မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်လေး

သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ

သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
  • လင်ယောက်ျားကောင်းတစ်ဦးဖြစ်ဖို့ ဘာလိုအပ်သလဲ။

  • အမျိုးသမီးတစ်ဦးက ဇနီးကောင်းတစ်ဦးဖြစ်အောင် ဘယ်လိုလုပ်နိုင်သလဲ။

  • မိဘကောင်းတစ်ဦးဖြစ်ခြင်းမှာ ဘာပါဝင်သလဲ။

  • ပျော်ရွှင်တဲ့မိသားစုဖြစ်ဖို့ ကလေးတွေ ဘယ်လို ပါဝင်လုပ်ဆောင်နိုင်သလဲ။

၁။ ပျော်ရွှင်တဲ့မိသားစုဘဝကို ရရှိစေတဲ့အဓိကအချက်က ဘာလဲ။

ယေဟောဝါဘုရားသခင်က သင့်မိသားစုဘဝကို ပျော်ရွှင်စေချင်တယ်။ ကိုယ်တော့်စကားတော် သမ္မာကျမ်းစာမှာ မိသားစုဝင်ယောက်တိုင်းအတွက် လမ်းညွှန်ချက်တွေပေးထားပြီး တစ်ဦးချင်းစီကို ဘုရားသခင်လုပ်ဆောင်စေလိုတဲ့ တာဝန်တွေကို ဖော်ပြပေးတယ်။ မိသားစုဝင်တွေက ဘုရားသခင့်ဆုံးမစကားနဲ့အညီ မိမိတို့ရဲ့တာဝန်တွေကို လုပ်ဆောင်တဲ့အခါ ကျေနပ်ဖွယ်အကျိုးရလဒ် ရရှိကြတယ်။ “ဘုရားသခင်၏တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏” လို့ ယေရှုပြောခဲ့တယ်။—လုကာ ၁၁:၂၈

၂။ မိသားစုပျော်ရွှင်မှုဆိုတာ ဘယ်အရာကို အသိအမှတ်ပြုခြင်းအပေါ် မူတည်သလဲ။

မိသားစုပျော်ရွှင်မှုက မိသားစုဘဝကို အစပြုပေးတဲ့အရှင်၊ “ကျွန်ုပ်တို့အဖ” လို့ ယေရှုခေါ်ဆိုခဲ့တဲ့ ယေဟောဝါကို အသိအမှတ်ပြုခြင်းပေါ် အဓိကမူတည်နေပါတယ်။ (မဿဲ ၆:၉) မြေကြီးပေါ်မှာရှိတဲ့ မိသားစုတိုင်းက ကောင်းကင်ခမည်းတော်ကြောင့် တည်ရှိလာတာဖြစ်တယ်၊ ဒါကြောင့် မိသားစုပျော်ရွှင်အောင် ဘာလုပ်ရမလဲဆိုတာကို ကိုယ်တော် ကောင်းကောင်းသိတယ်။ (ဧဖက် ၃:၁၄၊ ၁၅) မိသားစုဝင်တစ်ဦးချင်းစီရဲ့ တာဝန်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာသွန်သင်သလဲ။

လူ့မိသားစုကို ဘုရားသခင်အစပြုခဲ့

၃။ လူ့မိသားစုအစကို သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ၊ ဒီဖော်ပြချက်မှန်တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ယေဟောဝါက ပထမဦးဆုံးလူသား၊ အာဒံနဲ့ဧဝကို ဖန်ဆင်းခဲ့ပြီး သူတို့နှစ်ဦးကို အကြင်လင်မယားအဖြစ် ပေါင်းဖက်ပေးခဲ့တယ်။ ကိုယ်တော်က သူတို့နှစ်ယောက်ကို သာယာလှပတဲ့ မြေကြီးပရဒိသုစံအိမ် ဧဒင်ဥယျာဉ်မှာ နေရာချပေးပြီး သားသမီးတွေမွေးဖွားဖို့ ပြောခဲ့တယ်။ “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဆိုပြီး ယေဟောဝါပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၈၊ ၂၁-၂၄) ဒါက ဒဏ္ဍာရီပုံပြင်တစ်ပုဒ် မဟုတ်ဘူး၊ အကြောင်းကတော့ မိသားစုဘဝရဲ့အစနဲ့ပတ်သက်ပြီး ကမ္ဘာဦးကျမ်းဖော်ပြချက် မှန်ကန်တယ်ဆိုတာ ယေရှုဖော်ပြခဲ့တယ်။ (မဿဲ ၁၉:၄၊ ၅) ကျွန်ုပ်တို့ဟာ ပြဿနာများစွာကို ရင်ဆိုင်ကြရပြီး လက်ရှိဘဝအသက်တာက ဘုရားသခင် ရည်ရွယ်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ မိသားစုပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းတွေရှိပါတယ်၊ အဲဒါကို ကြည့်ကြစို့။

