မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၁

ဘုရားသခင့်နိုင်ငံတော်က ရန်သူတွေအပေါ်အောင်ပွဲခံ

ဘုရားသခင့်နိုင်ငံတော်က ရန်သူတွေအပေါ်အောင်ပွဲခံ

အဓိကအကြောင်းအရာ

အာမဂေဒုန်စစ်ပွဲဆီကို ဦးတည် သွားမယ့် အဖြစ်အပျက်များ

၁၊ ၂။ (က) ၁၉၁၄ ခုနှစ်ကစပြီး ဘုရင်စိုးစံနေပြီဖြစ်ကြောင်း ဘာတွေက သက်သေထူသလဲ။ (ခ) ဒီအခန်းမှာ ဘယ်အကြောင်းကို သုံးသပ်ကြမလဲ။

ရန်သူတွေအလယ်မှာ ဘုရားသခင့်နိုင်ငံတော် ပြီးမြောက်အောင်မြင်ခဲ့ရာတွေကို ပြန်သုံးသပ်တာက ယုံကြည်ခြင်းခိုင်ခံ့စေတယ်။ (ဆာ. ၁၁၀:၂) ဘုရင်က လိုလိုလားလားဟောပြောသူ တပ်မဟာကြီးကို ဖွဲ့စည်းခဲ့ပြီ။ သူ့နောက်လိုက်တွေရဲ့ ၀တ်ပြုရေးပိုင်းနဲ့ကိုယ်ကျင့်တရားပိုင်းကို သန့်စင်ပေးခဲ့ပြီ။ နိုင်ငံတော်ရဲ့ရန်သူတွေက ကျွန်တော်တို့စိတ်၀မ်းကွဲအောင် နည်းအမျိုးမျိုးနဲ့ကြိုးစားပေမဲ့ အခုအချိန်မှာ ကမ္ဘာချီစည်းလုံးမှုကို ခံစားနေရတယ်။ ဒီအချက်တွေအပြင် နိုင်ငံတော်ပြီးမြောက်အောင်မြင်ခဲ့တဲ့ တခြားအချက်များစွာကိုလည်း လေ့လာခဲ့ကြတယ်။ အဲဒါတွေက ၁၉၁၄ ခုနှစ်ကစပြီး ရန်သူတွေအလယ်မှာ ကျွန်တော်တို့ဘုရင်စိုးစံနေပြီဖြစ်ကြောင်း ခိုင်ခိုင်မာမာသက်သေထူတယ်။

နိုင်ငံတော်က အနာဂတ်လက်တစ်ကမ်းအလိုမှာ ဒီထက်ပိုအံ့သြစရာကောင်းတာတွေကို လုပ်ဆောင်ပါတော့မယ်။ နိုင်ငံတော် “လာ” ပြီး ရန်သူတွေကို ‘ခြေမွှဖျက်ဆီးပစ်’ တော့မယ်။ (မ. ၆:၁၀; ဒံ. ၂:၄၄၊ ၄၅ကဘ) ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင် ထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်လာအုံးမယ်။ ဘာဖြစ်ရပ်တွေလဲ။ ကျမ်းစာပရောဖက်ပြုချက်တွေမှာ အဖြေတွေ့နိုင်ပါတယ်။ ရှေ့မှာဘာတွေဖြစ်လာမယ်ဆိုတာ သိနိုင်ဖို့ ပရောဖက်ပြုချက်တချို့ကို လေ့လာကြည့်ရအောင်။

“မမျှော်လင့်သော ပျက်စီးခြင်းဘေး” မတိုင်ခင် ဖြစ်လာမယ့်အရာ

၃။ ကျွန်တော်တို့စောင့်မျှော်နေတဲ့ ဦးဆုံးအဖြစ်အပျက်က ဘာလဲ။

ငြိမ်းချမ်းရေးကြွေးကြော်သံ။ သက်သာလောနိတ်မြို့သားတွေဆီ စာရေးချိန်မှာ တမန်တော်ပေါလုက ကျွန်တော်တို့စောင့်မျှော်နေတဲ့ ဦးဆုံးဖြစ်ရပ်အကြောင်း ပြောခဲ့တယ်။ (၁ သက်သာလောနိတ် ၅:၂၊ ၃ ကိုဖတ်ပါ။) အဲဒီစာမှာ ပေါလုက “မဟာဗာဗုလုန်” ကိုတိုက်ခိုက်ခြင်းနဲ့အစပြုမယ့် “ယေဟောဝါဘုရား၏နေ့ရက်” အကြောင်း ပြောထားတယ်။ (ဗျာ. ၁၇:၅) ဒါပေမဲ့ ယေဟောဝါရဲ့နေ့ မစခင်လေးမှာ တိုင်းနိုင်ငံတွေက “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ကြွေးကြော်ကြလိမ့်မယ်။ အဲဒါက တစ်ကြိမ်တည်း ကြွေးကြော်တာဖြစ်နိုင်သလို သတိပြုမိလောက်အောင် ဆက်တိုက်ကြွေးကြော်တာလည်း ဖြစ်နိုင်တယ်။ ဘာသာရေးခေါင်းဆောင်တွေကော အဲဒီထဲမှာပါမလား။ သူတို့လည်း ဒီလောကရဲ့အစိတ်အပိုင်းဖြစ်တာကြောင့် တိုင်းနိုင်ငံတွေနဲ့ပူးပေါင်းပြီး ‘ငြိမ်သက်ခြင်းရှိတယ်’ လို့ ပြောကောင်းပြောကြလိမ့်မယ်။ (ယေ. ၆:၁၄ကဘ; ၂၃:၁၆၊ ၁၇; ဗျာ. ၁၇:၁၊ ၂) ငြိမ်းချမ်းပြီ၊ လုံခြုံပြီဆိုတဲ့ ကြွေးကြော်သံက ယေဟောဝါရဲ့နေ့ကြီး စတော့မယ်ဆိုတာကို အချက်ပြပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ရန်သူတွေ လုံးဝ “လွတ်မြောက်” မှာမဟုတ်ဘူး။

