လုကာ ၂:၁-၅၂

  • ယေရှု မွေး​ဖွား​ခြင်း (၁-၇)

  • သိုးထိန်း​တွေ​ရှေ့ ကောင်း​ကင်​တ​မန်​တွေ ပေါ်လာ (၈-၂၀)

  • အရေ​ဖျား​ဖြတ်​ခြင်း၊ သန့်​စင်​စေ​ခြင်း (၂၁-၂၄)

  • ယေရှု​ကို ရှိ​မောင် တွေ့ (၂၅-၃၅)

  • ယေရှု​အကြောင်း အန္န ပြော​ဆို (၃၆-၃၈)

  • နာ​ဇ​ရက်​ကို ပြန်​လာ​ကြ (၃၉၊ ၄၀)

  • ဗိမာန်​တော်​မှာ ၁၂ နှစ်​သား ယေရှု (၄၁-၅၂)

 အဲဒီ​အချိန်​မှာ ဆီ​ဇာ* သြဂတ်​စတပ်​က အင်​ပါ​ယာ​တစ်​ခွင်​လုံး​မှာ* နေ​ထိုင်​သူ​အားလုံး နာ​မည်​စာ​ရင်း​ပေး​ဖို့ အမိန့်​ထုတ်​လိုက်​တယ်။ ၂  (ဆီး​ရီး​ယား​နိုင်​ငံ​ရဲ့ ဘု​ရင်​ခံ ကု​ရေ​နိ​လက်​ထက်​မှာ အခု​လို ဦး​ဆုံး​အကြိမ် နာ​မည်​စာ​ရင်းကောက်​တာ ဖြစ်​တယ်။) ၃  ဒါ​ကြောင့် လူ​အားလုံး နာ​မည်​စာရင်း​ပေး​ဖို့ ကိုယ့်​မြို့​ကိုယ့်​ရွာ ပြန်​ကြ​ရ​တယ်။ ၄  ယော​သပ်​က+ ဒါဝိဒ်​မျိုး​နွယ်​ဖြစ်​တဲ့​အတွက် ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​က​နေ ယုဒ​ပြည်​မှာ​ရှိ​တဲ့ ဘက်​သလီ​ဟင်​လို့​ခေါ်တဲ့+ ဒါဝိဒ်ရဲ့​နေ​ရင်း​မြို့​ဆီ တက်​သွား​တယ်။ ၅  နာ​မည်​စာ​ရင်း​ပေး​ဖို့ သွား​တဲ့​အခါ စေ့​စပ်​ထိမ်း​မြား​ထား​တဲ့ ဇနီး​မာရိ​ကို​ပါ ခေါ်​သွား​တယ်။+ အဲဒီ​အချိန်​မှာ မာ​ရိ​ဟာ ကိုယ်​ဝန်​နေ့​စေ့​လ​စေ့ ဖြစ်​နေ​ပြီ။+ ၆  ဘက်​သလီ​ဟင်​မြို့​မှာ သူတို့​ရှိ​နေ​တုန်း မာ​ရိ မီး​ဖွား​ချိန်​ရောက်​လာ​ပြီး၊ ၇  သား​ဦး​လေး​ကို မွေး​တယ်။+ ဒါ​ပေမဲ့ တည်း​ခို​မယ့်​နေ​ရာ မရှိ​တော့လို့ က​လေး​ကို အနှီး​နဲ့​ပတ်​ပြီး နွား​စား​ခွက်​ထဲ​မှာ သိပ်​ထား​ရ​တယ်။+ ၈  အဲဒီ​ဒေ​သမှာ သိုးထိန်း​တွေ​က​လည်း ကွင်း​ပြင်​မှာ ရောက်​နေ​ပြီး သိုး​အုပ်​တွေ​ကို ည​လုံး​ပေါက် စောင့်​ရှောက်​နေ​တယ်။ ၉  ရုတ်​တ​ရက်၊ ယေဟောဝါ​ရဲ့* ကောင်း​ကင်​တ​မန်​က သူတို့​ရှေ့​မှာ ပေါ်​လာ​တယ်။ ပတ်​လည်​မှာ​လည်း ယေဟောဝါ​ရဲ့* ဘုန်း​အသရေ​ကြောင့် ထွန်း​လင်း​နေ​တဲ့​အတွက် သူတို့ ကြောက်​လန့်​နေ​ကြ​တယ်။ ၁၀  ကောင်း​ကင်​တ​မန်​က “မကြောက်​ပါ​နဲ့။ လူ​တိုင်း​ကို အကြီး​အကျယ် ဝမ်း​မြောက်​စေ​မယ့် သတင်း​ကောင်း​ပြော​ဖို့ ကျွန်​တော် ရောက်​လာ​တာ။ ၁၁  ဒီ​နေ့ ဒါဝိဒ်ရဲ့​ဇာတိ​မြို့​မှာ+ ခင်​ဗျား​တို့​ကို ကယ်​တင်​မယ့်​သူ၊+ သခင်​ခရစ်​တော် မွေး​ဖွား​ပြီ။+ ၁၂  မွေး​ကင်းစ​က​လေး​ကို အနှီး​နဲ့​ပတ်​ပြီး နွား​စား​ခွက်​ထဲ သိပ်​ထား​တာ​ကို ခင်​ဗျား​တို့​တွေ့​ရင် အဲ​ဒါ သူ​ပဲ​ဆို​တာ သိ​ကြ​ပါ” လို့​ပြော​တယ်။ ၁၃  အဲဒီ​ကောင်း​ကင်​တ​မန်​နဲ့​အတူ ကောင်း​ကင်​တ​မန်​ဗိုလ်​ခြေ အမြောက်​အမြား ရုတ်​တ​ရက်​ပေါ်​လာ​ပြီး+ ဘုရား​သခင်​ကို ချီး​မွမ်း​ကြ​တယ်။ ၁၄  “ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ။ ကမ္ဘာ​မြေပေါ်​နေ​ထိုင်​တဲ့ ဘုရား​မျက်​နှာ​သာ​ရ​သူ​တွေ ငြိမ်သက်​ခြင်း​ရှိ​ပါ​စေ” လို့​ချီး​မွမ်း​ကြ​တယ်။ ၁၅  အဲဒီ​နောက် ကောင်း​ကင်​တ​မန်​တွေ ကောင်း​ကင်​ကို ပြန်​တက်​သွား​တယ်။ သိုးထိန်း​တွေ​က “ယေဟောဝါ* ဘု​ရား အသိ​ပေး​တဲ့​ကိစ္စ​ကို​ သွား​ကြည့်​ကြ​ရ​အောင်။ အခု​ပဲ ဘက်​သလီ​ဟင်​မြို့​ကို သွား​ကြ​စို့” လို့​အချင်း​ချင်း​ပြော​ပြီး၊ ၁၆  ခပ်​သုတ်​သုတ်​သွား​ပြီး ကြည့်​တဲ့​အခါ မာ​ရိ​နဲ့ ယော​သပ်​ကို​ရော​ နွား​စား​ခွက်​ထဲ​မှာ သိပ်ထားတဲ့ မွေး​ကင်း​စ​ က​လေး​ကို​ပါ တွေ့​လိုက်​ရ​တယ်။ ၁၇  အဲဒီ​အခါ သိုးထိန်း​တွေ​က ဒီ​ကလေး​နဲ့​ ပတ်​သက်​ပြီး ကောင်း​ကင်​တမန်​ ပြော​သွား​တာ​တွေ​ကို ပြန်​ပြော​ပြတော့၊ ၁၈  ကြား​တဲ့​သူ​အားလုံး တအံ့တ​သြ ဖြစ်​ကြ​တယ်။ ၁၉  မာ​ရိ​က အဲဒီ​အကြောင်း​ကို စိတ်​ထဲ မှတ်​ထား​ပြီး ဘာ​ကို​ဆိုလို​တယ်​ဆို​တာ ဆင်​ခြင်​တွေး​တော​တယ်။+ ၂၀  သိုးထိန်း​တွေ​လည်း ဘုရား​သခင် အသိ​ပေး​တဲ့​အတိုင်း မြင်​ရ၊ ကြား​ရ​တဲ့​အတွက် ဘုရား​ကို ဂုဏ်​တင်​ချီး​မွမ်း​ပြီး ပြန်​သွား​ကြ​တယ်။ ၂၁  ရှစ်​ရက်​သား​မှာ က​လေး​ကို အရေ​ဖျား​ဖြတ်​ပေး​ပြီး+ ယေရှု​လို့ နာမည်​ပေး​လိုက်​တယ်။ မာ​ရိ ကိုယ်​ဝန်​မရ​သေး​ခင်​မှာ ကောင်း​ကင်​တ​မန်​ပေး​ခဲ့​တဲ့ နာ​မည်​ပဲ။+ ၂၂  မော​ရှေ​ပညတ်​ကျမ်း​အတိုင်း သန့်​စင်​အောင် လုပ်​ရ​မယ့်​အချိန် ရောက်​လာ​တဲ့​အခါ+ ယော​သပ်​နဲ့ မာရိ​က က​လေး​နဲ့​အတူ ဂျေရု​ဆ​လင်​မြို့​ကို တက်​သွား​တယ်။ ပြီး​တော့ က​လေး​ကို ယေ​ဟောဝါရှေ့* ခေါ်​ဆောင်​သွား​တယ်။ ၂၃  “သား​ဦး​မှန်​သမျှ ယေဟောဝါ* အတွက် သီး​သန့်​ဖယ်​ထား​ရ​မယ်” ဆို​ပြီး ယေဟောဝါ​ရဲ့* ပညတ်​ကျမ်း​မှာ ရေး​ထား​လို့​ပဲ။+ ၂၄  ဒါ့​အပြင် “ချိုး​နှစ်​ကောင် ဒါ​မှ​မဟုတ် ခို​က​လေး​နှစ်​ကောင်” ပေး​လှူ​ရ​မယ်​ဆို​ပြီး ယေ​ဟော​ဝါ​ရဲ့* ပညတ်​ကျမ်း​မှာ ရေး​ထား​တဲ့​အတိုင်း ပူ​ဇော်​သက္ကာ​ကို ဆက်​သ​ကြတယ်။+ ၂၅  ဂျေရု​ဆ​လင်​မြို့​မှာ ရှိ​မောင်​လို့​ခေါ်​တဲ့ လူ​တစ်​ယောက် ရှိ​တယ်။ သူ​ဟာ ဖြောင့်​မတ်​သူ၊ ဘုရား​တ​ရား​ကြည်​ညို​သူ၊ အစ္စရေးတွေ​ကို ဘုရား​သခင် နှစ်​သိမ့်​ပေး​မယ့်​အချိန်​ကို စောင့်​မျှော်​နေ​သူ၊+ သန့်​ရှင်း​သော စွမ်းအား​တော် လမ်း​ညွှန်​မှု​ခံ​ရ​သူ ဖြစ်​တယ်။ ၂၆  ယေဟောဝါ* စေ​လွှတ်​တဲ့ ခ​ရစ်​တော်​ကို မမြင်​ရ​မချင်း မသေရ​ဘူး​ဆို​ပြီး သန့်​ရှင်း​သော စွမ်းအား​တော်​က​တစ်ဆင့် သူ့​ကို ဘု​ရား အသိ​ပေး​ထား​ပြီ။ ၂၇  ရှိ​မောင်​က စွမ်းအား​တော် လမ်း​ညွှန်​မှု​ကြောင့် ဗိမာန်​တော်​ကို ရောက်​လာ​တယ်။ ပညတ်​ကျမ်း​မှာ​ပါ​တဲ့ ထုံး​စံ​အတိုင်း လုပ်​ဆောင်​ဖို့+ ကလေး​ငယ်​ယေရှု​ကို မိ​ဘ​တွေ ခေါ်​လာ​ကြ​တဲ့​အခါ၊ ၂၈  ရှိ​မောင်​က က​လေး​ကို ချီ​ပိုက်​ပြီး ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​တယ်။ ၂၉  “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်၊ ကိုယ်​တော်​ပြော​ခဲ့​တဲ့​အတိုင်း ဒီ​က​လေး​ကို ကျွန်​တော် မြင်​ခွင့်​ရ​ပြီဖြစ်​လို့ အခု​တော့ သေပျော်​ပါ​ပြီ။+ ၃၀  ကိုယ်​တော် ကယ်​တင်​မယ့် နည်း​လမ်း​ကို ကျွန်​တော် မြင်​ခွင့်​ရ​ပါ​ပြီ။+ ၃၁  အဲဒီ​နည်း​ကို လူ​တွေ​အားလုံး​လည်း မြင်​ခွင့်​ရ​ပါ​ပြီ။+ ၃၂  ဒီ​က​လေး​ဟာ လူမျိုး​ခြား​တွေ​အတွက် အမှောင်​ထု​ကို