မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၁၈

အံ့ဖွယ်အမှုများကို ယေရှုပြုလုပ်

အံ့ဖွယ်အမှုများကို ယေရှုပြုလုပ်

ယေရှုသည် ဘုရင်အဖြစ် မိမိ၏တန်ခိုးအာဏာကို မည်သို့အသုံးပြုမည်ဖြစ်ကြောင်း မိမိပြုလုပ်ခဲ့သောအံ့ဖွယ်အမှုများဖြင့် ဖော်ပြသည်

ဘုရားသခင်သည် အခြားလူသားများ မလုပ်နိုင်သောအမှုများ ပြုလုပ်နိုင်ရန် ယေရှုကိုတန်ခိုးပေးခဲ့သည်။ ယေရှုသည် အံ့ဖွယ်အမှုများစွာကို ပြုလုပ်ခဲ့ပြီး များသောအားဖြင့် မျက်မြင်သက်သေလူအုပ်ရှေ့တွင်ဖြစ်သည်။ ထိုအံ့ဖွယ်အမှုများက မစုံလင်သောလူသားများ လုံးဝမဖယ်ရှားနိုင်သည့် ရန်သူများနှင့်အတားအဆီးများကို အောင်မြင်နိုင်သည့်တန်ခိုး ယေရှုတွင်ရှိကြောင်း ဖော်ပြသည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

ဆာလောင်မွတ်သိပ်ခြင်း။ ယေရှုပြုလုပ်ခဲ့သည့် ဦးဆုံးအံ့ဖွယ်အမှုမှာ ရေကို ကောင်းမွန်လှသောဝိုင်အဖြစ် ပြောင်းလဲပေးခြင်းဖြစ်သည်။ အခြားအချိန်နှစ်ချိန်တွင် ကိုယ်တော်သည် ဆာလောင်နေသော ထောင်နှင့်ချီသည့်လူအုပ်ကို မုန့်နှင့်ငါးအနည်းငယ်ဖြင့် ကျွေးမွေးခဲ့သည်။ ထိုနှစ်ကြိမ်စလုံးတွင် ယောက်တိုင်းစားနိုင်သည်ထက် ပိုလံျှခဲ့သည်။

ဖျားနာခြင်း။ “ရောဂါဝေဒနာအမျိုးမျိုး” ခံစားနေရသူတို့ကို ယေရှုကုသပေးခဲ့သည်။ (မဿဲ ၄:၂၃) မျက်စိကန်းသူ၊ နားပင်းသူ၊ နူနာစွဲသူ၊ ဝက်ရူးပြန်သူ၊ ခြေဆွံ့သူ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတို့ကို ကိုယ်တော် သက်သာပျောက်ကင်းစေခဲ့သည်။ ကိုယ်တော်မကုသနိုင်သောရောဂါဟူ၍ မရှိခဲ့ပါ။

ရာသီဥတုဆိုးဝါးခြင်း။ ယေရှုနှင့်တပည့်များသည် ဂါလိလဲအိုင်ကို လှေဖြင့်ဖြတ်နေစဉ် ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ခတ်လေသည်။ တပည့်များ အလွန်ကြောက်လန့်ကုန်၏။ သို့သော် ယေရှုက မုန်တိုင်းကိုကြည့်ကာ “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုဆိုလိုက်သောအခါ လေမုန်တိုင်းစဲ၍ အလွန်ငြိမ်သက်လေ၏။ (မာကု ၄:၃၇-၃၉) အခြားအချိန်တစ်ချိန်တွင် ကိုယ်တော်သည် ကြောက်မက်ဖွယ်မုန်တိုင်းထန်နေချိန်အတွင်း ရေပေါ်လမ်းလျှောက်လာခဲ့သည်။—မဿဲ ၁၄:၂၄-၃၃