၄။ ငြိမ်းချမ်းပြီ၊ လုံခြုံပြီဆိုတဲ့ ပရောဖက်ပြုချက်ကို နားလည်ထား တာက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။

ဒီပရောဖက်ပြုချက်အကြောင်း နားလည်တာက ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုသလဲ။ ပေါလုက “သင်တို့သည် မှောင်မိုက်တွင် ရှိနေသူများ မဟုတ်ကြ။ သို့ဖြစ်၍ သူခိုးကို ဖမ်းမိသကဲ့သို့ ထိုနေ့ရက်သည် သင်တို့ကို အုပ်မိလိမ့်မည်မဟုတ်” ဆိုပြီး ပြောခဲ့တယ်။ (၁ သက်. ၅:၃၊ ၄) ဒီလောကမှာရှိတဲ့ လူအများစုနဲ့မတူဘဲ ကျွန်တော်တို့ဟာ လက်ရှိအဖြစ်အပျက်တွေ ဘယ်ကိုဦးတည်နေမှန်း သိကြတယ်။ ငြိမ်းချမ်းပြီ၊ လုံခြုံပြီဆိုတဲ့ ပရောဖက်ပြုချက် ဘယ်လိုအတိအကျ ပြည့်စုံလာမလဲ။ ဒါကိုတော့ စောင့်ကြည့်ရမှာပဲ။ ဒါကြောင့် “နိုးကြား၍ သတိရှိနေ” ကြပါစို့။—၁ သက်. ၅:၆; ဇေ. ၃:၈

ကြီးစွာသောဒုက္ခစတင်

၅။ “ကြီးစွာသောဒုက္ခ” ဘယ်လိုနည်းနဲ့ အစပြုမလဲ။

ဘာသာရေးကို တိုက်ခိုက်ခြင်း။ ‘“ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟုလူတို့ဆိုချိန်တွင် မမျှော်လင့်သောပျက်ဆီးခြင်းဘေးသည် သူတို့အပေါ်သို့ ရုတ်ချည်းကျရောက်လိမ့်မည်” လို့ပေါလုပြောခဲ့တာကို သတိပြုပါ။ လျှပ်စီးလက်ပြီးနောက် မိုးချုန်းသံကြားရသလို “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ပြောပြီးနောက်မှာ “မမျှော်လင့်သောပျက်ဆီးခြင်းဘေး” ရုတ်ချည်းကျရောက်ပါလိမ့်မယ်။ ဘယ်အရာ ဖျက်ဆီးခံရမလဲ။ ဦးဆုံး၊ “ပြည့်တန်ဆာ” လို့လည်းခေါ်တဲ့ “မဟာဗာဗုလုန်၊” တစ်နည်းအားဖြင့် ကမ္ဘာ့အယူမှားဝတ်ပြုမှု ဖျက်ဆီးခံရမယ်။ (ဗျာ. ၁၇:၅၊ ၆၊ ၁၅) အမည်ခံခရစ်ယာန်နဲ့ တခြားအယူမှားဘာသာရေးအဖွဲ့အစည်းအားလုံး ဖျက်ဆီးခံရချိန်ဟာ “ကြီးစွာသောဒုက္ခ” ရဲ့အစဖြစ်တယ်။ (မ. ၂၄:၂၁; ၂ သက်. ၂:၈) အဲဒီလိုဖြစ်ပျက်တာကို လူအများစု အံ့သြကြလိမ့်မယ်။ ဘာကြောင့်လဲ။ ပြည့်တန်ဆာက အဲဒီအချိန်အထိ သူ့ကိုယ်သူ “မည်သည့်အခါမျှ မြည်တမ်းရမည်မဟုတ်” တဲ့ “ဘုရင်မ” တစ်ပါးအဖြစ် ထင်မှတ်နေလို့ပဲ။ ဒါပေမဲ့ သူ့အထင်မှားနေပြီဆိုတာကို ရုတ်တရက်သိသွားလိမ့်မယ်။ သူဟာ “တစ်ရက်အတွင်း” ဖျက်ဆီးခံရသလိုမျိုး ချက်ချင်းဖျက်ဆီးခံရမှာဖြစ်တယ်။—ဗျာ. ၁၈:၇၊ ၈