၄။ (က) ပျော်ရွှင်တဲ့မိသားစုဖြစ်ဖို့ မိသားစုဝင်တစ်ဦးချင်းစီက ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ (ခ) ယေရှုရဲ့အသက်တာကို လေ့လာခြင်းက မိသားစုပျော်ရွှင်မှုအတွက် ဘာကြောင့် အလွန်အရေးကြီးသလဲ။

မိသားစုဝင်တစ်ဦးစီက မေတ္တာတင်ပြရာမှာ ဘုရားသခင်ကိုတုပခြင်းအားဖြင့် မိသားစုဘဝပျော်ရွှင်ဖို့ လုပ်ဆောင်နိုင်တယ်။ (ဧဖက် ၅:၁၊ ၂) ဒါပေမဲ့ ဘုရားသခင်ကို မမြင်နိုင်တဲ့အတွက် ကိုယ်တော့်ကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။ မိမိရဲ့သားဦးကို ကောင်းကင်ကနေ မြေကြီးကို စေလွှတ်ပေးခဲ့တဲ့အတွက် ယေဟောဝါရဲ့လုပ်ရပ်တွေကို ကျွန်ုပ်တို့ သင်ယူနိုင်ကြတယ်။ (ယောဟန် ၁:၁၄၊ ၁၈) ကိုယ်တော့်သားတော် ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်က ကောင်းကင်ခမည်းတော်ကို ကောင်းစွာတုပခဲ့တဲ့အတွက် ယေရှုကို မြင်တွေ့ရခြင်း၊ ယေရှုစကား နားထောင်ရခြင်းက ယေဟောဝါနဲ့အတူရှိနေရသလို၊ ယေဟောဝါပြောတာကို ကြားနေရသလို ဖြစ်တယ်။ (ယောဟန် ၁၄:၉) ဒါကြောင့် ယေရှုပြသခဲ့တဲ့မေတ္တာအကြောင်း လေ့လာခြင်း၊ ကိုယ်တော့်ပုံသက်သေကို တုပခြင်းအားဖြင့် ကျွန်ုပ်တို့တစ်ဦးစီဟာ မိသားစုဘဝပျော်ရွှင်ဖို့ ထောက်ကူပေးနိုင်ကြတယ်။

လင်ယောက်ျားတွေအတွက် ပုံသက်သေ

၅၊ ၆။ (က) အသင်းတော်အပေါ် ယေရှုပြုမူဆက်ဆံပုံက လင်ယောက်ျားတွေအတွက် ဘယ်လိုနည်းနဲ့ ပုံသက်သေဖြစ်သလဲ။ (ခ) အပြစ်ခွင့်လွှတ်ခံရဖို့ ဘာလုပ်ရမလဲ။

တပည့်တွေကို ယေရှုပြုမူဆက်ဆံခဲ့တဲ့နည်းအတိုင်း လင်ယောက်ျားတွေက မိမိတို့ဇနီးကို ပြုမူဆက်ဆံသင့်တယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ဒီကျမ်းစာလမ်းညွှန်ချက်ကို သုံးသပ်ကြည့်ပါ– “ခင်ပွန်းဖြစ်သူတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်သဖြင့် အသင်းတော်အတွက် အသက်စွန့်တော်မူသကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့။ . . . ထိုနည်းတူ ခင်ပွန်းသည်လည်း ကိုယ့်ကိုယ်ကိုယ်ချစ်သကဲ့သို့ ဇနီးကို ချစ်သင့်၏။ မိမိဇနီးကိုချစ်သောသူသည် ကိုယ့်ကိုယ်ကိုယ် ချစ်သောသူဖြစ်၏။ အကြောင်းမူကား မည်သူမျှ မိမိခန္ဓာကိုယ်ကို မုန်းသည်မရှိ။ လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍ မြတ်နိုးတတ်၏။ ခရစ်တော်သည် အသင်းတော်ကိုကျွေးမွေး၍ မြတ်နိုးတော်မူသကဲ့သို့ ဖြစ်၏။”—ဧဖက် ၅:၂၃၊ ၂၅-၂၉

