မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 အပိုင်း ၂၃

သတင်းကောင်း ပျံ့နှံ့

သတင်းကောင်း ပျံ့နှံ့

ပေါလုသည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် လှည့်လည်ဟောပြောသည်

ပေါလုသည် ဘာသာပြောင်းဝင်ပြီးနောက် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထက်သန်စွာဟောပြောခဲ့သည်။ တစ်ချိန်က ဆန့်ကျင်တိုက်ခံခဲ့သူသည် ယခုမူ အပြင်းအထန်ဆန့်ကျင်မှုကို မကြာခဏခံနေရပြီ။ မမောနိုင်မပန်းနိုင်သော ထိုတမန်တော်သည် လူသားတို့အတွက် ဘုရားသခင်၏မူလရည်ရွယ်ချက်ကိုပြည့်စုံစေမည့် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောရန် ရပ်ဝေးဒေသများသို့ အကြိမ်ကြိမ်ခရီးထွက်ခဲ့သည်။

ပထမအကြိမ်ဟောပြောခြင်းခရီးစဉ်အတွင်း ပေါလုသည် လုတ္တရမြို့တွင် မွေးရာပါခြေဆွံ့သူတစ်ဦးကို ကုသပေးခဲ့သည်။ ထိုအခါ လူအုပ်က ပေါလုနှင့်ခရီးသွားဖော်ဗာနဗသည် နတ်ဘုရားများဖြစ်သည်ဟု စတင်ဟစ်အော်ကြ၏။ ပေါလုနှင့်ဗာနဗသည် မိမိတို့ကိုပူဇော်ပသခြင်းမပြုရန် လူတို့ကို မနည်းတားမြစ်ခဲ့ရသည်။ သို့သော် ထိုလူအုပ်သည် ပေါလုရန်သူများ၏သွေးထိုးမှုကြောင့် နောက်ပိုင်းတွင် ပေါလုကို ကျောက်ခဲနှင့်ပေါက်သတ်ကာ သေပြီအထင်နှင့် ပစ်ထားခဲ့၏။ ပေါလုသည် အသက်မသေပေ။ အတန်ကြာသော်၊ ထိုမြို့သို့ပြန်လာ၍ တပည့်များကို အားပေးစကားပြောဆိုခဲ့သည်။

မောရှေပညတ်တရား၏အချို့အပိုင်းကို ယုံကြည်သူလူမျိုးခြားများ လိုက်နာသင့်သည်ဟု ဂျူးခရစ်ယာန်အချို့ငြင်းခုံကြသည်။ ပေါလုသည် ထိုကိစ္စကို ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသက်ကြီးသူတို့ထံ သွားရောက်မေးမြန်းခဲ့သည်။ ထိုသူတို့သည် ကျမ်းစာကိုအသေအချာသုံးသပ်၍ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်၏ လမ်းပြမှုကိုခံယူပြီးနောက် အသင်းတော်များထံစာရေးကာ . . . ကိုးကွယ်ခြင်း၊ အသွေးနှင့်အသွေးမသွန်းသောအသားစားခြင်း၊ မတရားမေထုန်ပြုခြင်းတို့ကို ရှောင်ရန် သတိပေးခဲ့သည်။ ထိုပညတ်များသည် “လိုက်နာအပ်သော” ပညတ်များဖြစ်သည်၊ သို့သော် ယင်းတို့ကိုလိုက်နာရန် မောရှေပညတ်ကိုကျင့်စောင့်ဖို့ မလိုအပ်ပေ။တမန်တော် ၁၅:၂၈၊ ၂၉

ဒုတိယအကြိမ်ဟောပြောခြင်းခရီးစဉ်တွင် ပေါလုသည် ယခုခေတ် ဂရိနိုင်ငံတွင်ရှိသော ဗေရိမြို့သို့လည်ပတ်ခဲ့သည်။ ထိုမြို့ရှိဂျူးများသည် တရားစကားတော်ကို ထက်သန်စွာခံယူပြီး ပေါလု၏သွန်သင်ချက်ကိုဆန်းစစ်ရန် ကျမ်းစာကိုနေ့စဉ်ဖတ်ရှုကြသည်။ ဤတွင်တစ်ဖန် ဆန့်ကျင်မှုကြုံရသောကြောင့် အေသင်မြို့သို့ထွက်ခွာခဲ့ရသည်။ အေသင်မြို့သားများဖြစ်သော ပညာတတ်အုပ်စုတစ်စုရှေ့၌ ပေါလုသည် လိမ္မာပါးနပ်မှု၊ ပိုင်းခြားသိမြင်မှုနှင့် အဟောအပြောကောင်းမှုတို့တွင် စံထားအပ်သော ထိရောက်သည့်ဟောပြောချက်ကို တင်ဆက်ခဲ့သည်။

တတိယအကြိမ် ဟောပြောခြင်းခရီးစဉ်ပြီးနောက် ပေါလုသည် ဂျေရုဆလင်မြို့သို့ပြန်ခဲ့သည်။ ထိုတွင် ဝတ်ပြုရာအိမ်တော်သို့သွားသောအခါ ဂျူးအချို့က ဆူပူအုံကြွပြီး ပေါလုကိုသတ်လိုကြသည်။ ရောမစစ်သားများက ကြားဝင်ဖျန်ဖြေ၍ ပေါလုကို စစ်ဆေးမေးမြန်းကြသည်။ သူသည် ရောမနိုင်ငံသားတစ်ဦးအဖြစ် နောက်ပိုင်းတွင် ရောမဘုရင်ခံဖေလဇ်ထံ အယူခံဝင်ခဲ့သည်။ ဂျူးတို့သည် ပေါလုအပေါ်တင်သော စွဲချက်များအတွက် မည်သည့်သက်သေမျှ မတင်ပြနိုင်ပေ။ ပေါလုသည် ရောမဘုရင်ခံနောက်တစ်ဦးဖြစ်သောဖေတ္တုမင်းက မိမိအား ဂျူးတို့လက်အပ်လိုက်မည်ကို တားဆီးသည့်အနေဖြင့် “ကဲသာထံ အယူခံဝင်ပါမည်” ဟုပြော၏။ ဖေတ္တုမင်းက “သင်သည် . . . ကဲသာထံတော်သို့ သွားရမည်” ဟုဆိုသည်။—တမန်တော် ၂၅:၁၁၊ ၁၂

ထို့နောက် ပေါလုကိုရုံးတင်စစ်ဆေးရန် အီတလီသို့ သင်္ဘောဖြင့်ခေါ်ဆောင်သွား၏။ လမ်းခရီးတွင် သင်္ဘောပျက်၍ မော်လတာကျွန်းတွင် ဆောင်းခိုရသည်။ နောက်ဆုံး၊ ရောမသို့ရောက်သောအခါ ငှားထားသောအိမ်တွင် နှစ်နှစ်ပတ်လုံးနေထိုင်ရသည်။ အစဉ်အမြဲဇွဲထက်သန်သောပေါလုသည် ယခုလည်း စစ်သားများ၏စောင့်ကြပ်မှုအောက်ရှိနေသည့်တိုင် သူ့ထံလာရောက်လည်ပတ်သူများကို ဘုရားသခင်၏နိုင်ငံတော်အကြောင်း ဆက်ဟောပြောခဲ့သည်။

တမန်တော် ၁၁:၂၂–၂၈:၃၁ ကိုအခြေခံသည်။