၆။ “မဟာဗာဗုလုန်” ကို ဘယ်သူ ဒါမှမဟုတ် ဘာက တိုက်ခိုက်မလဲ။

“မဟာဗာဗုလုန်” ကို ဘယ်သူ ဒါမှမဟုတ် ဘာက တိုက်ခိုက်မှာလဲ။ “ချိုဆယ်ချောင်း” ပါတဲ့ “သားရဲ” ဖြစ်တယ်။ ဗျာဒိတ်ကျမ်းအရ အဲဒီသားရဲဟာ ကုလသမဂ္ဂကို ရည်ညွှန်းတယ်။ ချိုဆယ်ချောင်းကတော့ “နီမြန်းတဲ့သားရဲ” ကိုအားပေးထောက်ခံတဲ့ လက်ရှိနိုင်ငံရေးအင်အားစုအားလုံးကို ကိုယ်စားပြုတယ်။ (ဗျာ. ၁၇:၃၊ ၅၊ ၁၁၊ ၁၂) တိုက်ခိုက်မှုက ဘယ်လောက်ထိ ဆိုးရွားမလဲ။ ကုလသမဂ္ဂတိုင်းနိုင်ငံတွေက ပြည့်တန်ဆာရဲ့စည်းစိမ်ဥစ္စာတွေကို လုယက်၊ သူ့အသားကိုစားပြီး “လုံးလုံးမီးရှို့ပစ်” မှာဖြစ်တယ်။—ဗျာဒိတ် ၁၇:၁၆ ကိုဖတ်ပါ။ *

၇။ မဿဲ ၂၄:၂၁၊ ၂၂ မှာပါတဲ့ ယေရှုရဲ့စကားတွေက အေဒီပထမရာစုမှာ ဘယ်လိုပြည့်စုံခဲ့သလဲ။ အနာဂတ်မှာ ဘယ်လိုပြည့်စုံလာမလဲ။

နေ့ရက်ကာလကို တိုစေခြင်း။ ကြီးစွာသောဒုက္ခအတွင်း အဲဒီအချိန်မှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့ဘုရင် ပြောပြထားတယ်။ “ရွေးချယ်တော်မူသောသူတို့အတွက် ထိုနေ့ရက်ကာလကို တိုစေတော်မူလိမ့်မည်” လို့ယေရှုပြောခဲ့တယ်။ (မဿဲ ၂၄:၂၁၊ ၂၂ ကိုဖတ်ပါ။) ယေရှုရဲ့စကားက အေဒီ ၆၆ မှာ အသေးစားပြည့်စုံခဲ့တယ်။ အဲဒီတုန်းက ဂျေရုဆလင်မြို့ကို ရောမစစ်တပ်တွေ တိုက်ခိုက်တဲ့အချိန်ကို ယေဟောဝါ “တိုစေ” ခဲ့တယ်။ (မာ. ၁၃:၂၀) ဒီလိုတိုစေတဲ့အတွက် ဂျေရုဆလင်မြို့နဲ့ ယုဒနယ်မှာရှိတဲ့ ခရစ်ယာန်တွေ လွတ်မြောက်ခဲ့တယ်။ ဒါဆိုရင် လာမယ့်ကြီးစွာသောဒုက္ခအတွင်း ကမ္ဘာချီအတိုင်းအတာနဲ့ ဘယ်လိုပြည့်စုံလာမလဲ။ ကုလသမဂ္ဂက ဘာသာရေးကို တိုက်ခိုက်တဲ့အခါ ယေဟောဝါက စစ်မှန်တဲ့ဘာသာ ဖျက်ဆီးမခံရစေဖို့ ဘုရင်ယေရှုကိုသုံးပြီး အဲဒီတိုက်ခိုက်မှုကို “တိုစေ” ပါလိမ့်မယ်။ ဒီလိုနည်းအားဖြင့် အယူမှားဘာသာရေးအဖွဲ့အစည်းအားလုံး ဖျက်ဆီးခံရချိန်မှာ စစ်မှန်တဲ့ဘာသာတစ်ခုတည်း ကျန်ရစ်ပါလိမ့်မယ်။ (ဆာ. ၉၆:၅) ကြီးစွာသောဒုက္ခရဲ့ ဒီအပိုင်းပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ လေ့လာကြည့်ရအောင်။

အာမဂေဒုန်ကိုဦးတည်စေတဲ့ ဖြစ်ရပ်များ

၈၊ ၉။ ဘယ်အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ယေရှုရည်ညွှန်းနေတာ ဖြစ်နိုင်သလဲ။ ဒီဖြစ်ရပ်တွေကို လူတွေမြင်တဲ့အခါ ဘာဖြစ်ကြမလဲ။