နာမ်ဝိညာဉ်ဆိုးများ။ နတ်ဆိုး၊ နာမ်ဝိညာဉ်ဆိုးများသည် လူတို့ထက်အလွန်တန်ခိုးကြီး၏။ ဘုရားသခင်၏ ထိုရန်သူများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး လူများစွာမှာ သူတို့၏ချုပ်နှောင်မှုအောက်မှ မလွတ်မြောက်နိုင်ကြပေ။ သို့တိုင် ယေရှုသည် သူတို့အား လူတို့ထံမှထွက်သွားရန် အကြိမ်ကြိမ် အမိန့်ပေးခဲ့ပြီး နတ်ဆိုး၊ နာမ်ဝိညာဉ်ဆိုးတို့၏ပူးကပ်မှုမှ လူတို့ကို လွတ်မြောက်စေခဲ့သည်။ ထိုနတ်ဆိုး၊ နာမ်ဝိညာဉ်ဆိုးတို့ကို ကိုယ်တော် မကြောက်ရွံ့ပါ။ ယင်းအစား ထိုနတ်ဆိုး၊ နာမ်ဝိညာဉ်ဆိုးတို့က ကိုယ်တော်၏အခွင့်အာဏာကိုသိပြီး ကိုယ်တော့်ကို ကြောက်ရွံ့ကြသည်။

သေခြင်း။ “နောက်ဆုံးရန်သူ” ဟုတော်မှန်စွာခေါ်ဆိုထားသည့် သေခြင်းသည် မည်သည့်လူသားမျှ လုံးဝမအောင်မြင်နိုင်သည့် ရန်သူဖြစ်သည်။ (၁ ကောရိန္သု ၁၅:၂၆) သို့တိုင် ယေရှုသည် လူသေများကို အသက်ပြန်ရှင်လာစေခဲ့သည်။ ၎င်းတို့ထဲတွင် မုဆိုးမတစ်ဦး၏သားနှင့် ပူဆွေးနေသောမိဘနှစ်ပါး၏ သမီးငယ်တစ်ဦးပါဝင်သည်။ မှတ်သားဖွယ်အကောင်းဆုံး အဖြစ်အပျက်မှာ သေဆုံးပြီးလေးရက်နီးပါးရှိနေပြီဖြစ်သည့် ချစ်လှစွာသောမိတ်ဆွေလာဇရုကို ငိုကြွေးနေသောလူအုပ်ရှေ့တွင် ယေရှု အသက်ပြန်ရှင်လာစေခဲ့သည်။ ယေရှုကို အမုန်းဆုံးရန်သူများပင် ထိုအံ့ဖွယ်အမှုကို ကိုယ်တော်ပြုခဲ့ကြောင်း အသိအမှတ်ပြုကြသည်။—ယောဟန် ၁၁:၃၈-၄၈; ၁၂:၉-၁၁

ထိုအံ့ဖွယ်အမှုများကို ယေရှု အဘယ်ကြောင့်ပြုခဲ့သနည်း။ အမှန်မှာ၊ ကိုယ်တော်ကူညီပေးခဲ့သူအားလုံးမှာ နောက်ဆုံး ပြန်သေဆုံးကြသည်မဟုတ်လော။ မှန်ပါသည်။ သို့သော် ယေရှု၏အံ့ဖွယ်အမှုများသည် တည်မြဲသောအကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့သည်။ ထိုအမှုများက မေရှိယဘုရင်၏အုပ်ချုပ်မှုနှင့်ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်အားလုံးတွင် အမှန်အားဖြင့် အခြေခံအကြောင်းရင်းတစ်ခုရှိကြောင်း သက်သေထူသည်။ ဘုရားသခင်ခန့်အပ်ထားသော ဘုရင်သည် ဆာလောင်မွတ်သိပ်ခြင်း၊ ဖျားနာခြင်း၊ ရာသီဥတုဆိုးဝါးခြင်း၊ နတ်ဆိုး၊ နာမ်ဝိညာဉ်ဆိုးများနှင့် သေခြင်းတို့ကို ဖယ်ရှားပေးနိုင်ပါမည်လောဟု သံသယဖြစ်နေစရာမလိုပါ။ ဘုရားသခင်သည် ထိုသို့ပြုလုပ်ပေးနိုင်သည့်တန်ခိုးအားလုံးကို မိမိ၏လက်ထဲတွင် လွှဲအပ်ထားပြီဖြစ်ကြောင်း ယေရှုဖော်ပြခဲ့ပြီးဖြစ်သည်။

မဿဲမာကုလုကာနှင့်ယောဟန်ကျမ်းကို အခြေခံသည်။