မာတိကာဆီ ကျော်သွား

“သေပြစ်ခုနစ်မျိုး” ဆိုတာ ရှိသလား

“သေပြစ်ခုနစ်မျိုး” ဆိုတာ ရှိသလား

ကျမ်းစာအဖြေ

 “သေပြစ်ခုနစ်မျိုး” ဆိုပြီး ကျမ်းစာမှာ အရေအတွက် တိတိကျကျ မပြောပါဘူး။ ဒါပေမဲ့ ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်မယ်ဆိုရင် ကယ်တင်ခြင်း မရနိုင်တဲ့အကြောင်းကိုတော့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ မတရားမေထုန်ပြုခြင်း (လိင်အကျင့်ယိုယွင်းခြင်း)၊ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာလိုက်စားခြင်း၊ အမျက်ထွက်ခြင်း၊ သောက်စားမူးယစ်ခြင်းစတာတွေကို “လူ့ဇာတိနှင့်ဆိုင်သော အကျင့်” ဆိုပြီး ကြီးလေးတဲ့အပြစ်အနေနဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီနောက် “ဤအရာများကို ပြုကျင့်သူတို့သည် ဘုရားသခင့် နိုင်ငံတော်ကို အမွေမခံကြရ” လို့ဆိုထားတယ်။​—ဂလာတိ ၅:​၁၉-​၂၁ a

‘ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ ခုနှစ်ပါး’ ဆိုပြီး ကျမ်းစာမှာ ပြောထားတယ် မဟုတ်လား

 ဟုတ်ပါတယ်။ ယုဒသန်ဘာသာပြန်ကျမ်းရဲ့ သုတ္တံ ၆:၁၆ မှာ “ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါး” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါပေမဲ့ သုတ္တံ ၆:၁၇-၁၉ မှာ ဆက်လက်ဖော်ပြတာတွေက အပြစ်ရှိသမျှကို စုပေါင်းဖော်ပြထားတာ မဟုတ်ဘူး။ အဲဒီအစား အတွေးမှား၊ အပြောမှား၊ လုပ်ရပ်မှားတွေ အပါအဝင် မှားယွင်းတဲ့အကျင့်အမျိုးမျိုးကို ခြုံငုံဖော်ပြထားတာ ဖြစ်တယ်။ b

“သေပြစ်” ဆိုတဲ့ အသုံးအနှုန်းက ဘာအဓိပ္ပာယ်လဲ

 ဘာသာပြန်ကျမ်းတချို့က ဒီစကားလုံးကို ၁ ယောဟန် ၅:၁၆ မှာ သုံးနှုန်းထားတယ်။ ဥပမာ၊ ယုဒသန်ဘာသာပြန်ကျမ်းမှာ “သေပြစ်သင့်သော ဒုစရိုက်ရှိ၏” လို့ ရေးထားတယ်။ “သေပြစ်” ဆိုတဲ့ အသုံးအနှုန်းကို “သေဒဏ်ထိုက်သော အပြစ်” လို့လည်း ဘာသာပြန်ဆိုနိုင်တယ်။ “သေဒဏ်ထိုက်သော အပြစ်” နဲ့ “သေဒဏ်မထိုက်သော အပြစ်” က ဘယ်လိုကွာခြားသလဲ။​—၁ ယောဟန် ၅:​၁၆သမာကျမ်း။

 အပြစ်မှန်သမျှ သေခြင်းကို ဦးတည်စေတယ်လို့ ကျမ်းစာက ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ ဒါပေမဲ့ ယေရှုခရစ်ရဲ့ ရွေးဖိုးပူဇော်သကာကြောင့် အပြစ်နဲ့သေခြင်းကနေ ကျွန်တော်တို့ ကယ်တင်ခံရနိုင်တယ်။ (ရောမ ၅:​၁၂; ၆:​၂၃) ဒါကြောင့် “သေဒဏ်ထိုက်သောအပြစ်” ဆိုတာ ယေရှုရဲ့ ရွေးဖိုးပူဇော်သကာကနေ အကျိုးမရနိုင်တဲ့ အပြစ်ကို ဆိုလိုတယ်။ အဲဒီလိုအပြစ်မျိုးကို ကျူးလွန်တဲ့သူဟာ သူ့ရဲ့သဘောထားနဲ့ အကျင့်ကို ဘယ်တော့မှ မပြောင်းလဲဘဲ အပြစ်လမ်းစဉ်အတိုင်း လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်တယ်။ အဲဒီလိုအပြစ်မျိုးကို ‘ခွင့်လွှတ်မခံရမယ့်’ အပြစ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။​—မဿဲ ၁၂:၃၁; လုကာ ၁၂:၁၀

a ဂလာတိ ၅:​၁၉-​၂၁ မှာပါတဲ့ ကြီးလေးတဲ့အပြစ် ၁၅ ခုဟာ အပြစ်အားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ မဟုတ်ပါဘူး။ အပြစ် ၁၅ ခုကို ဖော်ပြပြီးနောက် “ထိုသို့သောအရာများ” ဆိုတဲ့စကားကို ဆက်ပြောထားသေးတယ်။ အပြစ် ၁၅ ခုမှာမပါပေမဲ့ “ထိုသို့သောအရာများ” ထဲမှာ တခြားဘာအပြစ်တွေလည်း အကျုံးဝင်မှန်း ထည့်စဉ်းစားဖို့ ကျမ်းစာဖတ်တဲ့သူကို အားပေးထားတယ်။

b သုတ္တံ ၆:၁၆ မှာ ဟီဘရူးအသုံးအနှုန်းတစ်ခု ပါတယ်။ အရေအတွက် နှစ်ခုကို နှိုင်းယှဉ်ဖော်ပြပြီး ဒုတိယအရေအတွက်ကို အလေးပေးတဲ့ ဒီလိုအသုံးအနှုန်းမျိုးကို ကျမ်းစာမှာ မကြာခဏတွေ့ရတယ်။​—ယောဘ ၅:​၁၉; သုတ္တံ ၃၀:၁၅၊ ၁၈၊ ၂၁