အာမဂေဒုန်ကိုဦးတည်နေချိန်အတွင်း ထူးခြားတဲ့ဖြစ်ရပ်တချို့ ဖြစ်ပျက်လာမယ်လို့ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်မှာ ဖော်ပြထားတယ်။ ကျွန်တော်တို့သုံးသပ်မယ့် ဦးဆုံးဖြစ်ရပ်နှစ်ခုကို မဿဲ၊ မာကုနဲ့ လုကာခရစ်ဝင်ကျမ်းတွေမှာ တွေ့ရတယ်။—မဿဲ ၂၄:၂၉–၃၁ ကိုဖတ်ပါ; မာ. ၁၃:၂၃-၂၇; လု. ၂၁:၂၅-၂၈

ကောင်းကင်မှာဖြစ်မယ့် အံ့ဖွယ်နိမိတ်လက္ခဏာများ။ “နေသည် မိုက်လိမ့်မည်။ လသည် အလင်းကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကြွေလိမ့်မည်” လို့ ယေရှုကြိုပြောခဲ့တယ်။ လူတွေဟာ အလင်းရဖို့၊ တစ်နည်းအားဖြင့် လမ်းညွှန်မှုရဖို့ ဘာသာရေးခေါင်းဆောင်တွေကို မျှော်ကိုးတော့မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ယေရှုက ကောင်းကင်မှာဖြစ်မယ့် သဘာ၀လွန်ဖြစ်ရပ်တွေကိုလည်း ရည်ညွှန်းနေတာလား။ ဖြစ်နိုင်ပါတယ်။ (ဟေရှာ. ၁၃:၉-၁၁; ယောလ ၂:၁၊ ၃၀၊ ၃၁) ဒီဖြစ်ရပ်တွေကို လူတွေမြင်တဲ့အခါ ဘာဖြစ်ကြမလဲ။ “အလွန်စိတ်ပူပန်၍ ကြံရာမရ” ဖြစ်ကြပါလိမ့်မယ်။ (လု. ၂၁:၂၅; ဇေ. ၁:၁၇) မှန်ပါတယ်၊ ‘ဘုရင်ကအစ ကျွန်အဆုံး၊’ ဘုရားသခင့်နိုင်ငံတော်ရဲ့ရန်သူတွေဟာ “ဖြစ်ပျက်မည့်အရာများကိုမျှော်၍ ကြောက်လန့်” ပြီး ခိုလှုံရာကို အပြေးအလွှားရှာကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘုရင်ရဲ့ အမျက်ဒေါသကနေလွတ်မြောက်နိုင်တဲ့ လုံခြုံရာနေရာကို သူတို့ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။—လု. ၂၁:၂၆; ၂၃:၃၀; ဗျာ. ၆:၁၅-၁၇

၁၀။ ဘယ်တရားစီရင်ချက်ကို ယေရှုကြေညာမလဲ။ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ဘယ်လိုတုံ့ပြန်ကြမလဲ။

၁၀ တရားစီရင်ချက်ကို ကြေညာခြင်း။ ဘုရားသခင့်နိုင်ငံတော်ရဲ့ရန်သူတွေဟာ ပိုကြောက်ရွံ့ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုကို မြင်ရလိမ့်မယ်။ “မဟာဘုန်းတန်ခိုးတော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်” လို့ယေရှုပြောခဲ့တယ်။ (မာ. ၁၃:၂၆) တန်ခိုးပြတဲ့ ဒီသဘာ၀လွန်ဖြစ်ရပ်က တရားစီရင်ချက်ကိုကြေညာဖို့ ယေရှုရောက်လာပြီဆိုတာကို အချက်ပြတယ်။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ဒီပရောဖက်ပြုချက်ရဲ့ နောက်အပိုင်းတစ်ခုမှာ ယေရှုက ဒီအချိန်မှာကြေညာမယ့် တရားစီရင်ချက်အကြောင်း အသေးစိတ်ဖော်ပြခဲ့တယ်။ အဲဒီအကြောင်းကို သိုးနဲ့ဆိတ်ပုံဥပမာမှာ တွေ့ရတယ်။ (မဿဲ ၂၅:၃၁–၃၃၊ ၄၆ ကိုဖတ်ပါ။) ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံသူတွေဟာ “သိုး” အဖြစ် တရားစီရင်ခံရလိမ့်မယ်။ သူတို့က “ရွေးနုတ်သောအချိန်ကာလရောက်လုနီး” ပြီဆိုတာ သိတဲ့အတွက် “ခေါင်းကိုမော့” ကြလိမ့်မယ်။ (လု. ၂၁:၂၈) နိုင်ငံတော်ကိုဆန့်ကျင်သူတွေကတော့ “ဆိတ်” အဖြစ် တရားစီရင်ခံရလိမ့်မယ်။ သူတို့က “ထာ၀ရသေဒဏ်စီရင်ခြင်းခံရ” မယ်ဆိုတာ သိတဲ့အတွက် “ရင်ဘတ်ကိုထု၍ငိုကြွေး” ကြလိမ့်မယ်။—မ. ၂၄:၃၀; ဗျာ. ၁:၇

