမှာ ဒီကိစ္စကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ လူတွေစတင်ငြင်းခုံလာကြတယ်။”

 ၂၀၀၆ ခုနှစ်မှာထုတ်တဲ့ ယေရှုနဲ့ရှေးဟောင်းသုတေသန ဆိုတဲ့စာအုပ်မှာ ဒီလိုပြောတယ်– “ယောသပ်ရဲ့သား ယေရှုအမည်ရှိတဲ့ ဂျူးတစ်ယောက် တကယ်အသက်ရှင်ခဲ့တယ်ဆိုတာ သံသယရှိတဲ့သူတွေထဲမှာ နာမည်ရတဲ့ ပညာရှင်တွေမပါဘူး။ သူ့ (ယေရှု) ရဲ့ လုပ်ဆောင်မှုနဲ့ အခြေခံသွန်သင်ချက်အတော်များများကို အခု သိရပြီဆိုပြီး (ပညာရှင်)အများစုက ဝန်ခံကြတယ်။”

 သမ္မာကျမ်းစာက ယေရှုကို တကယ်အသက်ရှင်ခဲ့သူအဖြစ် ဖော်ပြထားပြီး ယေရှုရဲ့ ဆွေစဉ်မျိုးဆက်နဲ့ မိသားစုအရင်းအချာတွေရဲ့ နာမည်တွေကို ဖော်ပြထားတယ်။ (မဿဲ ၁:၁၊ ၁၃:၅၅) ယေရှုနဲ့ တစ်ခေတ်တည်းအသက်ရှင်ခဲ့တဲ့ နာမည်ကြီးအုပ်စိုးရှင်တွေရဲ့ နာမည်တွေကိုလည်း ဖော်ပြထားတယ်။ (လုကာ ၃:၁၊ ၂) ဒီအသေးစိတ်အချက်အလက်တွေက ကျမ်းစာမှတ်တမ်းရဲ့ တိကျမှန်ကန်မှုကို ဆန်းစစ်ဖို့ သုတေသီတွေကို အခွင့်အရေးရစေတယ်။