တပည့်တွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းတော်ကို ယေရှုချစ်မြတ်နိုးခြင်းက လင်ယောက်ျားတွေအတွက် အကောင်းဆုံးပုံသက်သေပဲ။ တပည့်တွေက အပြစ်သားတွေဖြစ်ကြပေမဲ့လည်း သူတို့အတွက် ကိုယ်တော်အသက်စွန့်ခြင်းအားဖြင့် “မိမိလူတို့ကို . . . အဆုံးတိုင်အောင်ချစ်” ခဲ့တယ်။ (ယောဟန် ၁၃:၁; ၁၅:၁၃) အလားတူပဲ၊ လင်ယောက်ျားတွေကို “ခင်ပွန်းဖြစ်သူတို့၊ သင်တို့၏ဇနီးကို ဆက်၍ချစ်ကြလော့။ သူတို့ကို ခါးသီးစွာ အမျက်မထွက်ကြနှင့်” လို့တိုက်တွန်းထားတယ်။ (ကောလောသဲ ၃:၁၉) ဇနီးဖြစ်သူ တစ်ခါတလေ အမှားလုပ်မိတဲ့အခါမှာတောင် အထက်ပါဆုံးမစကားကိုကျင့်သုံးဖို့ လင်ယောက်ျားတွေကို ဘာကထောက်ကူပေးမလဲ။ မိမိကိုယ်တိုင်လည်း အမှားလုပ်မိတတ်တယ်ဆိုတဲ့အချက်နဲ့ ဘုရားသခင့်ခွင့်လွှတ်မှုခံရဖို့ သူ ဘာလုပ်ရမယ်ဆိုတာကို ပြန်သတိရသင့်တယ်။ သူ ဘာလုပ်ရမလဲ။ မိမိဇနီးအပါအဝင် မိမိကိုပြစ်မှားသူတွေကို ခွင့်လွှတ်ရမှာဖြစ်တယ်။ ဇနီးကလည်း အဲဒီလိုပဲ လုပ်ရမှာဖြစ်တယ်။ (မဿဲ ၆:၁၂၊ ၁၄၊ ၁၅ ကိုဖတ်ပါ) အောင်မြင်တဲ့အိမ်ထောင်ရေးဆိုတာ လိုလိုလားလားခွင့်လွှတ်တတ်သူနှစ်ဦး ပေါင်းစပ်ထားတာဖြစ်တယ်လို့ လူတချို့ပြောကြတယ်။

၇။ ယေရှု ဘယ်အရာကို ထည့်တွက်စဉ်းစားသလဲ၊ လင်ယောက်ျားတွေအတွက် ဘာပုံသက်သေချမှတ်ခဲ့သလဲ။

ယေရှုက တပည့်တွေအတွက် အမြဲစဉ်းစားပေးတယ်ဆိုတဲ့အချက်ကိုလည်း လင်ယောက်ျားတွေ သတိပြုသင့်တယ်။ ကိုယ်တော်က တပည့်တွေရဲ့ အကန့်အသတ်ဖြစ်မှု၊ ကာယရေးလိုအပ်မှုတွေကို ထည့်သွင်းစဉ်းစားပေးခဲ့တယ်။ ဥပမာ၊ တပည့်တွေ မောပန်းနေတဲ့အခါ သူတို့ကို ကိုယ်တော်က “လူသူကင်းမဲ့ရာအရပ်သို့ သီးသန့်လာ၍ ခဏနားကြ” ဆိုပြီး ပြောခဲ့တယ်။ (မာကု ၆:၃၀-၃၂) ဇနီးတွေလည်း ထောက်ထားစာနာမှုကို ရထိုက်ပါတယ်။ သမ္မာကျမ်းစာမှာ ဇနီးတွေကို “သာ၍အားနွဲ့သောတန်ဆာ” အဖြစ်ဖော်ပြထားပြီး သူတို့ကို “ဂုဏ်တင်” ဖို့ လင်ယောက်ျားတွေကို မိန့်မှာထားတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ လင်နဲ့မယားဟာ “မဟာကျေးဇူးတော်ကြောင့် ရရှိမည့်အသက်တာ” ကို အတူတူအမွေခံရမှာ ဖြစ်လို့ပဲ။ (၁ ပေတရု ၃:၇) ဘုရားသခင် တန်ဖိုးထားတာက ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းမဟုတ်ဘဲ သစ္စာရှိခြင်းသာဖြစ်ကြောင်း လင်ယောက်ျားတွေ သတိရသင့်တယ်။—ဆာလံ ၁၀၁:၆

၈။ (က) “မိမိဇနီးကိုချစ်သောသူသည် ကိုယ့်ကိုယ်ကိုယ် ချစ်သောသူဖြစ်၏” ဆိုတာက လင်ယောက်ျားတစ်ဦးအတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ (ခ) “တစ်သားတစ်ကိုယ်တည်းဖြစ်” ခြင်းဆိုတာက ဘာကိုဆိုလိုတာလဲ။

“မိမိဇနီးကိုချစ်သောသူသည် ကိုယ့်ကိုယ်ကိုယ် ချစ်သောသူဖြစ်၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အကြောင်းကတော့ ယေရှုဖော်ပြခဲ့သလို လင်မယားတွေဟာ “နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်” ကြလို့ပဲ။ (မဿဲ ၁၉:၆) ဒါကြောင့် လိင်ဆက်ဆံခြင်းကို သူတို့နှစ်ဦးတည်းအတွက်ပဲ ကန့်သတ်ထားရမယ်။ (သုတ္တံ ၅:၁၅-၂၁; ဟေဗြဲ ၁၃:၄) ကိုယ်ကျိုးမဖက်ဘဲ အချင်းချင်းရဲ့လိုအင်ဆန္ဒတွေကို အလေးထားမယ်ဆိုရင် အဲဒီလိုဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၇:၃-၅) ဒီသတိပေးချက်က မှတ်သားစရာဖြစ်တယ်– “မည်သူမျှ မိမိခန္ဓာကိုယ်ကို မုန်းသည်မရှိ။ . . . လူတိုင်း မိမိခန္ဓာကိုယ်ကို ကျွေးမွေး၍ မြတ်နိုးတတ်၏။” လင်ယောက်ျားတွေဟာ မိမိတို့ရဲ့ဦးခေါင်းဖြစ်သူ ယေရှုခရစ်ထံမှာ စာရင်းရှင်းရမယ်ဆိုတာကို သတိရပြီး ကိုယ့်ကိုယ်ကိုယ်ချစ်သလို ဇနီးသည်ကို ချစ်ဖို့လိုတယ်။—ဧဖက် ၅:၂၉; ၁ ကောရိန္သု ၁၁:၃