၁၁။ ရောက်လာတော့မယ့်ဖြစ်ရပ်တွေအကြောင်း သုံးသပ်တဲ့အခါ ဘယ်အချက်ကို မှတ်သားထားရမလဲ။

၁၁ ယေရှုက “လူမျိုးအပေါင်း” တို့အပေါ် တရားစီရင်ချက် ကြေညာပြီးနောက် ထူးခြားတဲ့ဖြစ်ရပ်တချို့ဟာ အာမဂေဒုန်စစ်ပွဲမစခင်အထိ ဆက်ဖြစ်နေမယ်။ (မ. ၂၅:၃၂) အဲဒီဖြစ်ရပ်တွေထဲက နှစ်ခုဖြစ်တဲ့ ဂေါဂမင်းရဲ့တိုက်ခိုက်မှုနဲ့ ဘိသိက်ခံတွေကိုစုသိမ်းခြင်းအကြောင်း သုံးသပ်သွားမယ်။ ဒီလိုသုံးသပ်တဲ့အခါ ကျွန်တော်တို့မှတ်သားရမယ့်အချက်က ဒီဖြစ်ရပ်နှစ်ခု ဖြစ်လာမယ့်အချိန်အတိအကျကို ကျမ်းစာမှာ မဖော်ပြထားဘူးဆိုတာပဲ။ ဒါပေမဲ့ ဒီဖြစ်ရပ်နှစ်ခုက အချိန်အတိုင်းအတာတစ်ခုအထိ တစ်ထပ်တည်းကျနေပုံရတယ်။

၁၂။ ဘယ်တိုက်ခိုက်မှုက နိုင်ငံတော်ကိုဆန့်ကျင်တဲ့ စာတန်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်မလဲ။

၁၂ မီးကုန်ယမ်းကုန် တိုက်ခိုက်ခြင်း။ မာဂေါဂပြည်က ဂေါဂမင်းဟာ ဘိသိက်ခံအကြွင်းအကျန်တွေနဲ့ သူတို့ရဲ့အပေါင်းပါအခြားသိုးကို တိုက်ခိုက်ပါလိမ့်မယ်။ (ယေဇကျေလ ၃၈:၂၊ ၁၁ ကိုဖတ်ပါ။) စာတန်ဟာ ကောင်းကင်ကနေ ပစ်ချခံရပြီးကတည်းက နိုင်ငံတော်အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့အနေနဲ့ ဘိသိက်ခံအကြွင်းအကျန်တွေကို တိုက်ခိုက်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုကတော့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲ ဖြစ်ပါလိမ့်မယ်။ (ဗျာ. ၁၂:၇-၉၊ ၁၇) အထူးသဖြင့် ဘိသိက်ခံတွေကို ပြန်လည်ထူထောင်ထားတဲ့ ခရစ်ယာန်အသင်းတော်ထဲ စတင်စုသိမ်းချိန်ကစပြီး စာတန်ဟာ သူတို့ခံစားနေရတဲ့ကောင်းချီးတွေကို ဖျက်ဆီးဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ (မ. ၁၃:၃၀) အယူမှားဘာသာရေးအဖွဲ့အစည်းအားလုံး ပျက်စီးသွားပြီးနောက် ဘုရားသခင့်လူမျိုးဟာ “မြို့ရိုးတွေ၊ ကန့်လန့်တန်းတွေ၊ ဂိတ်တံခါးတွေမရှိ” တဲ့နေရာမှာ နေထိုင်ပုံပေါက်နေပါလိမ့်မယ်။ ဒါက စာတန်အတွက် တကယ့်အခွင့်ကောင်းပဲ။ သူက နိုင်ငံတော်ထောက်ခံသူတွေကို မီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့ လူ့အုပ်စိုးရှင်တွေကို နှိုးဆော်ပါလိမ့်မယ်။

၁၃။ ယေဟောဝါက သူ့ကျေးကျွန်တွေအတွက် ဘယ်လိုကြားဝင်လုပ်ဆောင်ပေးမလဲ။

၁၃ အဲဒီအဖြစ်အပျက်ကို ယေဇကျေလ ဖော်ပြခဲ့တယ်။ ဂေါဂမင်းနဲ့ပတ်သက်ပြီး ပရောဖက်ပြုချက်က အခုလိုပြောတယ်– ‘သင်က သင်နဲ့အတူရှိနေတဲ့လူတွေ၊ မြင်းစီးလာတဲ့စစ်တပ်ကြီးတစ်တပ်နဲ့အတူ သင့်နေရာဖြစ်တဲ့ မြောက်ဘက်အစွန်အဖျားဒေသကနေ လာလိမ့်မယ်။ ပြည်ကိုလွှမ်းမိုးနေတဲ့ မိုးတိမ်တွေလို သင်က ငါ့ရဲ့ . . . လူတွေကို လာတိုက်လိမ့်မယ်။’ (ယေဇ. ၃၈:၁၅၊ ၁၆ကဘ) ဒီလိုတရကြမ်း ကျူးကျော်တိုက်ခိုက်တာကို ယေဟောဝါ ဘယ်လိုတုံ့ပြန်မလဲ။ ‘ငါ့ဒေါသမီးတွေ တဟုန်းဟုန်းတောက်လိမ့်မယ်၊’ ‘ငါက ဓားကိုခေါ်လိုက်မယ်’ လို့ ယေဟောဝါပြောတယ်။ (ယေဇ. ၃၈:၁၈၊ ၂၁ကဘ; ဇာခရိ ၂:၈ ကိုဖတ်ပါ။) ယေဟောဝါက မြေကြီးပေါ်မှာရှိတဲ့ သူ့ကျေးကျွန်တွေအတွက် ကြားဝင်လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီလိုလုပ်ဆောင်တာက အာမဂေဒုန်စစ်ပွဲဖြစ်တယ်။

