မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ဘာလုပ်ရမလဲ

သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ဘာလုပ်ရမလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 သမ္မာကျမ်းစာကိုယ်နှိုက်က နားလည်ဖို့ ဘာလုပ်ရမယ်ဆိုတာ ရှင်းပြပေးပါတယ်။ သင့်နောက်ခံ ဘယ်လိုပဲရှိပါစေ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့ သတင်းစကားက “သင့်အတွက် နားမလည်နိုင်အောင် ခဲယဉ်းသည်မဟုတ်။ သင်တို့လက်လှမ်းမမီနိုင်အောင် ဝေးသည်မဟုတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။–တရားဟောရာ ၃၀:၁၁ခမ။

သမ္မာကျမ်းစာကို နားလည်နိုင်မယ့် နည်းလမ်းများ

  1.  ၁။ စိတ်ရင်းမှန်ရှိပါ။ သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ တရားစကားတော်အဖြစ် လက်ခံပါ။ ဘုရားသခင်က မာနကြီးတာကို မကြိုက်တဲ့အတွက် နှိမ့်ချမှုရှိပါ။ (၁ သက်သာလောနိတ် ၂:၁၃; ယာကုပ် ၄:၆) အချက်အလက်မစုံဘဲ မျက်စိစုံမှိတ် ယုံလိုက်တာမျိုးကို ရှောင်ပါ။ ဘုရားသခင်က “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သင် အသုံးပြုဖို့ အလိုရှိတယ်။–ရောမ ၁၂:၁၊ ၂

  2.  ၂။ ဉာဏ်ပညာရဖို့ ဆုတောင်းပါ။ “ကိုယ့်ဉာဏ်ကိုအမှီမပြုနှင့်” ဆိုပြီး သုတ္တံ ၃:၅ မှာ ဆိုထားပါတယ်။ ကိုယ့်ဉာဏ်ကို အမှီပြုမယ့်အစား သမ္မာကျမ်းစာကို နားလည်နိုင်တဲ့ ဉာဏ်ပညာရဖို့ ‘ဘုရားသခင်ကို ဆက်၍တောင်းလျှောက်’ နေပါ။–ယာကုပ် ၁:၅

  3.  ၃။ ပုံမှန်လေ့လာပါ။ စိတ်ကူးပေါက်မှ လေ့လာတာမျိုးမဟုတ်ဘဲ ကျမ်းစာကို ပုံမှန်လေ့လာသွားမယ်ဆိုရင် ပိုအကျိုးရှိပါလိမ့်မယ်။–ယောရှု ၁:၈

  4.  ၄။ အကြောင်းအရာလိုက် လေ့လာပါ။ သတ်သတ်မှတ်မှတ် အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာကို နားလည်အောင် လေ့လာမယ်ဆိုရင် အဲဒါက သမ္မာကျမ်းစာသွန်သင်ရာကို လေ့လာနိုင်တဲ့ ထိရောက်တဲ့နည်းလမ်း ဖြစ်ပါလိမ့်မယ်။ “အခြေခံအယူဝါဒ” တွေကို အရင်စလေ့လာပါ။ ပြီးမှ နက်နဲရာတွေကို ထပ်လေ့လာခြင်းအားဖြင့် “ရင့်ကျက်” တဲ့အဖြစ်ကို တက်လှမ်းနိုင်ပါတယ်။ (ဟေဗြဲ ၆:၁၊ ၂) ကျမ်းချက်တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြီး လေ့လာနိုင်ပါတယ်။ “နားလည်ရခက်” တဲ့အကြောင်းအရာတွေ ဖြစ်မယ်ဆိုရင်တောင် ကျမ်းချက်တွေ တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်လိုက်တဲ့အခါ ရှင်းလင်းလာတာကို သင် တွေ့ရပါလိမ့်မယ်။–၂ ပေတရု ၃:၁၆

  5.  ၅။ တခြားသူရဲ့အကူအညီကို ယူပါ။ ကျမ်းစာကိုနားလည်တဲ့ တခြားသူတွေရဲ့ အကူအညီကို ယူဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။ (တမန်တော် ၈:၃၀၊ ၃၁) ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာလိုသူတွေကို အခမဲ့ ကူညီပေးချင်ကြတယ်။ သူတို့ဟာ ကနဦးခရစ်ယာန်တွေလိုပဲ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကို နားလည်ဖို့ တခြားသူတွေကို ကူညီပေးရာမှာ ကျမ်းချက်တွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့နည်းကို အသုံးပြုကြပါတယ်။–တမန်တော် ၁၇:၂၊ ၃

သင့်မှာရှိဖို့မလိုတဲ့အရာ

  1.  ၁။ ဉာဏ်ကောင်းခြင်း ဒါမှမဟုတ် အဆင့်မြင့်ပညာရေး။ သမ္မာကျမ်းစာကိုနားလည်ပြီး တခြားသူတွေကို သွန်သင်ပေးတဲ့ တမန်တော် ၁၂ ပါးဟာ ‘ပညာတတ်တွေမဟုတ် သာမန်လူ’ တွေပဲ ဖြစ်ကြပါတယ်။–တမန်တော် ၄:၁၃

  2.  ၂။ ငွေကြေး။ သမ္မာကျမ်းစာကို သင် အခမဲ့ လေ့လာနိုင်ပါတယ်။ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်- “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ ပေးကမ်းကြလော့။”–မဿဲ ၁၀:၈