၉။ ဖိလိပ္ပိ ၁:၈ မှာ ယေရှုရဲ့ ဘယ်အရည်အသွေးကို ဖော်ပြထားသလဲ၊ လင်ယောက်ျားတွေက မိမိတို့ရဲ့ဇနီးသည်တွေအပေါ် အဲဒီအရည်အသွေးကို ဘာကြောင့် တင်ပြသင့်တာလဲ။

တမန်တော်ပေါလုက “ခရစ်တော်ယေရှု၏ ချစ်ခင်စုံမက်မှု” အကြောင်း ပြောခဲ့တယ်။ (ဖိလိပ္ပိ ၁:၈) ယေရှုရဲ့ချစ်ခင်စုံမက်မှုက စိတ်လန်းဆန်းစေတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်၊ ဒီအရည်အသွေးက ကိုယ်တော့်တပည့်ဖြစ်လာတဲ့ အမျိုးသမီးတွေအတွက် နှစ်သက်စရာပါပဲ။ (ယောဟန် ၂၀:၁၊ ၁၁-၁၃၊ ၁၆) ဒါ့အပြင် ဇနီးသည်တွေက မိမိတို့လင်ယောက်ျားရဲ့ ချစ်ခင်ယုယမှုကို ခံယူချင်ကြတယ်။

ဇနီးသည်တွေအတွက် ပုံသက်သေ

၁၀။ ယေရှုက ဇနီးသည်တွေအတွက် ပုံသက်သေ ဘယ်လိုပြသလဲ။

၁၀ မိသားစုတစ်စု ပျော်ရွှင်သာယာဖို့အတွက် လင်ယောက်ျားက ဦးစီးရမှာဖြစ်တယ်။ ယေရှုမှာတောင် ဦးဆောင်သူ ဦးခေါင်းရှိတယ်။ “မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်” သလိုပဲ “ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်” တယ်။ (၁ ကောရိန္သု ၁၁:၃) ကျွန်ုပ်တို့အားလုံးမှာ လက်အောက်ခံရမယ့် ဦးဆောင်သူရှိတဲ့အတွက် ဘုရားသခင့်ဦးဆောင်မှုကို ယေရှုလက်အောက်ခံခြင်းက ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်တယ်။

၁၁။ ဇနီးဖြစ်သူက လင်ယောက်ျားအပေါ် ဘယ်သဘောထားရှိသင့်သလဲ၊ ဇနီးရဲ့အမူအကျင့်က ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ။

၁၁ အပြစ်ရှိတဲ့ မစုံလင်သူလူသားတွေဖြစ်တဲ့ အမျိုးသားတွေဟာ အမှားတွေပြုလုပ်တတ်တာကြောင့် တစ်ခါတစ်ရံမှာတော့ အိမ်ထောင်ဦးစီးကောင်းတွေ မဖြစ်ကြဘူး။ အဲဒီလိုဆိုရင် ဇနီးသည်တစ်ဦး ဘာလုပ်သင့်သလဲ။ လင်ယောက်ျားလုပ်ဆောင်တဲ့အရာကို အထင်မသေးသင့်သလို လင်ယောက်ျားရဲ့ ဦးစီးမှုနေရာကိုယူဖို့လည်း မကြိုးစားသင့်ဘူး။ နူးညံ့ငြိမ်သက်ခြင်းသဘောကို ဘုရားသခင် အလွန်တန်ဖိုးထားတယ်ဆိုတာ ဇနီးဖြစ်သူ သတိရသင့်တယ်။ (၁ ပေတရု ၃:၄) အဲဒီစိတ်သဘောထားရှိတယ်ဆိုရင် အခက်အခဲကြုံရတဲ့ အခြေအနေတွေမှာတောင် ဘုရားသခင်နှစ်သက်တဲ့ လက်အောက်ခံမှုကို တင်ပြဖို့ ပိုလွယ်ကူတယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ဒါ့အပြင် ကျမ်းစာမှာ “ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်” တယ်လို့ပြောထားတယ်။ (ဧဖက် ၅:၃၃) ဒါပေမဲ့ လင်ယောက်ျားဖြစ်သူက ခရစ်တော်ကို မိမိရဲ့ဦးခေါင်းအဖြစ် လက်မခံဘူးဆိုရင်ကော။ ကျမ်းစာမှာ ဇနီးသည်တွေကို ဒီလိုတိုက်တွန်းထားတယ်– “ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏စင်ကြယ်သော အမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏။”—၁ ပေတရု ၃:၁၊ ၂