၁၄၊ ၁၅။ စာတန်ရဲ့မီးကုန်ယမ်းကုန် တိုက်ခိုက်မှု စတင်ပြီးနောက် တစ်ချိန်ချိန်မှာ ဘယ်ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာအုံးမလဲ။

၁၄ အာမဂေဒုန်စစ်ပွဲမှာ လူမျိုးတော်ကို ယေဟောဝါ ဘယ်လိုကာကွယ်မယ်ဆိုတာ ဆက်မလေ့လာခင် နောက်ထပ်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုကို လေ့လာကြည့်ရအောင်။ ဒီဖြစ်ရပ်က စာတန်ရဲ့မီးကုန်ယမ်းကုန်တိုက်ခိုက်မှုစတင်ချိန်နဲ့ အာမဂေဒုန်မှာ ယေဟောဝါ ကြားဝင်လုပ်ဆောင်ပေးမှုစတင်ချိန်စပ်ကြား တစ်ချိန်ချိန်မှာဖြစ်လာမယ်။ အပိုဒ် ၁၁ မှာ လေ့လာခဲ့တဲ့အတိုင်း ဒီဒုတိယဖြစ်ရပ်က ဘိသိက်ခံအကြွင်းအကျန်တွေကို စုသိမ်းခြင်းဖြစ်တယ်။

၁၅ ဘိသိက်ခံတွေကို စုသိမ်းခြင်း။ မဿဲနဲ့မာကု နှစ်ဦးစလုံးက “ရွေးကောက်သောသူ” တွေဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေအကြောင်း ယေရှုပြောခဲ့တာကို မှတ်တမ်းတင်ခဲ့ကြတယ်။ အဲဒါကို အာမဂေဒုန်မစခင် ဆက်တိုက်ဖြစ်လာမယ့်ဖြစ်ရပ်တွေထဲက တစ်ခုအနေနဲ့ ဖော်ပြခဲ့တယ်။ (အပိုဒ် ၇ ကို ကြည့်ပါ။) ယေရှုက သူ့ကိုယ်သူ ဘုရင်တစ်ပါးအဖြစ် ဖော်ပြပြီး အခုလိုပရောဖက်ပြုခဲ့တယ်– “ထို့နောက် လူသားသည် ကောင်းကင်တမန်တို့ကို စေလွှတ်၍ မိမိရွေးကောက်သောသူတို့ကို မြေကြီးစွန်းမှ ကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုရုံးစေတော်မူလိမ့်မည်။” (မာ. ၁၃:၂၇; မ. ၂၄:၃၁) ဘယ်စုသိမ်းမှုအကြောင်း ယေရှု ပြောနေတာလဲ။ ကြီးစွာသောဒုက္ခ မစခင်မှာဖြစ်ပျက်မယ့် ဘိသိက်ခံအကြွင်းအကျန်တွေကို နောက်ဆုံးတံဆိပ်ခတ်ခြင်းအကြောင်း ပြောနေတာမဟုတ်ဘူး။ (ဗျာ. ၇:၁-၃) အဲဒီအစား လာမယ့်ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ့်ဖြစ်ရပ်ကို ပြောနေတာ။ ဒါကြောင့် ဘုရားသခင့်လူမျိုးကို စာတန် မီးကုန်ယမ်းကုန် စတင်တိုက်ခိုက်ပြီးနောက် တစ်ချိန်ချိန်မှာ မြေကြီးပေါ်ရှိနေသေးတဲ့ ဘိသိက်ခံအကြွင်းအကျန်တွေကို ကောင်းကင်မှာ စုသိမ်းပါလိမ့်မယ်။

၁၆။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ဘိသိက်ခံတွေဟာ အာမဂေဒုန်စစ်ပွဲမှာ ဘယ်အခွင့်အာဏာရရှိမလဲ။

