လုကာ ၆:၁-၄၉

  • “ဥ​ပုသ်​နေ့​ရဲ့​သခင်” ယေရှု (၁-၅)

  • လက်​တစ်​ဖက်​သေနေ​သူ​ကို ကု​ပေး (၆-၁၁)

  • တမန်​တော် ၁၂ ယောက် (၁၂-၁၆)

  • ယေရှု သွန်သင်​ပေး၊ ကု​သပေး (၁၇-၁၉)

  • ပျော်​ရွှင်​ချမ်း​မြေ့ခြင်း၊ အဖြစ်​ဆိုး​ခြင်း (၂၀-၂၆)

  • ရန်​သူ​ကို ချစ်​ပါ (၂၇-၃၆)

  • ဝေ​ဖန်​အကဲ​ဖြတ်​တာ​တွေ မလုပ်​နဲ့​တော့ (၃၇-၄၂)

  • အသီး​ကို​ကြည့်​ပြီး အပင်​ကို သိ​နိုင် (၄၃-၄၅)

  • ခိုင်​ခိုင်​ခံ့​ခံ့​ဆောက်​တဲ့​အိမ်၊ အုတ်​မြစ်​မချဘဲ​ ဆောက်တဲ့အိမ် (၄၆-၄၉)

 ဥပုသ်​နေ့​တစ်​နေ့​မှာ လယ်​ကွက်​ထဲ ဖြတ်​လျှောက်​သွား​နေ​တုန်း ယေရှု​ရဲ့​တ​ပည့်တွေ​က ကောက်​နှံ​ကို ဆွတ်​ပြီး+ လက်​နဲ့​ပွတ်​စား​ကြ​တယ်။+ ၂  အဲ​ဒီ​အခါ ဖာ​ရိ​ရှဲ​တ​ချို့​က “ဥ​ပုသ်​နေ့​မှာ လုပ်​ခွင့်​မရှိ​တာ​ကို ဘာ​လို့ လုပ်​နေ​ကြ​တာ​လဲ”+ လို့​မေး​တော့၊ ၃  ယေရှု​က​ “ဒါဝိဒ်​နဲ့​သူ့​လူ​တွေ ဗိုက်​ဆာ​တဲ့​အခါ ဒါဝိဒ် ဘာ​လုပ်​ခဲ့​တယ်​ဆို​တာ ခင်​ဗျား​တို့ မဖတ်​ဖူး​ဘူး​လား။+ ၄  ဘုရား​သခင့်​အိမ်​တော်​ထဲ ဝင်​ပြီး ပု​ရော​ဟိတ်​တွေ​က​လွဲ​လို့ ဘယ်​သူ​မှ စား​ခွင့်​မရှိ​တဲ့ ရှေ့​တော်​မုန့်​ကို ရ​တဲ့​အခါ သူ​စား​တယ်။ သူ့​လူ​တွေ​ကို​လည်း ကျွေး​ခဲ့​တယ်”+ လို့​ပြော​ပြီး၊ ၅  “လူ​သား​ဟာ ဥ​ပုသ်​နေ့​ရဲ့​သခင်​ပဲ”+ လို့​ပြော​လိုက်​တယ်။ ၆  နောက်​ဥ​ပုသ်​တစ်​ရက်​မှာ+ ယေရှု​က တ​ရား​ဇ​ရပ်​ထဲ​ဝင်​ပြီး သွန်သင်​တယ်။ အဲဒီ​မှာ ညာ​လက်​သေနေ​သူ ရှိ​တယ်။+ ၇  ကျမ်း​တတ်​နဲ့​ဖာ​ရိ​ရှဲ​တွေ​က ယေရှု​ကို​စွပ်​စွဲ​ဖို့ အကြောင်း​ရှာ​ချင်​တာ​နဲ့ ဥ​ပုသ်​နေ့​မှာ အဲဒီ​လူ​ကို ကု​ပေး​မလား​ဆို​တာ မျက်​ခြည်​မပြတ် စောင့်​ကြည့်​နေ​တယ်။ ၈  သူတို့ ဘာ​တွေး​နေ​မှန်း ယေရှု​သိ​တဲ့​အတွက်+ လက်​တစ်​ဖက်​သေနေ​သူ​ကို “ထ​ပြီး ဒီ​အလယ်​မှာ လာရပ်​ပါ” လို့​ပြော​တော့ အဲဒီ​လူ​က လာရပ်​တယ်။ ၉  ဒါ​နဲ့ ယေရှု​က “ခင်​ဗျား​တို့​ကို ကျွန်​တော်​မေး​မယ်။ ဥ​ပုသ်​နေ့​မှာ ဘာ​လုပ်​သင့်​သလဲ။ ကောင်း​မှု​လား၊ မကောင်း​မှု​လား။ လူ့​အသက် ကယ်​တာ​လား၊ လူ့​အ​သက်​ သတ်​တာ​လား” လို့​မေး​တယ်။+ ၁၀  ပတ်​လည်​မှာ​ရှိ​နေ​တဲ့ လူ​အား​လုံး​ကို ကြည့်​ပြီး​နောက် အဲ​ဒီ​လူ​ကို “လက်​ဆန့်​လိုက်​ပါ” လို့​ပြော​တော့ သူ လက်​ဆန့်​လိုက်​တဲ့​အခါ အကောင်း​ပက​တိ ပြန်​ဖြစ်​သွား​တယ်။ ၁၁  အဲဒီ​အခါ ကျမ်း​တတ်​နဲ့ ဖာ​ရိ​ရှဲ​တွေ ဒေါသ​ပေါက်​ကွဲ​ပြီး ယေရှု​ကို ဘယ်​လို​လုပ်​ရင် ကောင်း​မလဲ​လို့ အချင်း​ချင်း တိုင်​ပင်​ကြ​တယ်။ ၁၂  တစ်​နေ့​မှာ ယေရှု​က ဆုတောင်း​ဖို့ တောင်​ပေါ်​ကို တက်​သွား​ပြီး+ ဘုရား​သခင်​ဆီ တစ်​ည​လုံး ဆု​တောင်း​တယ်။+ ၁၃  မနက်​မိုး​လင်း​တဲ့​အခါ တ​ပည့်တွေ​ကို ခေါ်​လိုက်​တယ်။ သူတို့​ထဲ​က ၁၂ ယောက်​ကို ရွေး​ပြီး တမန်​တော်တွေလို့ ခေါ်​တယ်။+ ၁၄  ပေတရုလို့ ယေရှု​နာ​မည်​ပေး​ထား​တဲ့ ရှိ​မုန်၊ သူ့​ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိ​လိပ္ပု၊+ ဗာ​သော​လ​မဲ၊ ၁၅  မဿဲ၊ သော​မ၊+ အာလ​ဖဲ​ရဲ့​သား ယာကုပ်၊ “စိတ်​ထက်​သန်​သူ” ရှိ​မုန်၊ ၁၆  ယာ​ကုပ်​ရဲ့​သား ယုဒ၊ နောက်​ပိုင်း​မှာ သစ္စာ​ဖောက်​သွား​တဲ့ ယုဒ​ရှ​ကာ​ရုတ်​တို့ ဖြစ်​တယ်။ ၁၇  ယေရှု​က သူတို့​နဲ့​အတူ တောင်​ပေါ်​က​နေ ဆင်း​လာ​ပြီး မြေပြန့်​ကို ရောက်​လာ​တယ်။ အဲဒီ​မှာ တ​ပည့်​အတော်​များ​များ ရှိ​နေ​တယ်။ ဂျေရု​ဆ​လင်​မြို့​နဲ့ ယုဒ​ပြည်​တစ်​ဝန်း၊ တိုင်​ရာ​နဲ့​ဆိုင်​ဒုန် ကမ်း​ရိုး​တန်း​ဒေ​သက​နေ တ​ရား​နာ​ချင်​လို့၊ ရော​ဂါ​ပျောက်​ချင်​လို့ ရောက်​လာ​သူ​တွေ​လည်း အများ​ကြီး​ရှိ​နေ​တယ်။ ၁၈  