၁၂။ ဇနီးတစ်ဦးက မိမိရဲ့အယူအဆကို တလေးတစားပြောပြတာ ဘာကြောင့်မမှားသလဲ။

၁၂ လင်ယောက်ျားဖြစ်သူက ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ဇနီးက လင်ယောက်ျားရဲ့အယူအဆနဲ့ မတူတဲ့ တခြားအယူအဆကို လိမ္မာပါးနပ်စွာ ပြောပြတာက မရိုမသေပြုရာ မရောက်ဘူး။ ဇနီးရဲ့ရှုမြင်ချက်က မှန်ကောင်းမှန်နိုင်တဲ့အတွက် ဇနီးရဲ့စကားကို လင်ယောက်ျားဖြစ်သူ နားထောင်ပေးမယ်ဆိုရင် တစ်မိသားစုလုံး အကျိုးရှိနိုင်တယ်။ ဇနီးဖြစ်သူစာရာက အိမ်တွင်းရေးပြဿနာတစ်ခုနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတစ်ခုကို ပြောပြတဲ့အခါ အာဗြဟံသဘောမတူပေမဲ့ ဘုရားသခင်က “သူ၏စကားကိုနားထောင်လော့” ဆိုပြီး ပြောခဲ့တယ်။ (ကမ္ဘာဦး ၂၁:၉-၁၂ ကိုဖတ်ပါ) ခင်ပွန်းဖြစ်သူက ဘုရားသခင့်ပညတ်နဲ့ မဆန့်ကျင်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို ချတဲ့အခါ ဇနီးဖြစ်သူက အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံခြင်းအားဖြင့် လက်အောက်ခံမှုကို တင်ပြနိုင်တယ်။—တမန်တော် ၅:၂၉; ဧဖက် ၅:၂၄

စာရာက ဇနီးသည်တွေအတွက် ဘယ်ပုံသက်သေကောင်း ပြခဲ့သလဲ

၁၃။ (က) တိတု ၂:၄၊ ၅ မှာ အိမ်ထောင်သည်အမျိုးသမီးတွေကို ဘယ်အရာပြုလုပ်ဖို့ တိုက်တွန်းထားသလဲ။ (ခ) ခွဲနေတာ၊ ကွာရှင်းတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာဘာပြောထားသလဲ။

၁၃ ဇနီးအနေနဲ့ မိသားစုမှာ မိမိရဲ့တာဝန်ကိုကျေပွန်စေဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ၊ ကျမ်းစာမှာ အိမ်ထောင်သည်အမျိုးသမီးတွေဟာ ‘ကိုယ့်ခင်ပွန်းကိုချစ်သောသူ၊ မိမိ၏သားသမီးတို့ကို ချစ်မြတ်နိုးသူ၊ သမာသတိရှိသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူ၊ ကောင်းမွန်သူ၊ ခင်ပွန်းကိုလက်အောက်ခံသူများဖြစ်’ ကြရမယ်လို့ ဖော်ပြထားတယ်။ (တိတု ၂:၄၊ ၅) အဲဒီလိုလုပ်ဆောင်တဲ့ ဇနီး၊ မိခင်တစ်ဦးဟာ မိသားစုရဲ့ချစ်မြတ်နိုးမှုနဲ့ ရိုသေလေးစားမှုကို ခံရပါလိမ့်မယ်။ (သုတ္တံ ၃၁:၁၀၊ ၂၈၊ ၂၉ ကိုဖတ်ပါ) ဒါပေမဲ့ အိမ်ထောင်ဆိုတာ မစုံလင်တဲ့အပြစ်သားနှစ်ဦး ပေါင်းဖက်ထားတာဖြစ်တဲ့အတွက် အလွန်ဆိုးရွားတဲ့ အခြေအနေတချို့ကြောင့် ခွဲနေတာ၊ ဒါမှမဟုတ် ကွာရှင်းတာ ဖြစ်နိုင်တယ်။ တချို့သောအခြေအနေတွေမှာ ခွဲနေတာကို ကျမ်းစာကခွင့်ပြုတယ်။ ဒါပေမဲ့ ခွဲနေတာကို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး၊ “ဇနီးသည် ခင်ပွန်းနှင့် မခွဲခွာသင့်။ . . . ခင်ပွန်းသည်လည်း ဇနီးကိုပစ်မထားသင့်” လို့ ကျမ်းစာမှာဆုံးမထားတယ်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁) ကျမ်းစာမှာပါတဲ့မူအရဆိုရင် အိမ်ထောင်ဖက်တစ်ဦး ဖောက်ပြန်မှသာ ကွာရှင်းလို့ရတယ်။—မဿဲ ၁၉:၉