၁၆ ဘိသိက်ခံအကြွင်းအကျန်တွေကို စုသိမ်းခြင်းက အဲဒီနောက်ဆက်ဖြစ်လာမယ့် အာမဂေဒုန်နဲ့ ဘယ်လိုပတ်သက်နေသလဲ။ ဒီအချိန်ကိုက်စုသိမ်းခြင်းက ဘုရားသခင်ရဲ့စစ်ပွဲ အာမဂေဒုန်မစခင်မှာ ဘိသိက်ခံအားလုံး ကောင်းကင်မှာရှိမယ်ဆိုတာ ဖော်ပြတယ်။ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ဟာ “သံလှံတံ” ကိုင်ပြီး ဘုရားသခင့်နိုင်ငံတော်ရဲ့ ရန်သူအားလုံးကို ဖျက်ဆီးရာမှာ ခရစ်တော်နဲ့အတူပါဝင်ဖို့ အခွင့်အာဏာရရှိကြမယ်။ (ဗျာ. ၂:၂၆၊ ၂၇) အဲဒီနောက် စစ်သူရဲဘုရင်ခရစ်တော်က ယေဟောဝါရဲ့လူမျိုးကို တိုက်ခိုက်ဖို့ဝိုင်းရံလာတဲ့ ရန်သူ ‘စစ်တပ်ကြီး’ နဲ့ရင်ဆိုင်ဖို့ ထွက်သွားတဲ့အခါ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ဘိသိက်ခံတွေဟာ တန်ခိုးကြီးကောင်းကင်တမန်တွေနဲ့အတူ ခရစ်တော်နောက်ကို လိုက်ကြပါလိမ့်မယ်။ (ယေဇ. ၃၈:၁၅ကဘ) ဒီလိုအပြင်းအထန် ရင်ဆိုင်တိုက်ခိုက်ချိန်ကတော့ အာမဂေဒုန်စစ်ပွဲဖြစ်ပွားချိန်ပါပဲ။—ဗျာ. ၁၆:၁၆

ကြီးစွာသောဒုက္ခရဲ့မဟာအထွတ်အထိပ်

အာမဂေဒုန်စစ်ပွဲကြီး စတင်ပြီ

၁၇။ အာမဂေဒုန်အတွင်း “ဆိတ်” တွေ ဘာဖြစ်သွားမလဲ။

၁၇ တရားစီရင်ချက်ကို အကောင်အထည်ဖော်ခြင်း။ အာမဂေဒုန်စစ်ပွဲဟာ ကြီးစွာသောဒုက္ခရဲ့အထွတ်အထိပ် ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ယေရှုက နောက်ထပ်တာဝန်တစ်ခုကိုလည်း ယူလိမ့်မယ်။ ယေရှုက “လူမျိုးအပေါင်း” ရဲ့တရားသူကြီးဖြစ်မယ့်အပြင် လက်မရွံ့အာဏာသားအဖြစ်လည်း လုပ်ဆောင်လိမ့်မယ်။ “ဆိတ်” တွေအဖြစ် အစောပိုင်းက စီရင်ချက်ချခံရသူအားလုံးကို ကွပ်မျက်လိမ့်မယ်။ (မ. ၂၅:၃၂၊ ၃၃) ဘုရင်ယေရှုက “ထက်သောဓားရှည်” နဲ့ “လူမျိုးများကို တိုက်ခိုက်” လိမ့်မယ်။ ဟုတ်ပါတယ်၊ “ရှင်ဘုရင်” ကအစ “ကျွန်” အဆုံး၊ ဆိတ်လိုလူအားလုံးဟာ “ထာဝရသေဒဏ်” ခံရလိမ့်မယ်။—ဗျာ. ၁၉:၁၅၊ ၁၈; မ. ၂၅:၄၆

၁၈။ (က) “သိုး” တွေရဲ့အခြေအနေ ဘယ်လိုပြောင်းလဲသွားမလဲ။ (ခ) ယေရှုက ဘယ်လိုနည်းနဲ့ အပြီးအပိုင်အောင်ပွဲခံမလဲ။

၁၈ “သိုး” အဖြစ် စီရင်ခံရသူတွေရဲ့အခြေအနေကော ဘယ်လိုပြောင်းလဲသွားမလဲ။ အကာအကွယ်မဲ့နေပုံပေါက်တဲ့ “သိုး” တွေဟာ စာတန်ဦးဆောင်တဲ့ “ဆိတ်” တပ်မဟာကြီးရဲ့ နင်းခြေမှုကို ခံရခါနီးမှာ လွတ်မြောက်သွားပါလိမ့်မယ်။ “လူအုပ်ကြီး” ဟာ ရန်သူ့တိုက်ခိုက်မှုကနေ လွတ်မြောက်ပြီး “ကြီးစွာသောဒုက္ခမှ ထွက်လာ” ကြလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) ယေရှုက ဘုရားသခင့်နိုင်ငံတော်ရဲ့ လူသားရန်သူအားလုံးကို ချေမှုန်းဖျက်ဆီးပြီးတဲ့နောက် စာတန်နဲ့နတ်ဆိုးတွေကို တွင်းနက်ကြီးထဲ ချပစ်လိမ့်မယ်။ အဲဒီမှာ သူတို့ဟာ အနှစ်တစ်ထောင်လုံး မလှုပ်ရှားနိုင်တဲ့အခြေအနေမှာရှိနေလို့ သေနေတာနဲ့အတူတူပါပဲ။—ဗျာဒိတ် ၆:၂; ၂၀:၁–၃ ကိုဖတ်ပါ။