ယေရှု​က နတ်​ဆိုး နှောင့်​ယှက်​ခံ​ရ​သူ​တွေ​ကို​တောင် ကု​သပေး​တယ်။ ၁၉  သူ့​ဆီ​က​ထွက်​တဲ့ တန်ခိုး​ဟာ+ ရော​ဂါ​ပျောက်​ကင်း​စေ​တဲ့​အတွက် လူ​တွေ​က သူ့​ကို တို့ထိ​ခွင့်​ရ​ဖို့ ကြိုး​စား​ကြ​တယ်။ ၂၀  အဲဒီ​နောက်​ ယေရှု​က​ တပည့်​ တွေ​ကို လှမ်း​ကြည့်​ပြီး အခု​လို​ ပြော​တယ်– “နွမ်း​ပါး​သူတို့၊ ခင်​ဗျား​တို့​ဟာ ပျော်​ရွှင်​ချမ်း​မြေ့သူ​တွေ​ပဲ။ ဘုရား​သခင်​ရဲ့ နိုင်​ငံ​တော်​ဟာ ခင်​ဗျား​တို့​ရဲ့​နိုင်​ငံ ဖြစ်​လို့​ပါ။+ ၂၁  “အခု ဆာ​ငတ်​နေ​သူတို့၊ ခင်​ဗျား​တို့​ဟာ ပျော်​ရွှင်​ချမ်း​မြေ့သူ​တွေ​ပဲ။ ခင်​ဗျား​တို့ ဝ​ဝ​လင်​လင် စား​ရ​လိမ့်​မယ်။+ “အခု ငို​ကြွေး​နေ​သူတို့၊ ခင်​ဗျား​တို့​ဟာ ပျော်​ရွှင်​ချမ်း​မြေ့သူ​တွေ​ပဲ။ ခင်​ဗျား​တို့ ရယ်​မော​ရ​လိမ့်​မယ်။+ ၂၂  “လူ​သား​ကြောင့် လူ​တွေရဲ့​အ​မုန်း​ခံ​ရ၊+ အပယ်​ခံ​ရ၊+ ကဲ့​ရဲ့​ခံ​ရ၊ နာ​မည်​ဖျက်​ခံ​ရ​တဲ့​အခါ​တိုင်း ခင်​ဗျား​တို့ ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။ ၂၃  အဲဒီ​နေ့​ကျ​ရင် အား​ရ​ပါး​ရ ရွှင်​လန်း​ကြ​ပါ။ ကောင်း​ကင်​မှာ ခင်​ဗျား​တို့​ရ​မယ့်​ဆု​ဟာ​ကြီး​မြတ်တယ်။ သူတို့​ရဲ့​ဘိုး​ဘေး​တွေ​လည်း ပရော​ဖက်​တွေ​ကို အဲဒီ​လို​ပဲ လုပ်​ခဲ့​ကြ​တယ်။+ ၂၄  “ချမ်း​သာ​ကြွယ်​ဝ​သူတို့၊ အဖြစ်​ဆိုး​လိုက်​ကြ​တာ။+ ခင်​ဗျား​တို့​ဟာ စည်း​စိမ်​ကို အပြည့်​အဝ ခံစား​ပြီး​ပြီဖြစ်​လို့​ပဲ။+ ၂၅  “အခု ဝ​ဝ​လင်​လင် ဖြစ်​နေ​သူတို့၊ အဖြစ်​ဆိုး​လိုက်​ကြ​တာ။ ခင်​ဗျား​တို့ ဆာ​ငတ်​ရ​မှာ မို့လို့​ပဲ။ “အခု ရယ်​မော​နေ​သူတို့၊ အဖြစ်​ဆိုး​လိုက်​ကြ​တာ။ ခင်​ဗျား​တို့ ဝမ်း​နည်း​ပူဆွေး​ပြီး ငို​ကြွေး​ရ​မှာ မို့လို့​ပဲ။+ ၂၆  “လူ​တွေ ချီး​မွမ်း​နေ​ပြီဆို​ရင်​တော့+ ခင်​ဗျား​တို့ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ သူတို့​ရဲ့​ဘိုး​ဘေး​တွေ​ဟာ ပရော​ဖက်​အတု​အယောင်​တွေ​ကို အဲဒီ​လို​ပဲ ချီး​မွမ်း​ခဲ့​ကြ​တယ်။ ၂၇  “နား​ထောင်​နေ​တဲ့ ခင်​ဗျား​တို့​ကို ကျွန်​တော်​ပြော​မယ်။ ရန်​သူ​တွေ​ကို ချစ်​မြဲချစ်​ပါ။ ကိုယ့်​ကို မုန်း​တဲ့​သူ​တွေ​ကို အမြဲကောင်း​မှု​ပြု​ပါ။+ ၂၈  ကိုယ့်​ကို ကျိန်​ဆဲ​သူ​တွေ​အတွက် အမြဲ ကောင်း​ချီး​တောင်း​ခံ​ပေး​ပါ။ ကိုယ့်​ကို စော်​ကား​သူ​တွေ​အတွက် အမြဲဆုတောင်း​ပေး​ပါ။+ ၂၉  ကိုယ့်​ရဲ့​ ပါး​တစ်​ဖက်​ကို လာ​ရိုက်​ရင် နောက်​ပါး​တစ်​ဖက်​ကို​လည်း လှည့်​ပေး​လိုက်​ပါ။ အပေါ်ဝတ်ရုံ​ သိမ်း​တဲ့​သူကို အတွင်း​အင်္ကျီ​ပါ ပေး​လိုက်​ပါ။+ ၃၀  တောင်း​ခံ​သူ​တိုင်း​ကို ပေး​ပါ။+ ကိုယ့်​ပစ္စည်း​ကို ယူ​သွား​ရင် ပြန်​မတောင်း​နဲ့​တော့။ ၃၁  “ကိုယ့်​ကို  ပြု​မူ​ဆက်ဆံ​စေ​ချင်တဲ့အတိုင်း သူ​တစ်ပါး​ကို ပြု​မူ​ဆက်ဆံပါ။+ ၃၂  “ကိုယ့်​ကို မေတ္တာ​ထား​သူ​တွေ​ကို​ပဲ မေတ္တာ​ထား​ရင် ဘာ​ထူး​ခြား​လို့​လဲ။ အပြစ်​သား​တွေ​တောင် ကိုယ့်​အပေါ် မေတ္တာ​ထား​သူ​ကို မေတ္တာ​ပြန်​ထား​တတ်​တာ​ပဲ။+ ၃၃  ကိုယ့်​ကို ကျေး​ဇူး​ပြု​သူ​တွေ​ကို​ပဲ ကျေး​ဇူး​ပြု​မယ်​ဆို​ရင် ဘာ​ထူး​ခြား​လို့​လဲ။ အပြစ်​သား​တွေ​တောင် အဲဒီ​လို​လုပ်​တတ်​တာ​ပဲ။ ၃၄  ပြန်​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​နဲ့ ချေး​ငှား​ပေး​ရင် ဘာ​ထူး​ခြား​လို့​လဲ။+ အပြစ်​သား​တွေ​တောင် ကျေး​ဇူး​ဆပ်​ခံ​ချင်​လို့ အချင်း​ချင်း ချေး​ငှား​တတ်​တာ​ပဲ။ ၃၅  ခင်​ဗျား​တို့​က​တော့ ရန်​သူ​တွေ​ကို မေတ္တာ​ထား​မြဲထား​ပါ။ အမြဲကောင်း​မှု​ပြု​ပါ။ ပြန်​ရ​မယ်​လို့ မမျှော်​လင့်​ဘဲ အမြဲချေး​ငှား​ပေး​ပါ။+ အဲဒီ​လို​လုပ်​ရင် ခင်​ဗျား​တို့​ရ​မယ့်​ ဆု​ဟာ ကြီးမြတ်​လိမ့်​မယ်။ အမြင့်မြတ်​ဆုံး​အရှင်​ရဲ့ သား​တွေ ဖြစ်​လိမ့်​မယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ ဘုရား​က ကျေး​ဇူး​မသိ​တတ်​သူ​တွေ၊ လူ​ဆိုး​တွေ​ကို ကျေး​ဇူး​ပြု​တဲ့​အရှင် ဖြစ်​လို့​ပဲ။+ ၃၆  အဖဘုရား​ဟာ သနား​ကြင်နာ​တတ်​သလို ခင်ဗျား​တို့​လည်း အမြဲသနား​ကြင်နာ​ကြပါ။+ ၃၇  “သူ​တစ်ပါး​ကို ဝေ​ဖန်​အကဲ​ဖြတ်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့။ ဒါ​မှ ကိုယ်​တိုင် အကဲ​ဖြတ်​ခံ​ရ​တော့​မှာ မဟုတ်​ဘူး။+ သူ​တစ်ပါး​ကို အပြစ်​တင်​တာ​မျိုး မလုပ်​ပါ​နဲ့​တော့။ ဒါ​မှ ကိုယ်​တိုင် အပြစ်​တင်​ခံ​ရ​တော့​မှာ မဟုတ်​ဘူး။ အမြဲခွင့်​လွှတ်​ပါ။ ဒါ​မှ ကိုယ်​တိုင် ခွင့်​လွှတ်​ခံ​ရ​လိမ့်​မယ်။+ ၃၈  ပေး​ကမ်း​တတ်​တဲ့​အကျင့် လုပ်​ပါ။ ခင်​ဗျား​တို့​ကို ပြန်​ပေး​ကမ်း​ကြ​လိမ့်​မယ်။+ ခင်​ဗျား​တို့​ရဲ့ အင်္ကျီ​အိတ်​ထဲ ရက်ရက်ရောရော ထည့်​ပေး​ရုံ​မက ဖိ​သိပ်​လှုပ်​ခါ​ပြီး ပြည့်​လျှံ​နေ​အောင် ပေး​ကြ​လိမ့်​မယ်။ ကိုယ်​ချိန်​ပေး​လိုက်​တဲ့ ပမာ​ဏ​အတိုင်း ပြန်​ရ​မှာ​ဖြစ်​လို့​ပဲ။” ၃၉  အဲဒီ​နောက် ယေရှု​က ပုံ​ဥပမာ​ပေး​ပြီး အခု​လို​ပြော​တယ်– “မျက်​မမြင်​ အချင်း​ချင်း လမ်း​ပြနိုင်​သလား။ လမ်း​ပြရင် နှစ်​ယောက်​စ​လုံး တွင်း​ထဲကျ​မှာ​ပေါ့။+ ၄၀  တ​ပည့်​ဟာ ဆ​ရာ​ထက် မသာ​နိုင်​ဘူး။ ဒါ​ပေမဲ့ အပြည့်​အဝ​ သွန်​သင်​ခံ​ရ​သူ​တိုင်း ဆ​ရာ​လို​ဖြစ်​နိုင်​တယ်။ ၄၁  ကိုယ့်​မျက်​စိ​ထဲ​မှာ သစ်​သား​ချောင်း​ ခံ​နေ​တာ​ကို သတိ​မထား​ဘဲ​နဲ့ ညီ​အစ်​ကို​ရဲ့​မျက်​စိ​ထဲ​က သစ်​စ​လေး​ကို​ပဲ ဘာ​လို့ ကြည့်​နေ​တာ​လဲ။+ ၄၂  ကိုယ့်​မျက်​စိ​ထဲ​က သစ်​သားချောင်း​ကို​ မမြင်​ဘဲ ညီ​အစ်​ကို​ကို ‘မင်း​ရဲ့​မျက်​စိ​ထဲ​က