မိဘတွေအတွက် အကောင်းဆုံးပုံသက်သေ

၁၄။ ကလေးတွေကို ယေရှု ဘယ်လိုဆက်ဆံခဲ့သလဲ၊ ကလေးတွေဟာ မိဘတွေထံက ဘယ်အရာလိုအပ်သလဲ။

၁၄ ကလေးတွေနဲ့ ယေရှုဆက်ဆံပုံက မိဘတွေအတွက် အကောင်းဆုံးပုံသက်သေဖြစ်တယ်။ တခြားသူတွေက ကလေးငယ်တွေကို ယေရှုအနားမကပ်ဖို့ တားဆီးတဲ့အခါ ယေရှုက “ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။ မတားဆီးကြနှင့်” လို့ပြောခဲ့တယ်။ အဲဒီနောက် ယေရှုက သူတို့ကို “ချီပိုက်လျက် သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (မာကု ၁၀:၁၃-၁၆) ယေရှုက ကလေးငယ်တွေကို အချိန်ပေးခဲ့တဲ့အတွက် သင့်သားသမီးတွေကိုလည်း အဲဒီလိုပဲ အချိန်ပေးသင့်တယ်မဟုတ်လား။ ကလေးတွေကို အချိန်အနည်းငယ်လောက်သာမဟုတ်ဘဲ အချိန်အများကြီး ပေးဖို့လိုတယ်။ ကလေးတွေကို သွန်သင်ဆုံးမရမယ်လို့ မိဘတွေကို ယေဟောဝါ ညွှန်ကြားထားတဲ့အတွက် အချိန်ပေးပြီး သွန်သင်ဆုံးမဖို့လိုတယ်။တရားဟောရာ ၆:၄-၉ ကိုဖတ်ပါ။

၁၅။ မိဘတွေက မိမိတို့ရဲ့ကလေးတွေကို ကာကွယ်ဖို့ ဘယ်အရာ ပြုလုပ်နိုင်သလဲ။

၁၅ ဒီလောက,က ဆိုးသည်ထက်ဆိုးလာတဲ့အတွက် မိဘတွေဟာ သားသမီးတွေကို လိင်ဆိုင်ရာအမြတ်ထုတ်ချင်သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့လိုတယ်။ “ချစ်သားတို့” ဆိုပြီး ယေရှု ချစ်ခင်ကြင်နာစွာခေါ်ဆိုခဲ့တဲ့ တပည့်တွေကို ကိုယ်တော် ဘယ်လိုကာကွယ်ပေးခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ ယေရှုဟာ မိမိအဖမ်းခံရပြီး အသတ်ခံရတော့မယ့်အချိန်မှာ တပည့်တွေလွတ်မြောက်ဖို့ နည်းလမ်းရှာကြံပေးခဲ့တယ်။ (ယောဟန် ၁၃:၃၃; ၁၈:၇-၉) မိဘတစ်ဦးအနေနဲ့ သင့်ကလေးငယ်တွေကို အန္တရာယ်ပြုဖို့ စာတန်ရဲ့ကြိုးပမ်းမှုတွေကို သတိထားဖို့လိုတယ်။ ကလေးတွေကို ကြိုတင်သတိပေးထားဖို့ လိုတယ်။ * (၁ ပေတရု ၅:၈) သူတို့ရဲ့ ကိုယ်ခန္ဓာ၊ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေး၊ စာရိတ္တရေးတွေက တစ်ခါနဲ့မှမတူအောင် အန္တရာယ်တွေ့နိုင်တဲ့ အခြေအနေမှာရှိနေတယ်။

ကလေးတွေကို ယေရှုဆက်ဆံပုံကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ

၁၆။ တပည့်တွေကို ယေရှု သွန်သင်ဆုံးမပုံကနေ မိဘတွေ ဘယ်အရာသင်ယူနိုင်သလဲ။

၁၆ ယေရှုမသေဆုံးခင်ညမှာ တပည့်တွေက ဘယ်သူပိုကြီးမြတ်သလဲဆိုတာ ငြင်းခုံခဲ့ကြတယ်။ ယေရှုက သူတို့ကိုစိတ်ဆိုးမယ့်အစား အပြောအဆိုနဲ့ ပုံသက်သေအားဖြင့် မေတ္တာပါစွာ ဆက်သွန်သင်ဆုံးမခဲ့တယ်။ (လုကာ ၂၂:၂၄-၂၇; ယောဟန် ၁၃:၃-၈) သင်က မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့်ကလေးတွေကို အမှားပြင်ပေးရာမှာ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုတုပနိုင်တယ်ဆိုတာ သိပါသလား။ ကလေးတွေကို ဆုံးမပဲ့ပြင်ပေးဖို့ လိုအပ်တာ မှန်ပါတယ်၊ ဒါပေမဲ့ စိတ်လိုက်မာန်ပါမဟုတ်ဘဲ ‘တော်ရုံသင့်ရုံ’ ဆုံးမတာဖြစ်သင့်တယ်။ “သန်လျက်နှင့်ထိုးသကဲ့သို့” မဆင်မခြင် ပြောဆိုဆုံးမတာမျိုး မလုပ်သင့်ဘူး။ (ယေရမိ ၃၀:၁၁; သုတ္တံ ၁၂:၁၈) သူတို့ တကယ် အကျိုးခံစားရတဲ့နည်းနဲ့ ဆုံးမသွန်သင်သင့်တယ်။—ဧဖက် ၆:၄; ဟေဗြဲ ၁၂:၉-၁၁