ဖယ်​ရှား​ပေး​မယ့်+ အလင်း​ပါ။+ လူမျိုး​တော်​အစ္စရေး​အတွက် တောက်​ပတဲ့ အလင်း​ရောင်​ပါ” လို့​ပြော​တယ်။ ၃၃  မိ​ဘ​တွေ​က ယေရှု​အကြောင်း ရှိ​မောင်​ပြော​တာ​တွေကို ကြား​တဲ့​အခါ အံ့​သြနေ​တယ်။ ၃၄  အဲဒီ​နောက် ရှိ​မောင်​က မိ​ဘ​တွေ​ကို ကောင်း​ချီး​ပေး​ပြီး “ဒီ​က​လေး​ကြောင့် အစ္စရေးတွေ​ထဲ​မှာ လဲ​ကျ​သူ​တွေ​ရှိ​သ​လို+ ထ​တဲ့​သူ​တွေ​လည်း ရှိ​လိမ့်​မယ်။+ ဘုရား​က သူ​နဲ့​အတူ​ရှိ​မှန်း အထောက်​အထား​တွေ ပြနေ​ပါ​လျက်​နဲ့ လူ​အများ​က သူ့​ကို ဆန့်​ကျင်​ပြော​ဆို​ကြ​လိမ့်​မယ်။+ ၃၅  ဒါ​ကြောင့် လူ​တွေရဲ့​စိတ်​ထဲ​မှာ ဘာ​ရှိ​သလဲ​ဆို​တာ ပေါ်​လာ​လိမ့်​မယ်။ မာ​ရိ၊ မင်း​က​လည်း ဓား​ရှည်​နဲ့ အခွင်း​ခံ​ရ​သလို ဖြစ်​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၃၆  အာ​ရှာ​အနွယ်၊ ဖနွေ​လ​ရဲ့​သမီး အန္နလို့​ခေါ်​တဲ့ ပရော​ဖက်​မတစ်​ယောက် ရှိ​တယ်။ သူ​ဟာ အသက်​ တော်​တော် ကြီး​နေ​ပြီ။ အိမ်​ထောင်​သက် ခု​နစ်​နှစ်​မှာ ယောက်ျား​ဆုံး​သွား​တဲ့​အတွက်၊ ၃၇  မု​ဆိုး​မ ဖြစ်​နေ​တယ်။ အခု​ဆို အသက် ၈၄ နှစ် ရှိ​နေ​ပြီ။ သူ​ဟာ ဗိမာန်​တော်​ကို အမြဲလာ​တယ်။ အစာ​ရှောင်​တာ၊ အသနား​ခံ​ဆုတောင်း​တာ​တွေ လုပ်​ပြီး နေ့​ရော​ည​ပါ ဘုရား​ကို ဝတ်​ပြု​တယ်။ ၃၈  ယော​သပ်​နဲ့​မာ​ရိ​တို့ ဗိမာန်​တော်​မှာ​ရှိ​နေ​တုန်း သူ​ရောက်​လာ​ပြီး ဘုရား​သခင်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​တယ်။ ဂျေရု​ဆ​လင်​မြို့​ကို ဘုရား​သခင် လွတ်​မြောက်​စေ​မယ့်​အချိန် စောင့်​မျှော်​နေ​သူ​တွေ​ကို ယေရှု​အကြောင်း ပြော​ပြတယ်။+ ၃၉  မိ​ဘ​တွေ​က ယေဟောဝါ​ရဲ့* ပညတ်​ကျမ်း​မှာ ပါ​တဲ့​အတိုင်း လုပ်​စ​ရာ​ရှိ​တာ​အားလုံး လုပ်​ပြီး​တဲ့​နောက်+ ဂါလိ​လဲ​ပြည်၊ သူတို့​ရဲ့​နေ​ရင်း​မြို့ နာ​ဇ​ရက်​ကို ပြန်​သွား​ကြ​တယ်။+ ၄၀  က​လေး​ဟာ ကျန်း​မာ​သန်​စွမ်း​သူ၊ ဉာဏ်​ပညာ​နဲ့ ပြည့်​စုံ​သူ၊ ဘုရား​သခင့် မျက်​နှာ​သာ​ရ​သူ​အဖြစ် ကြီး​ပြင်း​လာ​တယ်။+ ၄၁  ယေရှု​ရဲ့​မိ​ဘ​တွေ​က