ကိုယ့်ကိုယ်ကိုယ် ကြိုတင်ပြင်ဆင်နိုင်ပုံ

၁၉၊ ၂၀။ ဟေရှာယ ၂၆:၂၀ နဲ့ ၃၀:၂၁ မှာပါတဲ့ စကားတွေကနေ ဘာသင်ခန်းစာရသလဲ။

၁၉ ရောက်လာတော့မယ့် ထိတ်လန့်စရာဖြစ်ရပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကြိုတင်ပြင်ဆင်နိုင်သလဲ။ “လွတ်မြောက်မှုက နာခံမှုအပေါ် မူတည်ပါလိမ့်မယ်” လို့ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ကင်းမျှော်စင်မှာ ပြောတယ်။ ဘာကြောင့်လဲ။ ရှေးခေတ်ဗာဗုလုန်မှာနေထိုင်တဲ့ ဂျူးသုံ့ပန်းတွေကို ယေဟောဝါပေးခဲ့တဲ့ သတိပေးချက်မှာ အဖြေတွေ့နိုင်ပါတယ်။ ဗာဗုလုန်ကျဆုံးမယ်ဆိုပြီး ယေဟောဝါကြိုဟောခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင့်လူမျိုးက ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ။ ယေဟောဝါက ‘ငါ့လူတို့၊ သွားပါ။ အတွင်းခန်းတွေထဲဝင်ပြီး တံခါးကိုပိတ်ထားကြပါ။ ဒေါသပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်နေကြပါ’ လို့မှာကြားတယ်။ (ဟေရှာ. ၂၆:၂၀ကဘ) ‘သွားပါ၊’ ‘ဝင်ပါ၊’ ‘ပိတ်ထားပါ၊’ ‘ပုန်းရှောင်နေပါ’ ဆိုတဲ့စကားတွေက အမိန့်ပေးတဲ့ပုံစံဖြစ်တယ်ဆိုတာ သတိပြုပါ။ အဲဒီအမိန့်တွေကိုနာခံတဲ့ ဂျူးတွေဟာ လမ်းပေါ်က အောင်ပွဲခံစစ်သားတွေလက်ကနေ လွတ်မြောက်ဖို့ အိမ်ထဲမှာနေခဲ့ကြမှာပဲ။ ဒါကြောင့် သူတို့ရဲ့လွတ်မြောက်မှုက ယေဟောဝါရဲ့ညွှန်ကြားချက်တွေကို နာခံခြင်းအပေါ် မူတည်ခဲ့တယ်။ *

၂၀ ကျွန်တော်တို့ ဘာသင်ခန်းစာရသလဲ။ ရှေးခေတ်တုန်းကလိုပဲ အခုအချိန်မှာလည်း ရောက်လာတော့မယ့်ဖြစ်ရပ်တွေကနေ လွတ်မြောက်ရေးဟာ ယေဟောဝါရဲ့ညွှန်ကြားချက်တွေကို နာခံခြင်းအပေါ် မူတည်နေတယ်။ (ဟေရှာ. ၃၀:၂၁) အဲဒီညွှန်ကြားချက်တွေကို အသင်းတော်အစီအစဉ်ကတစ်ဆင့် ရရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရရှိတဲ့ညွှန်ကြားချက်တွေကို စိတ်ရောကိုယ်ပါ နာခံချင်စိတ် မွေးထားရမယ်။ (၁ ယော. ၅:၃) အခုကတည်းက အဲဒီလိုနာခံမယ်ဆိုရင် အနာဂတ်မှာ လိုလိုလားလားနာခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ရဲ့ဖခင် ယေဟောဝါနဲ့ ဘုရင်ယေရှုရဲ့ကာကွယ်မှုကို ခံစားရပါလိမ့်မယ်။ (ဇေ. ၂:၃) အဲဒီလိုကာကွယ်ခံရတဲ့အခါ ဘုရားသခင်နိုင်ငံတော်က ရန်သူတွေကို ဘယ်လိုအပြတ်အသတ်ချေမှုန်းမယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ရပါလိမ့်မယ်။ အဲဒါက ဘယ်လိုမှ မေ့မရနိုင်တဲ့ဖြစ်ရပ်ပါပဲ။

^ အပိုဒ်၊ 6 “မဟာဗာဗုလုန်” ကိုဖျက်ဆီးတာက အသင်းသားအားလုံးကို သိမ်းကျုံးဖျက်ဆီးတာမဟုတ်ဘဲ အဓိကအားဖြင့် ဘာသာရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးတာဖြစ်နိုင်တယ်။ ဒါကြောင့် ဗာဗုလုန်ရဲ့နောက်လိုက်ဟောင်းအများစုဟာ အဲဒီဖျက်ဆီးခြင်းဘေးကနေ လွတ်မြောက်ကြ လိမ့်မယ်။ ဇာခရိ ၁၃:၄-၆ မှာပြောတဲ့အတိုင်း အဲဒီအချိန်မှာ သူတို့က ဘာသာရေးနဲ့ခပ်ကင်းကင်းနေဖို့ ကြိုးစားတာမျိုးတောင် ဖြစ်နိုင်တယ်။

^ အပိုဒ်၊ 19 အသေးစိတ်အချက်အလက်ကို ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း အတွဲ ၁၊ စာမျက်နှာ ၁၃၇-၁၃၈ မှာကြည့်ပါ။