ကလေးတွေအတွက် ပုံသက်သေ

၁၇။ ယေရှုဟာ ဘယ်နည်းတွေနဲ့ ကလေးတွေအတွက် အကောင်းဆုံးပုံသက်သေ ပြခဲ့သလဲ။

၁၇ ကလေးတွေကော ယေရှုထံကနေ သင်ယူနိုင်ပါသလား။ သင်ယူနိုင်ပါတယ်။ ကလေးတွေ မိဘစကားနားထောင်ရမယ်ဆိုတာကို ယေရှုကိုယ်တိုင် ပုံသက်သေပြခဲ့တယ်။ ‘ငါ့ခမည်းတော် ငါ့အားသွန်သင်တော်မူသည့်အတိုင်း ဟောပြောသည်’ ဆိုပြီး ယေရှုပြောခဲ့တယ်။ ဒါ့အပြင် “ထိုအရှင်နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” လို့ဆက်ပြောခဲ့တယ်။ (ယောဟန် ၈:၂၈၊ ၂၉) ယေရှုက ကောင်းကင်ခမည်းတော်ပြောတာကို နာခံခဲ့တယ်၊ ကျမ်းစာမှာလည်း သားသမီးတွေက မိဘစကားနားထောင်ရမယ်လို့ ပြောတယ်။ (ဧဖက် ၆:၁-၃ ကိုဖတ်ပါ။) ယေရှုဟာ ဘုရားသခင့်သားတော်ဖြစ်ပေမဲ့ အပြစ်ရှိတဲ့လူသားမိဘတွေဖြစ်တဲ့ ယောသပ်နဲ့ မာရိရဲ့စကားကို နားထောင်ခဲ့တယ်။ ဒါကြောင့် ယေရှုရဲ့မိသားစုဝင်အားလုံး ပျော်ရွှင်ခဲ့ကြမှာ သေချာတယ်။—လုကာ ၂:၄၊ ၅၊ ၅၁၊ ၅၂

၁၈။ ယေရှုက ကောင်းကင်ခမည်းတော်ရဲ့စကားကို ဘာကြောင့် အမြဲနားထောင်ခဲ့တာလဲ၊ ယနေ့ ကလေးတွေ မိဘစကားနားထောင်တဲ့အခါ ဘယ်သူပျော်သလဲ။

၁၈ သားသမီးတွေအနေနဲ့ ယေရှုနဲ့ပိုတူနိုင်တဲ့နည်းလမ်းတွေ၊ မိဘတွေကို ပျော်ရွှင်စေနိုင်တဲ့နည်းလမ်းတွေကို သိရှိနိုင်ပါသလား။ လူငယ်တွေအနေနဲ့ တစ်ခါတစ်ရံမှာ မိဘစကားနားထောင်ဖို့ အခက်တွေ့နိုင်ပါတယ်၊ ဒါပေမဲ့ ဘုရားသခင်က သားသမီးတွေကို မိဘစကားနားထောင်စေချင်တယ်။ (သုတ္တံ ၁:၈; ၆:၂၀) ယေရှုက ခက်ခဲတဲ့အခြေအနေမှာတောင် ကောင်းကင်ခမည်းတော်ပြောတာကို အမြဲနာခံခဲ့တယ်။ တစ်ကြိမ်မှာတော့ ယေရှုဟာ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ဖို့ အရမ်းခက်ခဲနေချိန်မှာ “အဖ၊ အလိုတော်ရှိလျှင် ဤခွက် [တောင်းဆိုချက်] ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ” လို့ တောင်းလျှောက်ခဲ့တယ်။ ဒါပေမဲ့ သူ့အတွက် အကောင်းဆုံးအရာကို ခမည်းတော်သိတယ်ဆိုတာ ယေရှု သဘောပေါက်တဲ့အတွက် ဘုရားသခင်ခိုင်းတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်။ (လုကာ ၂၂:၄၂) သားသမီးတွေဟာ နာခံတတ်ဖို့သင်ယူခြင်းအားဖြင့် မိဘတွေနဲ့ ကောင်းကင်ခမည်းတော်ကို ပျော်ရွှင်စေကြမှာဖြစ်တယ်။ *သုတ္တံ ၂၃:၂၂-၂၅

သွေးဆောင်ခံရတဲ့အခါ ဘယ်အချက်ကို လူငယ်တွေ စဉ်းစားသင့်သလဲ

၁၉။ (က) စာတန်က ကလေးတွေကို ဘယ်လိုသွေးဆောင်သလဲ။ (ခ) ကိုယ်ကျင့်တရားမကောင်းတဲ့ ကလေးတွေကြောင့် မိဘတွေကို ဘယ်လိုထိခိုက်နိုင်သလဲ။