သစ်​စ​လေး ထုတ်​ပေး​ပါ​ရ​စေ’ လို့ ဘယ်​လို​လုပ် ပြော​နိုင်​မှာ​လဲ။ သူ​တော်​ကောင်း​ယောင်​ဆောင်​သူတို့၊ ကိုယ့်​မျက်​စိ​ထဲ​က သစ်​သားချောင်း​ကို အရင် ထုတ်​လိုက်​ပါ​ဦး။ ဒါ​မှ ရှင်း​ရှင်း​လင်း​လင်း မြင်​ရ​ပြီး ညီ​အစ်​ကို​ရဲ့​မျက်​စိ​ထဲ​က သစ်​စ​လေး​ကို ထုတ်​ပေး​နိုင်​မှာ​ပေါ့။ ၄၃  “ကောင်း​တဲ့​အပင်​မှာ မကောင်း​တဲ့​အသီး မသီး​ဘူး။ မကောင်း​တဲ့​အပင်​မှာ​လည်း ကောင်း​တဲ့​အသီး မသီး​ဘူး။+ ၄၄  အသီး​ကို​ကြည့်​ပြီး အပင်​ကို​ သိ​နိုင်​တယ်။+ ဆူး​ပင်​က​နေ သဖန်း​သီး​ခူး​လို့ မရ​ဘူး။ ချုံ​ပင်​က​နေ စ​ပျစ်​သီး​ခူး​လို့ မရ​ဘူး။ ၄၅  ကောင်း​တဲ့​လူ​ဟာ သူ့​စိတ်​ထဲ​က ကောင်း​တဲ့​အရာတွေ​ကို ထုတ်​ပေး​တတ်​တယ်။ ဆိုး​ညစ်​သူ​က​တော့ သူ့​စိတ်​ထဲ​က မကောင်း​တဲ့​အရာ​ကို​ပဲ ထုတ်​ပေး​တတ်​တယ်။ စိတ်​ထဲ​ရှိ​သမျှ နှုတ်​က​နေ ထွက်​လာ​တတ်​လို့​ပဲ။+ ၄၆  “ကျွန်​တော်​ပြော​တဲ့​အတိုင်း မလုပ်​ဘဲ​နဲ့ ဘာ​လို့ ကျွန်​တော့်​ကို ‘သခင်၊ သခင်’ လို့​ခေါ်​ကြ​တာ​လဲ။+ ၄၇  ကျွန်​တော့်​ဆီ လာ၊ ကျွန်​တော်​ပြော​သမျှ​ကို နား​ထောင်​ပြီး လက်​တွေ့​ကျင့်​တဲ့​သူ​ဟာ ဘယ်​သူ​နဲ့​တူ​သလဲ​ဆို​တော့–+ ၄၈  အိမ်​ဆောက်​တဲ့​အခါ နက်​နက်​တူး​ပြီး ကျောက်​သား​ပေါ်​မှာ အုတ်​မြစ်​ချ​တဲ့​သူ​နဲ့ တူ​တယ်။ ရေ​ကြီး​တဲ့​အခါ မြစ်​ရေ​က အဲဒီ​အိမ်​ကို ရိုက်​ခတ်​ပေမဲ့ ခိုင်​ခိုင်​ခံ့​ခံ့ တည်​ဆောက်​ထား​တာ​ဖြစ်​လို့ အိမ်​ဟာ မယိုင်​ဘူး။+ ၄၉  ကျွန်​တော်​ပြော​တာ​ကို ကြား​ပေမဲ့ လက်​တွေ့​မကျင့်​သူ​က​တော့+ အုတ်​မြစ်​မချ​ဘဲ မြေပေါ်​မှာ အိမ်​ဆောက်​တဲ့​သူ​နဲ့ တူ​တယ်။ မြစ်​ရေ​တက်​ပြီး ရိုက်​ခတ်​လာ​တဲ့​အခါ အိမ်​ဟာ ချက်​ချင်း​ပြို​လဲ​ပြီး လုံး​ဝ​ပျက်​စီး​သွားတယ်။”

အောက်ခြေမှတ်ချက်များ