ပသခါ​ပွဲ* ခံချိန်​မှာ ဂျေရု​ဆ​လင်​မြို့​ကို နှစ်​တိုင်း သွား​လေ့​ရှိ​တယ်။+ ၄၂  ယေရှု အသက် ၁၂ နှစ်​မှာ ခါ​တိုင်း​လို​ပဲ ပွဲ​တော်​ကို သွား​ကြ​တယ်။+ ၄၃  ပွဲ​တော်ရက်​ပြီး​သွား​လို့ ပြန်​လာ​ကြ​တဲ့​အခါ လူငယ်​ယေရှု​က ဂျေရု​ဆ​လင်​မြို့​မှာ နေ​ရစ်ခဲ့​တယ်။ ဒါ​ကို မိ​ဘ​တွေ မသိ​လိုက်​ဘူး။ ၄၄  ခ​ရီး​သွား​ဖော်​အုပ်​စု​ထဲ​မှာ ပါ​လာ​တယ်​လို့​ပဲ ထင်​နေ​ကြ​တယ်။ တစ်​ရက်​ခရီး​သွား​ပြီး​မှ ဆွေ​မျိုး​တွေ၊ အသိ​တွေ​ကြား​ထဲ​မှာ လိုက်​ရှာ​တယ်။ ၄၅  မတွေ့​တဲ့​အခါ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​သွား​ပြီး အသည်း​အသန် ရှာ​တယ်။ ၄၆  သုံး​ရက်​ကြာ​မှ​ပဲ ယေရှု​ကို ရှာ​တွေ့​တော့​တယ်။ ဗိမာန်​တော်​မှာ ဆ​ရာတွေ​အလယ်​မှာ ထိုင်​ပြီး သူတို့​ပြော​တာ​ကို နား​ထောင်​လိုက်၊ မေး​ခွန်း​မေး​လိုက် လုပ်​နေ​တယ်။ ၄၇  သူ့​စကား​ကို ကြား​တဲ့​သူ​အားလုံး​က သူ​အဖြေပေး​ပုံ၊ ဉာဏ်​ထက်​မြက်​ပုံ​ကို တ​အံ့​တ​သြ ဖြစ်​နေ​ကြ​တယ်။+ ၄၈  မိ​ဘ​တွေ သူ့​ကို တွေ့​တဲ့​အခါ အံ့​အား​သင့်​ပြီး မိ​ခင်​က “သား​ရယ်၊ အဖေနဲ့​အမေ့​မှာ သား​ကို အပူ​တ​ပြင်း ရှာ​လိုက်​ရ​တာ။ ဘာ​ဖြစ်​လို့ ဒီ​လို​လုပ်​တာ​လဲ” လို့​ပြော​တော့၊ ၄၉  ယေရှု​က “သား​ကို ဘာ​လို့ ရှာ​နေ​ကြ​တာ​လဲ။ အဖရဲ့​အိမ်​တော်​မှာ သား​ရှိ​နေ​မယ်​ဆို​တာ မသိ​ဘူး​လား”+ လို့​ပြော​တယ်။ ၅၀  ဒါ​ပေမဲ့ မိ​ဘ​တွေ​က သူ​ပြော​တာ​ကို နား​မလည်​ကြ​ဘူး။ ၅၁  ယေရှု​က မိ​ဘ​တွေ​နဲ့​အတူ နာ​ဇ​ရက်​မြို့​ကို ပြန်​ဆင်း​သွား​တယ်။ မိ​ဘ​စကား​ကို အမြဲနာ​ခံ​တယ်။+ သူ့​မိ​ခင်​က ဒါ​တွေ​အားလုံး​ကို စိတ်​ထဲ​မှာ အသေအချာ မှတ်​ထား​တယ်။+ ၅၂  ယေရှု​ဟာ ကာ​ယ​ဉာဏ နှစ်​တန်​စ​လုံး ကြီး​ထွား​ဖွံ့​ဖြိုး​လာ​တယ်။ ဘုရား​သခင်​ရှေ့၊ လူ​ရှေ့ မျက်​နှာ​သာ​ရ​တဲ့​သူ ဖြစ်​လာ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ရော​မဧ​က​ရာဇ်။”
မူ​ရင်း၊ “လူ​နေ​ထိုင်​ရာ မြေတစ်​ပြင်​လုံး​မှာ။”
ခက်​ဆစ်​ကို​ကြည့်။