၁၉ စာတန်က ယေရှုကိုသွေးဆောင်ခဲ့တဲ့အတွက် လူငယ်တွေကိုလည်း အမှားလုပ်ဖို့ သွေးဆောင်မယ်ဆိုတာ သေချာတယ်။ (မဿဲ ၄:၁-၁၀) စာတန်က တွန်းလှန်ဖို့ခက်တဲ့ ရွယ်တူခြင်းဖိအားကို အသုံးပြုတယ်။ ဒါကြောင့် သားသမီးတွေက အမှားလုပ်တဲ့သူတွေနဲ့ မပေါင်းသင်းဖို့ အရမ်းအရေးကြီးတယ်။ (၁ ကောရိန္သု ၁၅:၃၃) ယာကုပ်ရဲ့သမီး ဒိနက ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ ပေါင်းသင်းခဲ့လို့ ပြဿနာတွေအများကြီး ဖြစ်ခဲ့တယ်။ (ကမ္ဘာဦး ၃၄:၁၊ ၂) မိသားစုဝင်တစ်ဦး လိင်အကျင့်ယိုယွင်းမှုမှာ ပါဝင်ပတ်သက်တဲ့အခါ မိသားစုကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ!—သုတ္တံ ၁၇:၂၁၊ ၂၅

မိသားစုပျော်ရွှင်မှုအတွက် အရေးကြီးဆုံးအချက်

၂၀။ ပျော်ရွှင်တဲ့မိသားစုဘဝဖြစ်ဖို့ မိသားစုဝင်တစ်ဦးချင်းစီက ဘာလုပ်ရမလဲ။

၂၀ ကျမ်းစာပါ ဆုံးမစကားတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ မိသားစုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုလွယ်ကူသွားတယ်။ တကယ်တော့ အဲဒီဆုံးမစကားတွေကို လက်တွေ့ကျင့်သုံးခြင်းက မိသားစုပျော်ရွှင်မှုအတွက် အရေးကြီးဆုံးအချက်ပဲ။ ဒါကြောင့် လင်ယောက်ျားတို့၊ သင်တို့ရဲ့ဇနီးကိုချစ်ပါ၊ အသင်းတော်ကို ယေရှုဆက်ဆံတဲ့နည်းအတိုင်း ဇနီးကိုပြုမူဆက်ဆံပါ။ ဇနီးတို့၊ သင့်ခင်ပွန်းရဲ့ဦးစီးမှုကို လက်အောက်ခံပါ၊ သုတ္တံ ၃၁:၁၀-၃၁ မှာဖော်ပြထားတဲ့ အရည်အချင်းရှိတဲ့ဇနီးရဲ့ ပုံနမူနာကို လိုက်လျှောက်ပါ။ မိဘတို့၊ သားသမီးတွေကို လေ့ကျင့်သွန်သင်ပေးပါ။ (သုတ္တံ ၂၂:၆) ဖခင်တို့၊ “မိမိအိမ်ထောင်စုကို ကောင်းစွာဦးစီး” ပါ။ (၁ တိမောသေ ၃:၄၊ ၅; ၅:၈) သားသမီးတို့၊ မိဘစကားကို နားထောင်ပါ။ (ကောလောသဲ ၃:၂၀) မိသားစုဝင်အားလုံးက မစုံလင်တဲ့ အပြစ်သားတွေဖြစ်တယ်၊ အားလုံးက မှားတတ်ကြတယ်။ ဒါကြောင့် နှိမ့်ချမှုပြပြီး အချင်းချင်းခွင့်လွှတ်ဖို့ တောင်းဆိုကြပါ။

၂၁။ ရှေ့မှာ ဘယ်လိုကောင်းတဲ့ အနာဂတ်စောင့်ကြိုနေသလဲ၊ အခုအချိန်မှာတောင် ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်သလဲ။

၂၁ မှန်ပါတယ်၊ ကျမ်းစာမှာ မိသားစုဘဝနဲ့ပတ်သက်တဲ့ အဖိုးတန်ဆုံးမစကားတွေ၊ ညွှန်ကြားချက်တွေ များစွာပါရှိတယ်။ ဒါ့အပြင် ကျမ်းစာက ယေဟောဝါကိုဝတ်ပြုကိုးကွယ်ကြတဲ့ ပျော်ရွှင်တဲ့လူသားတွေ နေထိုင်မယ့် သာယာလှပတဲ့မြေကြီးပရဒိသု အကြောင်းလည်း သင်ပေးတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) ရှေ့မှာ တကယ်ကောင်းတဲ့အနာဂတ် စောင့်ကြိုနေတယ်။ ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာပါ သွန်သင်ချက်တွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် အခုအချိန်မှာတောင် ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

^ စာပိုဒ်၊ 15 ကလေးတွေကို ကာကွယ်ပေးရာမှာ အထောက်အကူပြုတဲ့အချက်တွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ကြီးမြတ်သောဆရာထံမှသင်ယူလော့ စာအုပ်၊ အခန်း ၃၂ မှာ တွေ့ရပါတယ်။

^ စာပိုဒ်၊ 18 မိဘဖြစ်သူက ကလေးတစ်ယောက်ကို ဘုရားသခင့်စကားနားမထောင်ဖို့ ပြောတဲ့အခါမှာတော့ မိဘစကားကို နားမထောင်တာက မှန်တယ်။—တမန်တော် ၅:၂၉